“ကိုယ်သာနာစေ စိတ်မနာစေနဲ့”

“ကိုယ်သာနာစေ စိတ်မနာစေနဲ့”

ဘုရားလက်ထက်ကနကုလပီတာနဲ့ နကုလမာတာ ဆိုတဲ့ဒကာကြီး ဒကာမကြီး နှစ်ယောက်ရှိတယ်။သူတို့က ဘုရားကို သိပ်ချစ်တယ်။ဘုရားနဲ့လည်း အရင်ဘ၀ဘ၀တွေကတော်တော်များများ ဘ၀ပေါင်းများစွာသားအမိ သားအဖတော်ခဲ့ဖူးတာကိုး။

စာထဲကအတိုင်းဆိုရင်နကုလမာတာနဲ့ နကုလပီတာ နှစ်ဦးစလုံးကိုတပြိုင်နက် အမေအဖေတော်ခဲ့ရတဲ့ဘ၀တွေကလည်း ငါးရားနီးပါးလောက်ရှိတယ်တဲ့။နကုလပီတာက အခြားသူတစ်ဦးဦးနဲ့အိမ်ထောင်ကျလို့ သူ.ကိုပဲ အဖေတော်ခဲ့ရတဲ့ဘ၀တွေကလည်း ငါးရားနီးပါးလောက်ရှိတယ်တဲ့။

နာကုလမာတာကလည်းအခြားခင်ပွန်းတစ်ဦးဦးနဲ့ အိမ်ထောင်ကျလို့သူ့ကို အမေတော်ခဲ့ရတဲ့ ဘ၀တွေကလည်းငါးရာလောက်ရှိတယ်တဲ့။ဘ၀ပေါင်းများစွာအမေအဖေတော်ခဲ့ရတယ်ဆိုတော့နကုလပီတာနဲ့ နကုလမာတာဟာမြတ်စွာဘုရားကို တွေ့ တွေ့ ချင်းသားလိုပဲ အလွန်ချစ်တယ်။

ဘ၀ဘ၀ကချစ်ခဲ့တဲ့အရှိန်အဟုန်က မကုန်နိုင်ပဲကိုး။ဒါ တကယ်ပဲဖြစ်တတ်တယ်။ဘုရားကိုတွေ့ လိုက်ရင်သူတို့ က သားလို့ ပဲခေါ်တယ်။။ဒါကိုတချို့ ရဟန်းတွေကကြားတော့မြတ်စွာဘုရားရဲ့ ခမည်းတော်နဲ့ မယ်တော်တို့ ဟာ သုဒ္ဓေါဓနမင်းကြီးနဲ့မယ်တော်မာယာလို့ ကြားဖူးတာပဲ။

အခုဒီဒကာကြီးနဲ့ ဒကာမကြီးတွေကဘုရားကိုတွေ.တော့သားလို့ ခေါ်နေတာ ဘာကြောင့်လဲလို့မြတ်စွာဘုရားကို မေးလျှောက်တော့မြတ်စွာဘုရားက ရှင်းပြတယ်။ဘ၀ပေါင်းများစွာ သားအမိ သားအဖတော်ခဲ့ရတဲ့ သူတွေမလို့  ယခုဘ၀မှာလည်း တကယ့်မိဘရင်းမဟတ်သော်လည်းပဲမိဘအရင်းလိုပဲတဲ့။

တစ်နေ့တော့ နကုလပီတာဆိုတဲ့ ဒကာကြီးကမြတ်စွာဘုရားကို ဖူးဖို့ဆိုပြီးတော့ ကျောင်းကိုလာတယ်။ ရောက်တဲ့အခါကျတော့ ဘုရားကိုလျှောက်တယ်။” မြတ်စွာဘုရား တပည့်တော် နေ့တိုင်းပဲ မြတ်စွာဘုရားကိုဖူးချင်ပါတယ်။သံဃာတော်တွေကိုလည်း နေ့တိုင်းပဲဖူးချင်ပါတယ်။”

“ဒါပေမယ့် အသက်က ကြီးပြီဘုရား။အသက်ကကြီးတော့ ခန္ဓာကိုယ်ကအခုတစ်မျိုး တော်ကြာတစ်မျိုးခဏခဏအပြောင်းအလဲတွေဖြစ်တယ်။အခုနေကောင်းပေမယ့် တော်တော်ကြာနေမကောင်းပြန်ဘူး။ နေ့စဉ်လာချင်ပေမယ့်လာလို့မရပါဘူးဘုရား”တဲ့။

အဲတော့ မြတ်စွာဘုရားက ပြန်အမိန့်ရှိတယ်။”တမဟုတ်လောက်များ ကိုယ့်ကိုယ်ကိုကျန်းမာတယ်လို့ ပြောတဲ့လူဟာအသိဥာဏ်နည်းလို့ ပြောတာပါ။ဒီခန္ဓာကိုယ်ဆိုတာ အစဉ်အမြဲဒုက္ခဝေဒနာဆိုတာ အနည်းနဲ့အများရှိနေတာပဲ”တဲ့။

သူကမြတ်စွာဘုရားကို ဆက်လျှောက်တယ်။” မြတ်စွာဘုရား တပည့်တော်အသက်လည်းကြီးပြီဘုရား။တရားကို အရှည်ကြီးဟောရင်တပည့်တော် မှတ်မိမှာ မဟုတ်ဘူး။အဲဒီတော့ မှတ်မိလွယ်အောင် တရားကိုတိုတိုလေး ဟောတော်မူပါဘုရား”တဲ့။အဲဒီတော့ မြတ်စွာဘုရားက တကယ့်ကိုတိုတိုလေး ဟောလိုက်တယ်။

အဓိပ္ပါယ်ကတော့ ခန္ဓာကိုယ်မှာပင်နာကျင်သော်လည်းပဲ စိတ်မှာမနာကျင်အောင်နေမယ် ဆိုတဲ့အဲလိုစိတ်မျိုးနဲ့ နေပါတဲ့။ရိုးရိုးလေးပေမယ့် ဒီတရားရဲ့ အနှစ်သာရအဓိပ္ပါယ်ဟာ အလွန်လေးနက်ပါတယ်။

မအီမသာဖြစ်တဲ့ သဘောတွေဟာခန္ဓာကိုယ်မှာ အမြဲတမ်းရှိနေတယ်။သွားလာလုပ်ကိုင်လို့ ဖြစ်နေသေးလို့သာသူ့ကို ရောဂါလို့ အမည်မတပ်နေသေးလို့ပါ။ရင်ထဲက ပူသလိုလို မောသလိုလိုခေါင်းထဲကမူးသလိုလို ဆိုတာတွေဟာလူတိုင်းမှာ အနည်းနဲ့အများရှိတယ်။ငယ်တဲ့သူတွေက မသိသာဘူး။တက်ကြွတဲ့အရွယ် ခန္ဓာကိုယ်ကလည်းလှုပ်ရှားတဲ့အရွယ်ဆိုတော့ သတိမပြုလို့ပါ။

လုပ်စရာ ကိုင်စရာတွေက များနေတော့ကိုယ်လုပ်ချင်တာ ကိုင်ချင်တာတွေကိုစိတ်ရောက်နေတော့ ခန္ဓာကိုယ်မှာ ဖြစ်ပေါ်နေတဲ့မအီမသာဖြစ်မှုကို သိပ်အရေးမစိုက်နိုင်ကြဘူး။တကယ်တော့ မွေးကာစကတည်းကမအီမသာဖြစ်တဲ့ သဘောက ရှိနေပြီးသားပါ။ဒါကို မြတ်စွာဘုရားက ပိုပြီးတော့နက်နဲအောင် သတိပေးလိုက်တယ်။

ဘယ်သူမဆို မအီမသာဖြစ်တဲ့သဘောက ရှိပြီးသားပဲ။တမဟုတ်လောက်များမိမိကိုယ်ကို ကျန်းမာတယ်..မအီမသာဖြစ်တဲ့ သဘောမရှိပါဘူးလို့ပြောတဲ့သူဟာ အသိဥာဏ်နည်းလို့ပြောတာပါ။ဥာဏ်ရှိရင် သူဒီလိုမပြောဘူးတဲ့။

ဒါကြောင့် ခန္ဓာကိုယ်မှာ နာသော်လည်းပဲစိတ်မှာ မနာအောင်နေလို့မြတ်စွာဘုရားကဆုံးမတယ်။”ကိုယ်သာနာစေ စိတ်မနာစေနဲ့”တဲ့။ဘုရားဟောတဲ့တရားဟာ တိုတိုလေးနဲ့အင်မတန်နက်နဲတယ်နော်။

ဆရာတော် ဦးဇောတိက

Post Author: Ma Ma Lay