ငါဆိုတာ

ငါဆိုတာ

တခါတလေမှာ တစ်ချို့လူတွေရဲ့နှုတ်က ‘ ငါ ‘ဆိုတဲ့စကားကို သုံးမိတတ်ကြတယ်။ မာန်မာနတက်ပြီး ငါပြောတာအမှန်၊ ငါလုပ်တာကပဲ အကောင်းဆုံးဆိုပြီး တချို့တွေပြောတဲ့ ‘ငါ’ဆိုတဲ့စကားက အတ္တကြီးတဲ့စိတ်တွေနဲ့ ငါ့သား၊ငါ့သမီး ငါ့ပစ္စည်း၊ ငါပိုင်ဆိုင်တဲ့ငါ့နေရာ စသဖြင့် ငါဆိုတဲ့အသုံးအနှုန်းကို ပြောတတ်တာမျိုးတွေရှိပေမယ့်။

တစ်ချို့သူတွေရဲ့ ‘ငါ’ဆိုတဲ့စကားအသုံးအနှုန်းက စိတ်ဓာတ်ကျတဲ့အခါမျိုးတွေနဲ့ အလုပ်တစ်ခုကို လုပ်ဆောင်ဖို့အတွက် သိမ်ငယ်ပြီး ကြောက်ရွံ့စိတ်တွေ စိုးမိုးနေတဲ့အချိန်တွေမှာ ကိုယ့်ကိုယ်ကို အားပေးရင်း လဲကျမသွားအောင်သတ္တိတွေနဲ့ ခွန်းအားတွေရရှိဖို့ ‘ငါ’ဆိုတဲ့စကားကို သုံးခဲ့ကြတာမျိုးတွေလည်းရှိပါတယ်။

ဥပမာ ‘ငါ’ ဒီအလုပ်ကိုလုပ်နိုင်ရမယ်၊ ‘ငါ’ လဲကျလို့မဖြစ်ဘူး၊ အခက်အခဲတွေကို ‘ငါ’ကျော်ဖြတ်နိုင်ရမယ်ဆိုတဲ့ စကားမျိုးတွေကို အတ္တကြီးတယ်လို့ ဆိုနိုင်ပါသလား။

ဘယ်အရာပဲဖြစ်ဖြစ် သူ့နေရာနဲ့သူ၊ သူ့တန်ဖိုးနဲ့သူ အသုံးဝင်တာတွေရှိပါတယ်။ ကိုယ်ကသာ အကောင်းမြင်စိတ်နဲ့ ဘေးထိုင်ဘုပြောမလုပ်မိဖို့လိုပါတယ်။ ကိုယ့်ရဲ့အချိန်တွေကို သင်ယူလေ့လာခြင်းတွေနဲ့ အကျိုးရှိရှိကုန်ဆုံးပါစေ။

လောကမှာ သင်ယူလေ့လာစရာ အသိပညာ၊အတတ်ပညာတွေက များလွန်းလို့ အချိန်တွေကို တန်ဖိုးရှိရှိအသုံးချမယ်ဆို ကိုယ့်အချိန်နဲ့ကိုယ်တောင်မလောက်လို့ သူများအကြောင်း တွေးမအား၊ ငေးမအား ဖြစ်ရပါလိမ့်မယ်။

ကိုယ်လုပ်သင့်တာတွေ ရှိနေပါသော်လည်း လက်တွေ့လုပ်ဆောင်နိုင်ခြင်း မရှိသေးရင် ပျင်းရိခြင်းနဲ့အချိန်ဖြုန်းသလိုပဲ ဖြစ်နေပါလိမ့်မယ်။ ကိုယ့်မှာ လုပ်ဆောင်နိုင်စွမ်းရှိပါလျှက်နဲ့ ကိုယ့်အရည်အချင်းကိုထုတ်မသုံးရင် အလွန်ထက်တဲ့ ဓားတစ်လက်ဖြစ်ပါသော်လည်း ဓားအိမ်ထဲကမထုတ်သုံးမိလို့ ကြာရင်သံချေးတတ်ပြီး အသုံးမဝင်တဲ့ ဓားဖြစ်သွားပါလိမ့်မယ်။

ကိုယ့်အချိန်တွေနဲ့ ကိုယ့်ဦးနှောက်ကို ကိုယ့်ဘဝအတွက် လိုအပ်သလိုအသုံးချပါ။ မနေ့ကငါထက် ဒီနေ့ငါက ပိုတော်နေရမယ်။ ‘ငါသည်သာ ငါ့ပြိုင်ဘက်’ဖြစ်လို့ ကိုယ့်ကိုယ်ကိုအားပေးပြီး ကြံ့ခိုင်တဲ့စိတ်ဓာတ်တွေနဲ့ လဲကျမသွားဖို့တည့်မတ်ရင်း ရှေ့ဆက်လျှောက်ပါ။

ဆောင်းသဇင်

Post Author: Ma Ma Lay