ဒစ်ဂျစ်တယ်စီးပွားရေး

ဒစ်ဂျစ်တယ်စီးပွားရေး

*ဒီလို လုပ်နေကျပဲလေ* ဆိုတဲ့ ပြောနေကျစကားကို ကျနော်တို့ဆက် ပြောနေဦးမှာလား။ ဒါဆိုရင်တော့ ဒစ်ဂျစ်တယ် စီးပွားရေး မှာ နောက်က ကျန်နေခဲ့မှာ သေချာနေပါပြီ။

ဒစ်ဂျစ်တယ်စီးပွားရေး (Digital Economy) ဆိုတာ ဘာလဲ
ဒစ်ဂျစ်တယ် စီးပွားရေးဆိုတာ အလွယ်တော့ Digital Computer Information and Communication Technology ကို အခြေခံတဲ့ စီးပွားရေးလို့ ဆိုပါတယ်။ အလွယ်ပြောရရင်တော့ ဂဏန်းပေါင်းစက်လို ဒစ်ဂျစ်တယ် စက်ကလေးမျိုးတွေက အစ ကွန်ပျူတာ၊ မိုဘိုင်းဖုန်း၊စမတ်ဖုန်း များ အလယ်၊ အဲဒါတွေအားလုံးကို ချိတ်ဆက်ပေးတဲ့ အင်တာနက်နဲ့ ဖေ့စ်ဘွတ်လို ဗိုင်ဘာလို apps တွေ အဆုံး ပါဝင်ပါတယ်။ ဒါအပြင် ထိတွေ့ လို့ မရတဲ့ ဥပဒေ စည်းမျဉ်းတွေ၊ စံနှုန်းတွေ၊ နည်းပညာတွေပါ ပါဝင်ပါတယ်။ အရင်က ဒစ်ဂျစ်တယ်ဆိုတာ စီးပွားရေးရဲ့ အစိတ်အပိုင်းတစ်ခုသာ ဖြစ်ပေမယ့် အခုကစလို့ ရှေ့ လျှောက်မှာတော့ အရာရာ ဒီဂျစ်တယ် နဲ့ မလွတ်ကင်းနိုင်တဲ ခေတ်ကြီးမှာ ဒစ်ဂျစ်တယ် ကိုယ်တိုင်က ပင်မ စီးပွားရေး ဖြစ်လာနေပါပြီ။

အပြောင်းအလဲမြန်တဲ့ ဒီကမ္ဘာ
ကျနော်တို့ ရင်းနှီးခဲ့ဘူးတဲ့ Brand တွေဖြစ်တဲ့ Kodak, Nokia, BlackBerry အစရှိတာတွေ မျက်စိရှေ့ မှာတင် မှေးမှိန်ပျောက်ကွယ်သွားခဲ့ကြတယ်။ ဖလင်ကူးဆေးတယ်ဆိုတဲ့ ဆိုင်တွေ ပျောက်ကွယ်သွားခဲ့တယ်။ သူတို့ရဲ့ ပစ္စည်းတွေ အရည်အသွေး မမှီလို့ မဟုတ်ခဲ့ဘူး။ အခုကျနော်တို့သုံးနေကြတဲ့ Brand တွေ၊ ဝန်ဆောင်မှုတွေ၊ အသုံးအဆောင်တွေဟာ လွန်ခဲ့တဲ့ ငါးနှစ်က မကြားဘူးခဲ့တာတွေ အများစုပဲ။
Facebook, Google, 3G, Viber, Visa, MasterCard, Smart Watch, Drone, YouTube, Uber, Grab, စတာတွေဟာ ကျနော်တို့တွေ အတွက် အသစ်ဖြစ်ယုံတင်မက အတော်များများကကမ္ဘာကြီးအတွက်တောင် အသစ်တွေပါ။

အရင်က ခေတ်ရေစီးကြောင်းတစ်ခု တစ်နေရာကနေ တစ်နေရာ စီးဆင်းသွားဖို့ နှစ်၊ လ ချီအောင်ကြာခဲ့တယ်။ ရုပ်ရှင်တွေ၊ ဂီတတွေ၊ မဂ္ဂဇင်းတွေ၊ တီဗွီတွေက တဆင့် အချိန်တစ်ခု ယူပြီးမှ ပင်မရေစီးကြောင်းထဲ စီးဝင်ကြတယ်။ အခုဆို အင်တာနက် လှုမှုဆက်ဆံရေးကွန်ယက်တွေကတဆင့် ချက်ချင်း စီးဆင်းပြန့်နှံ့တယ်။ Dab ဆိုရင် Dab၊ PPAP ဆိုလဲ PPAP၊ စီးဆင်းနှုန်းက အင်မတန်မြန်လာတယ်။ ဒါကြောင့် ကမ္ဘာတစ်ဝှန်းမှာ ပြောင်းလဲနေတာတွေဟာ ချက်ချင်းဆိုသလို ကိုယ်ရှေ့ကို ရောက်လာတော့မယ်။ မနေ့က ဆိုတာ တော်တော်ဝေးသွားပြီး မနက်ဖြန်ဆိုတာ အရမ်းနီးလာတယ်။

ဘာတွေလာမလဲ… ဘယ်အလုပ်တွေ ပျောက်ကွယ်သွားမလဲ

Drone
အခုလောလောဆယ် အပျော်ပျံသန်းဖို့နဲ့ ကောင်းကင်ဓါတ်ပုံရိုက်ဖို့ သုံးနေကြတဲ့ Drone တွေဟာ Logistic အပြင် အခြား မဆုံးနိုင်တဲ့ အသုံးတွေ ရှိနေပါတယ်။ အခုသုံးနေတဲ့ ဓါတ်ပုံနဲ့ဗွီဒီယို ရိုက်ကူးရေးမှာတောင် အရင်ကနဲ့ မတူတဲ့ Dimension နဲ့ Space ကို ဖေါက်ထွက်လာခဲ့တာ သက်သေအနေနဲ့ တွေ့ နိုင်ပါတယ်။ ပျောက်ကွယ်တော့မယ့်အလုပ်က ပစ္စည်းသယ်ပို့ပေးသူ (Delivery Man)

AR (Augmented )
AR ကတော့ အပြင်မှာရှိတာနဲ့ ဖန်တီးထားတာကို ပေါင်းစပ်ထားတာပါ။ ဥပမာ မန္တလေးကျုံးရှေ့ ရောက်လို့ ကိုယ်ရဲ့ စမတ်ဖုန်းထဲက ကြည့်လိုက်တဲ အခါ ကျုံးရဲ့ အခေါ်အဝေါ်ဖြစ်တဲ့ ပြအိုးဆိုတာဘာ ပြစ္စင်ဆိုတာဘာလို့အပြင်က မြင်ရတာနဲ့ ဖြည့်စွက်ယှဉ်တွဲ ဖေါ်ပြတာပဲ ဖြစ်ပါတယ်။ Pokemon Go ဂိမ်းဟာ အမြင်သာဆုံး AR ပစ္စည်းတစ်ခုပါ။

VR (Virtual Reality)
VR ကတော့ အပြင်မှာ မရှိတာကို ကွန်ပျူတာနည်းပညာနဲ့ ဖန်တီးထားတာမျိုးပါ။ ဥပမာ မင်းတုန်းမင်းလက်ထက်က မင်းခမ်းမင်းနားကို ကွန်ပျူတာနည်းပညာနဲ့ ဖန်တီးပြီး 3D အနေနဲ့ ကြည့်ရတာမျိုးပေါ့။ PlayStation VR (Photo via Wikimedia Commons under the Creative Commons license.) AR နဲ့ VR ဟာ နေရာတော်တော်များများမှာ တွဲသုံးလေ့ ရှိပါတယ်။ ဥပမာ မန္တလေးကျုံးရှေ့ ရောက်လို့ ကိုယ်ရဲ့ စမတ်ဖုန်းထဲကကြည့်လိုက်တာနဲ့ အခုလက်ရှိ ကျုံးနောက်ခံမှာ မင်းတုန်းမင်းလက်ထက်က မင်းခမ်းမင်းနားကို မြင်ရသလို ဖန်တီးနိုင်ပါတယ်။ Iron Cross က ဆရာစောဘွဲ့ မှူးနဲ့ ရောဂါသီချင်း တွဲဆိုတဲ့ ပုံစံမျိုးပေါ့။ ပျောက်ကွယ်တော့မယ့်အလုပ်… ခရီးသွားလမ်းညွှန် (Tourguide)

IoT
Internet of Things လို့ ခေါ်တဲ့ အင်တာနက်နဲ့ ချိတ်ဆက်ထားတဲ့ အသုံးအဆောင်ပစ္စည်းများဟာလဲ တွင်ကျယ်လာနေပြီ ဖြစ်ပါတယ်။ အိမ်တစ်လုံးရဲ့ စွမ်းအင်အသုံးကို စောင့်ကြည့်ပြီး အလိုအလျောက်ထိန်းညှိသတင်းပို့သွားတဲ့ စနစ်မျိုးကနေ ကားတစ်စီးရဲ့ အခြေအနေကို ယာဉ်ကြောင်းထိန်းသိမ်းမှု စနစ်တွေနဲ့ ချိတ်ဆက်တဲ့ အထိ လုပ်နေကြပါပြီ။

Wearable
Apple Watch, Samsung Gear, Fitbit စတာတွေဟာ လွယ်လင့်တကူရနိုင်တဲ့ wearable တွေပါ။ မကြာခင် ကိုယ်ရဲ့ ကျန်းမာရေးအချက်အလက်တွေကို သက်ဆိုင်ရာ ကျန်းမာရေး ဝန်ဆောင်မှုလုပ်ငန်းတွေကို အချိန်နဲ့ တစ်ပြေးညီ ပေးပို့နိုင်တော့မှာပါ။

Artificial Intelligence
Messenger Bot လို့ခေါ်တဲ့ Facebook Messenger ထဲက အလိုအလျောက်ဖြေပေးတဲ့ Chat Bot တွေ၊ *iPhone ထဲက Siri* *Amazon ရဲ့ Echo* *Google ရဲ့ Home* ဒါတွေအားလုံးဟာ ဈေးကွက်ထဲမှာ ရှိနေတဲ့ AI Products တွေပဲ ဖြစ်ပါတယ်။ ပျောက်ကွယ်တော့မယ့်အလုပ်… Call Center, Customer Service, Direct Sales

Autonomous Car
ဒရိုင်ဘာမလိုပဲ အလိုအလျောက်မောင်းနှင်တဲ့ကားက စမ်းသပ်ကွင်းထဲမှာ မဟုတ်ဘဲ လမ်းပေါ်ကို ရောက်ရှိလို့တောင်နေပါပြီ။ စင်ကာပူနိုင်ငံမှာ 2016 ခုနှစ် သြဂုတ်လက စတင်ပြီး အများပြည်သူသုံး လမ်းမပေါ်မှာ Taxi အနေနဲ့ စမ်းသပ်မောင်းနှင်နေပြီ ဖြစ်ပါတယ်။ ပျောက်ကွယ်တော့မယ့်အလုပ်… ယာဉ်မောင်း၊ တက္ကစီသမား

Blockchain
Blockchain နည်းပညာကတော့ Digital Economy အတွက် အရေးကြီးဆုံး အခြေခံ နည်းပညာ Ecosystem တစ်ခုဖြစ်လာခဲ့ပါပြီ။ Internet ကို Democratization of Information သတင်းအချက်အလက်များကို အများလက်သို့ အပ်နှံခြင်းလို့ ခေါ်ပြီးတဲ့နောက် Blockchain ကိုတော့ Democratization of Trust လို့ ယုံကြည်မှုများကို အများလက်သို့ အပ်နှံခြင်းလို ခေါ်တွင်တဲ့ အထိ အရေးပါပါတယ်။

Cryptocurrency
Blockchain နည်းပညာကို အခြေခံပြီးတော့ ငွေကြေးနဲ့ တန်ဖိုးစနစ်တစ်ခုလုံးကို ပြောင်းလဲလိုက်တာကတော့ Crytocurrency ပါပဲ။ Bitcoin ကတော့ အများဆုံးအသုံးပြုတဲ့ Crytocurrency အနေနဲ့ လူသိအများဆုံးဖြစ်ပြီး လောလောဆယ်မှ စုစုပေါင်းဈေးကွက် တန်ဖိုး အမေရိကန် ဒေါ်လာ ဘီလီယံ ၉၀ ရှိနေပါပြီ။ ပျောက်ကွယ်တော့မယ့်အလုပ်… ဘဏ်အခြေခံစာရင်းဝန်ထမ်းများ၊ underwriters များ၊ Insurance Agent များ

Credit: Sayar Nyein Chan Soe Win

Post Author: Kanaung