သဘာဝနည်းနဲ့ သင့်ဆံနွယ်တွေကို အရှည်မြန်စေဖို့

သဘာဝနည်းနဲ့ သင့်ဆံနွယ်တွေကို အရှည်မြန်စေဖို့

မိန်းမတို့ ဘုန်းဆံထုံး ဆိုတဲ့ စကားဟာ ရှေးကျခဲ့ပြီ လို့ဆိုသော်ငြားလဲ ယနေ့ခေတ်လို အလှအပခေတ်ကြီးမှာ သန်စွမ်းတဲ့ ဆံနွယ်လေးတွေရှိနေတာက လာဘ်တစ်ပါးပဲဖြစ်ပါတယ်။ ဆံနွယ်တွေကို ပိုပြီး ရှည်လာအောင်နဲ့ သန်စွမ်းလာအောင်လို့ ဆေးအမျိုးမျိုး ပေါ်လာကြပေမယ့် အကောင်းဆုံးကတော့ သဘာဝနည်းလမ်းတွေက အန္တာရာယ်အကင်းဆုံးဖြစ်ပါတယ်။ အခုဖော်ပြမယ့် နည်းလမ်းတွေကတော့ ဆံနွယ်တွေ အရှည်နှေးနေတယ်လို့ ထင်နေကြတဲ့ အမျိုးသမီးတွေ အတွက် သဘာဝနည်းလမ်းလေးတွေနဲ့ ဆံပင်အရှည်မြန်အောင် လုပ်မယ့် နည်းလမ်းလေးတွေ ဖြစ်ပါတယ်။

 

အစာစားပါ

အလှအပအတွက် အစာရှောင်နေတဲ့အချိန်၊ အစာကောင်းကောင်းမွန်မွန်မစားတာတွေက သင့်ခါးဗိုက်ပိုင်းတင် မဟုတ်ဘဲ သင့်ဆံနွယ်တွေကိုပါ ထိခိုက်နေတယ်ဆိုတာ သတိထားမိပါသလား။ ဆံနွယ်တွေကလဲ အခြားကိုယ်ခန္ဒာအစိတ်အပိုင်းများနည်းတူ အာဟာရနဲ့ အဆီဓါတ်တွေ လိုအပ်ပါတယ်။ ဒါကြောင့်မို့ အစာမစားဘဲနေခြင်းက ဆံနွယ်တွေကို အရှည်နှေးစေနေတာဖြစ်ပါတယ်။ ဒါကြောင့် သင့်တော်တဲ့ အစာမျှမျှတတ ပြန်စားဖို့နဲ့ သကြားတွေကို ရှောင်ကြဉ်စားသောက်သင့်ပါတယ်။

 

အုန်းဆီသုံးပါ

အုန်းဆီဟာ ဆံပင်အတွက်တော့ ဘုရားကပေးတဲ့ အကောင်းဆုံးအဆီတစ်မျိုးပါ။ တခြားဆီတွေနဲ့ မတူဘဲ အုန်းဆီမှာ ဆံပင်တွေလိုအပ်တဲ့ အာဟာရတွေ သီးသန့်ပါဝင်နေလို့ပါ။ မသန့်စင်ထားတဲ့ အုန်းဆီ (ရိုးရိုးအုန်းဆီ အာဟာရတွေ ပိုပါသည်) ကို အနည်းငယ်အပူပေးပြီး မိမိလက်တွေနဲ့ ဆံနွယ်တစ်လျှောက်လုံးကို စိုစွတ်လာတဲ့အထိ ပွတ်တိုက်ပေးပါ။ မိနစ် ၂၀ ခန့်ထားပြီးတော့ ရိုးရိုးရေနဲ့ပဲ ဆေးချပေးခြင်းဖြင့် ဆံပင်ကို အရှည်မြန်စေရုံမက ဗောက်နဲ့ ဆံပင်ကျွတ်တာ၊ ဦးရေပြားခြောက်တာတွေကိုပါ သိသာစွာ ပြောင်းလဲစေပါတယ်။ တစ်ပါတ်ကို တစ်ကြိမ်ခန့်ပြုလုပ်ပေးပါ။

 

သဘာဝခေါင်းလျှော်ရည်တွေ ပြောင်းသုံးပါ

တီဗွီမှာ ကြော်ငြာတဲ့ ခေါင်းလျှော်ရည်တွေချည်း သင်သုံးနေတယ်ဆိုရင်တော့ သင့်ဆံသားဟာ ကြိမ်းသေထိခိုက်နေပါပြီ။ ခေါင်းလျှော်ရည် အသင့်သုံးဗူးတွေမှာ ပြင်းထန်တဲ့ ဓါတုပစ္စည်းအမျိုးပေါင်း ၂၀ ကျော်ခန့်ပါဝင်နေပြီး ဆံသားတွေကို ထိခိုက်စေနိင်ပါတယ်။ Parabens နဲ့ Phthalates တို့လို ခေါင်းလျှော်ရည်မှာ ပါဝင်တဲ့ ဓါတုပစ္စည်းတွေကြောင့် ဟော်မုန်းမညီမျှမှုတွေကိုပါ ဖြစ်စေနိုင်ပြီး ဆံပင်ပေါက်မှုနဲ့ ရှည်လျားနှုန်းတွေကို ထိခိုက်စေနိုင်ပါတယ်။

 

ဗီတာမင်စီ စားသုံးပါ

ဗီတာမင်စီဟာ အခြားနေရာတွေမှာသာမက ဆံသားအတွက်လဲ အကျိုးပြုစေပါတယ်။ အားဖြည့်ဆေးဝါးတွေထက်စာရင် သဘာဝ ဗီတာမင်စီ ကြွယ်ဝတဲ့ ငရုတ်သီး၊ ကီဝီသီး၊ စတော်ဘယ်ရီ၊ ပန်းဂေါ်ဖီစိမ်းနဲ့ သုံပရာသီးတွေစားသုံးပေးသင့်ပါတယ်။

 

ဘီ စားပါ

ဗီတာမင် ဘီမှာ ဆံပင်အတွက်အကျိုးပြုတဲ့ ပစ္စည်းတွေအများကြီးပါဝင်ပါတယ်။ “ဘိုင်အိုတင်” လို့ခေါ်တဲ့ ဘီတာမင် ဘီ၇ ဟာ ဆံပင်နဲ့ လက်သည်းခြေသည်းတွေကို အများကြီးအကျိုးပြုပါတယ်။ အဲဒီ ဘိုင်အိုတင် အများဆုံး အစားအစာကတော့ ကြက်ဥအနှစ်ဖြစ်ပြီး တွေ့ရှိသမျှထဲမှာ ဘိုင်အိုတင်အများဆုံးပါဝင်တဲ့ အစားအစာတစ်ခုဖြစ်ပါတယ်။

 

ရေဓါတ်ဖြည့်တင်းပါ

သင်ရေလုံလောက်အောင် သောက်ရဲ့လား၊ အထူးသဖြင့် နေပူထဲသွားတဲ့အခါမှာ ဆံသားတွေက အထိခိုက်ဆုံးဖြစ်ပါတယ်။ ဆံသားတွေနဲ့ ဦးရေပြားတွေ ခြောက်သွေ့တာတွေ အချိန်ခဏလေးအတွင်းခံစားနေရတဲ့အတွက် ရေဓါတ်ကို ပြန်လည်ဖြည့်တင်းပေးဖို့ လိုအပ်လာပါတယ်။ ဒါကြောင့် ရေကိုလုံလောက်အောင် သောက်သုံးပေးဖို့ လိုပါတယ်။ တစ်နေ့ကို လူတစ်ယောက်က အနည်းဆုံး ရေ ၄ လီတာ လိုပါတယ်။

 

နှိပ်နယ်ပေးပါ

ရေချိုးတဲ့အချိန်၊ အုန်းဆီနဲ့ လိမ်းပြီးတဲ့အချိန်မှာ ဦးရေပြားကို ညင်သာစွာ နှိပ်နယ်ပေးရပါမယ်။ နှိပ်တယ်ဆိုတဲ့အခါမှာလဲ တခြားနေရာတွေကို နှိပ်သလို မဟုတ်ဘဲ လက်ချောင်းထိပ်လေးတွေနဲ့ ဦးရေပြားကို ပေါက်ပေးရမှာဖြစ်ပါတယ်။ အားအများကြီး မထည့်ပါနဲ့။ ဦးခေါင်းတစ်ခုလုံးအနှံ့ ၅ မိနစ်လောက် နှိပ်နယ်ပေးရင် လုံလောက်ပါပြီ။

 

မောင်စိုင်း (ကနောင်) 

Post Author: Ko Sai