မျောက်လောင်းလေးတစ်ယောက်အကြောင်း

မျောက်လောင်းလေးတစ်ယောက်အကြောင်း

ကလေးတစ်ယောက် ခုန်ပေါက်နေတာကို သူ့အမေက ခေါင်းခေါက်လိုက်တယ်။
“မျောက်ရှုံးတယ်” လို့လည်း ပါးစပ်ကပြောလိုက်သေး။ ဒီမနက် လမ်းလျှောက်ရင်း မြင်ခဲ့ရတဲ့ မြင်ကွင်းလေး။ ကလေးက မျက်နှာလေးမဲ့တဲ့တဲ့ သနားစရာလေး။

ကျွန်တော်က အဲဒီကောင်မလေးကို ကောင်လေးတစ်ယောက်အကြောင်း ပြောပြချင်တာ။ ပြောခွင့်မရလို့ ဒီမနက် Facebook မှာ ပြောရမှာ။ ကောင်မလေး ဖတ်မိပါစေပေါ့။

ကောင်လေးတစ်ယောက်ရှိတယ်။ သူလည်း တကယ့် မျောက်ရှုံးလေး။ သူဆော့တာက ထူးခြားတယ်။ ကလေး တစ်ထိုင်စာ မြုပ်လောက်တဲ့ စက္ကူသေတ္တာကြီးထဲကို ဝင်တယ်။ ခုန်ထွက်တယ်။ ခုန်ဝင်တယ်။ ခုန်ထွက်တယ်။

သူ့အမေက သူ့သားလေးကို ပြုံးပြီးကြည့်နေတယ်။

“သူဟာ ငယ်စဉ်ကတည်းက ခုန်ပေါက်ပြီး ဆော့တယ်။ ဒါပေမဲ့ သူခုန်ပေါက်ဆော့တာ သူများတွေလို ကွင်းပြင်တွေ၊ ကျယ်ဝန်းတဲ့နေရာတွေမှာ မဟုတ်ဘူး။ သေးသေး ကျဉ်းကျဉ်း သေတ္တာလေးထဲဝင်ပြီး ခုန်ထွက် … ခုန်ဝင်လုပ်တာ။ ကျွန်မ အဲဒီကတည်းသိတယ်။ သားဟာ အကျဉ်းအကျပ်ထဲကနေ လွတ်မြောက်အောင် လုပ်ရတာကို ပိုပြီး ဝါသနာပါတယ်ဆိုတာ”

သူ့အမေပြောခဲ့တဲ့အတိုင်းပဲ။ အဲဒီကောင်လေးက အခြားကလေးတွေနဲ့ မတူတာတွေ လုပ်နိုင်တယ်။ လုပ်လည်း လုပ်တတ်တယ်။

သူဟာ ငယ်စဉ်ကတည်းက အဝတ်အစား သိပ်ပြီး ဂရုမစိုက်တတ်ဘူး။ သူစိတ်ဝင်စားတာက သူလုပ်ချင်တာ လုပ်ရရင် ကျေနပ်နေတာ။ သူ့ကို သတင်းထောက်တစ်ဦးက

“ခင်ဗျားအဝတ်အစားတွေကို ငယ်စဉ်ကတည်းက အမေဝတ်ခိုင်းတာပဲဝတ်တယ်လို့ပြောကြတယ် … ဟုတ်သလား” လို့မေးဖူးတယ်။ သူက

“ဟုတ်တယ် … အဝတ်အစားဝတ်တာ အမေတွေက ဘာနဲ့ လိုက်ဖက်တယ်ဆိုတာ သားသမီးတွေထက် သိတာပေါ့။ ဒါကြောင့် ဘယ်တုန်းကမှ ဟိုဟာ မဝတ်ချင်ဘူး … သည်ဟာ မဝတ်ချင်ဘူး … မငြင်းခဲ့ဘူး။ အမေက သူလုပ်သင့်တာ လုပ်ပေးတာကို လက်ခံလိုက်တော့ ကျွန်တော် ဦးနှောက်အခြောက်ခံပြီး ဘာဝတ်ရင် ကောင်းမလဲ စဉ်းစားစရာ မလိုတော့ဘူးပေါ့။ ခုထိလည်း အဝတ်အစားအတွက် တစ်ခါမှ မစဉ်းစားဘူး”

သူ့ရဲ့ထူးခြားချက်က ဘာလုပ်လုပ် စူးစူးစိုက်စိုက်လုပ်တတ်တယ်။ ပြိုင်ရတဲ့ အခါလည်း မနိုင် နိုင်အောင် ကြိုးစားတယ်။ အထက်တန်းကျောင်းသားဘဝ သူတို့ကျောင်းမှာ ကွန်ပျူတာတစ်လုံး လာထားပေးတယ်။ အဲဒီခေတ်က မိန်းဖရိန်ကွန်ပျူတာကြီးကနေ ခွဲဝေမျှသုံးရတဲ့ Teletype စက်ပုံစံမျိုးပါ။ သူက အဲဒီစက်ကို အရမ်း သဘောကျသွားတယ်။

အဲဒီခေတ်က မိန်းဖရိန်ကွန်ပျူတာတစ်လုံး ကိုင်နိုင်ဖို့ ဒေါ်လာသန်းချီရင်းနှီးရတယ်။ ကွန်ပျူတာထားဖို့နဲ့ လေအေးစက်တပ်ဖို့အတွက်ဆိုရင် အိမ်တစ်လုံးစာလောက် နေရာပေးရတာ။

သူတို့နေတဲ့ မြို့လေးမှာ ကွန်ပျူတာ ပရိုဂရမ်မာကလပ်ပေါ်လာတော့ ချာတိတ်က ကလပ်ကိုသွားဝင်တယ်။ သူ့မှာ ကွန်ပျူတာ ပိုးဝင်နေပြီ။ ဆော့လွန်းတဲ့ကလေးအတွက် ကွန်ပျူတာဆိုတာက စိတ်ဝင်စားစရာကောင်းတဲ့ တီထွင်ဖန်တီးမှုတွေကို လုပ်ပေးနိုင်တယ်ဆိုတာ သူသိသွားပြီ။ ဒီတော့ သူဖန်တီးချင်တာကို ဖန်တီးဖို့ ကလပ်ဝင်ပြီး ကွန်ပျူတာ ကိုင်ရတယ်။ အဲဒီအချိန်က ကွန်ပျူတာတစ်ခါသုံးဖို့ ကလပ်မှာ ပေးရတဲ့ ပိုက်ဆံက တစ်နာရီ ၈ ဒေါ်လာ။ အဲဒီခေတ် (၁၉၇၀ လောက်က) အနေနဲ့ တွက်ရင် အရမ်းများတဲ့ ပမာဏပေါ့။

ဒါပေမဲ့ သူ့မိခင်က သူ့သား မျောက်လောင်းလေးကို ယုံကြည်တယ်။ သူဘာလုပ်လုပ် ပေါက်မြောက်အောင် လုပ်မယ်ဆိုတာ သိနေတယ်။ သူ့သား လိုအပ်တာမှန်သမျှ ဖြည့်ဆည်းပေးတယ်။

ဒါကြောင့် ကျွန်တော်တို့ ကွန်ပျူတာစက်တစ်ခုလုံးကို လည်ပတ်စေနိုင်တဲ့ သူတီထွင်ခဲ့သော Windows (Operating System) ဆိုတာကို အလွယ်တကူ အသုံးပြုနေကြရတယ်။

ကိုယ့် မျောက်လောင်းလေးတွေအကြောင်းကောင်းကောင်းသိတဲ့ မိခင်တွေ ဖြစ်ကြပါစေဗျာ။ မြေတောင်လည်း မြှောက်ပေးနိုင်ကြပါစေ။

ကျွန်တော်ပြောချင်တဲ့ မျောက်လောင်းလေးဆိုတာ ဘီလ်ဂိတ်စ် (Bill Gates) ပါ။

Credit to Tin Nyunt

 

Post Author: Ko Sai