ပညာရှိတရားနှင့် ပညာရှိစကား

ပညာရှိတရားနှင့် ပညာရှိစကား

မင်းတုန်းမင်းကြီးလက်ထက်က နိုင်ငံခြားဝန်ထောက်တော်မင်း ဦးချိမ့်ရဲ့ မိခင်အပေါ် ရိုသေလေးမြတ်ပုံကတော့ အံ့သြချီးကျူးလောက်ပါတယ်။

ဦးချိမ့်ဟာ နန်းတော်ကို လွှတ်တက်ဖို့ ထွက်လာရင် သူ့မိခင်အိမ်ကို ဦးစွာဝင်တယ်။ မိခင်ကို ရိုသေစွာ ဦးသုံးကြိမ်ချပြီးမှ နန်းတော်ထဲကို ဝင်တယ်။ နန်းတော်က ပြန်လာရင်လည်း မိခင်အိမ် တစ်ကြိမ်ထပ်ဝင်ပြီး ဦးသုံးကြိမ်ချ ရှိခိုးပြီးမှ ပြန်တယ်။

အိမ်ပြန်တော့မယ်ဆိုရင် မိခင်ကြီး ချွတ်ထားတဲ့ ထမီတွေ၊ အင်္ကျီတွေကို အားလုံးသိမ်းထုပ်ပြီး ကိုယ်တိုင် ပြန်ယူ လာတယ်။ အိမ်ရောက်ရင် အင်တုံထဲမှာ ထမီနှင့် အင်္ကျီကို တစ်ည စိမ်ထားလိုက်တယ်။

နောက်တစ်နေ့စောစောထပြီး ထမီ၊ အင်္ကျီတွေကို အင်တုံထဲမှာ ရေနဲ့ဖိနှိပ်ပြီး ပွတ်နယ်လျှော်ဖွတ်တယ်။ အညစ် အကြေးတွေကုန်တော့ တစ်နေရာမှာ ရေသန့်သန့်နဲ့ လျှော်ဖွတ်ပြီးမှ နေလှမ်းခဲ့တယ်။ အဝတ်တွေ ခြောက်သွား ရင်လည်း ခေါက်ပြီးတော့ မိခင်ကြီးဆီကို သွားပေးတယ်။ အဲဒါလည်း နေ့စဉ်အလုပ်ပဲ။

စောစောက မိခင်ကြီး အဝတ်တွေ တစ်ညလုံး စိမ်ထားတဲ့ ဇလုံထဲကရေတွေကို အပေါ်ယံရေကြည်တွေ သွန်ပစ် လိုက်တယ်။ အောက်မှာကျန်တဲ့ ချေးအနှစ်တွေကို လက်နဲ့ကော်ယူ စုပုံပြီး နေလှမ်းထားတယ်။ ခြောက်သွားတဲ့ အနှစ်တွေကို ကျောက်ပြင်မှာတင်၊ အမှုန့်ကြိတ်၊ ရလာတဲ့ အမှုန့်တွေကို နံ့သာဆီ၊ ပန်းပေါင်းဆီတွေနဲ့ရောပြီး နေလှမ်းတယ်။ ခြောက်လာတဲ့ အတောင့်လေးတွေကို မင်းကြီးက နားတောင်းအဖြစ် နားမှာ အမြဲပန်တယ်။ မိခင်ကြီးစားဖို့လည်း အိမ်ကနေ စားဖွယ်တွေကို တစ်ရက်မပြတ် စီမံပို့စေတယ်။

ဦးချိမ့်ရဲ့ ဆုံးမပုံလေးကိုလည်း သဘောကျတယ်။ တစ်နေ့ သူ့ရှေ့မှာ မင်းချင်းတစ်ယောက်က လက်အောက် ငယ်သား တစ်ယောက်ကို ဒေါသနဲ့ ငေါက်ပြီး ကြိမ်းမောင်းနေတာတွေ့လို့

“ဟဲ့ .. သင်းတို့တတွေဟာ မိုက်မဲလို့သာ သင်တို့ နောက်က လိုက်နေကြတာပေါ့။ သင်းတို့ လိမ္မာ ပညာရှိလျှင် ဘယ် ငါတို့နောက်က လိုက်ပါ့မလဲ။ ဘယ်သူက သင်တို့ အခိုင်းအစေခံဖို့ လူဖြစ်ချင်ပါ့မလဲ။ လူ့ကံဆိုတာ ပြော မရဘူးကွယ့်။ တစ်နေ့ သူတို့ ကံကြောင့် ကြီးပွားချီးမြှောက်ခြင်းခံရလျှင် တစ်ချိန်က ငါတို့ဆရာသည် ငါတို့အပေါ် ရင့်သီးခဲ့ပါလားဆိုပြီး အရိုအသေတန်တတ်တယ်။ ဒါကြောင့် ကိုယ်အောက်လူကို ဘယ်တော့မှ ရင့်သီးစွာ မပြောကြနဲ့” လို့ ဆိုပါတယ်။

ပညာရှိစကား၊ ပညာရှိတို့ ကျင့်တဲ့တရား မှတ်သားလိုက်နာစရာတွေချည်းပဲဗျာ။

Credit to Original Writer

Post Author: Ko Sai