ဝါဆိုလပြည့် နေ့ ဓမ္မစင်္ကြာအခါတော်နေ့

ဝါဆိုလပြည့် နေ့ ဓမ္မစင်္ကြာအခါတော်နေ့

၁။ မြတ်စွာဘုရားရှင်၏ ပညတ်တော်အရ ရဟန်းတော်များ ၀ါတွင်းသုံးလ ၀ါဆိုဝါကပ်တော် မူသည်ကို အကြောင်းပြု၍ ၀ါဆိုလဟု မည်တွင်သည်။

၂။ သက္ကရာဇ် ၁၀၃ ၀ါဆိုလပြည့် စနေနေ့ညတွင် မြတ်စွာဘုရားသခင်သည် ဗာရာဏသီပြည် မိဂဒါဝုန တောဝယ် ပဉ္စ၀ဂ္ဂီ ငါးဦးအား ဓမ္မစကြာတရားတော်ကို ဟောကြားခဲ့သဖြင့် ၀ါဆို လပြည့်နေ့ကို ဓမ္မစကြာ အခါတော်နေ့ဟူ၍ သတ်မှတ်ခြင်းဖြစ်သည်။

ဝါဆိုဝါလ ၀ိသေသ

ဝါဆိုလပြည့်နေ့တွင် မြတ်စွာဘုရား အလောင်းတော် သန္ဓေယူတော်မူသည်။ ထိုနေ့မှာပင် တောထွက်တော် မူသည့်အပြင် ဘုရားအဖြစ်ကို ရတော်မူသည့် အခါတွင်လည်း တရားဦး ဖြစ်သော ဓမ္မစကြာတရားတော်ကို ဟောတော်မူသည်။ ထို့ကြောင့် ” သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ ဟောမြွက် လ၀ါဆို ” ဟူ၍ ဆိုစမှတ် ပြုခြင်းဖြစ်သည်။

ရဟန်းတော်များ ၀ါဆိုတော်မူခြင်း

ဝါတွင်းကာလ၌ ရဟန်းတော်များ ၀ါဆိုကြခြင်းမှာ မြတ်စွာဘုရား ပညတ်ခဲ့၍ ဖြစ်သည်။ မြတ်စွာ ဘုရား ပညတ်တော် မမူစဉ်က ရဟန်းတော်များ ၀ါဆိုဝါကပ်ခြင်းမပြုကြပေ။ မြတ်စွာ ဘုရားရှင် ရာဇဂြိုလ်ပြည် ဝေဠုဝန်ကျောင်း၌ သီတင်းသုံး နေတော်မူစဉ် သာကီဝင်အနွယ်များ ဖြစ်ကြသော ရဟန်းတော်များသည် နွေ၊ မိုး၊ ဆောင်း ဥတုသုံးပါးလုံး ခရီးလှည့်လည် သွားလာ နေကြသည်။

မိုးဥတု၌ တစ်ရပ်မှ တစ်ရပ်သို့ ဒေသစာရီ လှည့်လည်ခြင်း ပြုကြရာ ပြည်သူတို့ စိုက်ပျိုးထားသော ကောက်နှံသီးကင်းများကို ဖြတ်ကျော် နင်းနယ်သဖြင့် ပျက်စီးလေသည်။ ထိုအခါ ပြည်သူများက ” မိုးတွင်းကာလတွင် အယူလွဲမှား မိစ္ဆာဒိဋ္ဌိများပင် ခရီးသွားလာခြင်း မပြုကြ။

တိရိစ္ဆာန် ငှက်များသည် ပင်လျှင် အသိုက်ပြောင်းခြင်း မပြုကြ။ ကျွန်ုပ်တို့ ကိုးကွယ်သော သာကီ နွယ်ဖွား ရဟန်းတော်များကား အများ ပြည်သူတို့ စိုက်ပျိုးထားသည့် ကောက်ပဲ သီးနှံများကို နင်းနယ် ဖျက်ဆီးလျက် နွေ မိုးမရှောင် ခရီးသွားကြလေသည်တကား ” စသည်အားဖြင့် အပြစ်တင်ကြလေသည်။

ဤအကြောင်းကို မြတ်စွာဘုရားရှင် ကြားသိတော် မူသောအခါ ရဟန်းတော်များအား ၀ါတွင်းသုံးလ ကာလပတ်လုံး မိမိတို့၏ကျောင်းတိုက် အ၀န်းအ၀ိုင်း အတွင်း၌သာ ၀ါဆို ၀ါကပ်ခြင်းပြု၍ ရဟန်း တရားကို အားထုတ်နေကြရန်၊ ၀ါကျိုး ၀ါပြတ် ၀ါမကပ်ဘဲ ညဥ့်အိပ် ညနေ ခရီးသွားသော ရဟန်းများအား ဒုက္ကဋ် အာပတ်သင့်စေရန် အာဏာဓမ္မစက် သိက္ခာပုဒ် ပညတ် တော်မူခဲ့သည်။

ထိုသည်မှစ၍ ရဟန်းတော်များသည် ၀ါဆိုလပြည့်ကျော် တစ်ရက်နေ့တွင် ၀ါဆိုခြင်း ပြုသည်။ သီတင်းကျွတ် လပြည့်နေ့တွင် ပြီးဆုံး ကျွတ်လွတ်လေသည်။ ၀ါဆို ၀ါကပ်ခြင်း သဘောမှာ သတ်မှတ်ထားသော မိမိတို့၏ ကျောင်းတိုက် အဆောက်အဦ အရံအတားမှ အရပ်တစ်ပါးသို့ ညဥ့်အိပ် ညနေ မသွားပါ ဟုကတိပြု ကြခြင်းပင် ဖြစ်သည်။ ၀ါဆိုအတွင်း ၀ါပန်၍ ညဥ့်အိပ်ညဥ့်နေ (၇) ရက်မှ ကျော်၍ မသွားနိုင်ပေ။

ဓမ္မစကြာ အခါတော်နေ့

မြတ်စွာဘုရား အလောင်းတော်သည် ရွှေထီးရွှေနန်းကို စွန့်၍ ၀ါဆိုလပြည့်နေ့တွင် တောထွက် တော်မူသည်။ ပဉ္စ၀ဂ္ဂီ ငါးဦးခြံရံကာ တရား ကျင့်တော်မူသည်။ ဒုက္ကရစရိယာ ခြောက်နှစ် တိုင်တိုင် ကျင့်တော်မူသော်လည်း ဘုရားမဖြစ်ပေ ။

ထို့ကြောင့် မိမိ တစ်ပါးတည်း လမ်းခွဲကာ တရားဖြည့် ကျင့်တော်မူ၏။သဗ္ဗညုတ ရွှေဥာဏ်တော်ကို ရရှိ၍ ဘုရား ဖြစ်တော်မူသောအခါ “ငါဘုရား သိပြီးသော သစ္စာလေးပါး တရားတော်သည် နူးညံ့ သိမ်မွေ့ နက်နဲလွန်းသည်။ သတ္တ၀ါတို့၏ သဏ္ဌာန်ကား လောဘ၊ ဒေါသ၊ မောဟ၊ မာန်မာန ထူပြောလှသည်။

ဤသတ္တ၀ါစုကို ငါဘုရား တရားဟောသော်လည်း အချည်းနှီးသာ ဖြစ်လိမ့်မည်။ တရားမဟောဘဲ ဆိတ်ဆိတ်နေတော့မည်” ဟုကြံရွယ်တော် မူလေသည်။ ရွှေစိတ်တော် ရွှင်ပြခြင်းမရှိ၊ ဆုတ်နစ်တော် မူလေသည်။

ဤအကြောင်းကို သဟံပတိ ဗြဟ္မာမင်းက သိရှိသဖြင့် ဗြဟ္မာ့ပြည်မှ ဆင်းလတ်၍ ဘုရားရှင်ထံ ခစားသည်။ သဟံပတိ ဗြဟ္မာမင်းသည် ဘုရားရှင်အား ” အရှင်ဘုရား၊ သတ္တ၀ါများကို ငဲ့ညှာသော အားဖြင့် အရှင်ဘုရား ပိုင်းခြားထင်ထင် သိမြင်တော်မူသော တရားတော်ကို ဟောတော်မူပါဘုရား” ဟူ၍ ( နဿ တိဝတတော လောကော ) ဟူသော ဂါထာကို သုံးကြိမ် ရွတ်၍ လျှောက်ထားသည်။

လောက၌ အရှင်ဘုရား၏ တရားတော်တို့ကို နာယူ ထိုက်သူပေါင်း များစွာ ကျန်ရှိပါသေးသည် ဟု လျှောက်ထားလေသည်။ ဤတွင်မှ မြတ်စွာဘုရားလည်း တရားဟောတော့အံ့ဟု ကတိပြုလေ သည်။

မြတ်စွာဘုရားသည် သစ္စာလေးပါး တရားထူး တရားဦးကို ဟောတော်မူရန် ဗုဒ္ဓဂါယာ ဗောဓိ မဏ္ဍိုင်မှ ပဉ္စ၀ဂ္ဂီ ငါးဦးရှိရာ မိဂဒါဝုန်တောသို့ ကြွတော်မူ လေသည်။ ခရီးလမ်းတွင် ဥပက အမည် ရှိသော တကာတစ်ဦးနှင့်တွေ့သည်။

ဥပကမှာ ဘုရားရှင်၏ တရားကို နာကြားထိုက်သူ မဟုတ် သဖြင့် ဘုရားရှင်ကို ရှေးဦးစွာ ဖူးမြင်ရပါလျှက် “ငါ့ရှင်အဘယ်သူနည်း၊ အဘယ်ကိုရည်၍ ရဟန်းပြုပါသနည်း” စသည်ဖြင့် မေးမြန်း စုံစမ်းခြင်းသာ ပြုလေ၏။

မိဂဒါဝုန်တောသို့ ရောက်တော်မူသောအခါ ပဉ္စ၀ဂ္ဂီ ငါးဦးကို အမှူးထားလျက် မရေမတွက် နိုင်သော နတ်ဗြဟ္မာတို့အား ဓမ္မစကြာ တရားဦးကို ဟောကြားတော် မူလေသည်။ မြတ်စွာဘုရားရှင်သည် ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်း လေးထောင်မျှသော တရားတော်များကို ဟောကြားခဲ့ရာ ဤဓမ္မစကြာ တရားတော်သည် ရှေးဦးပထမ ဟောကြား တော်မူသော တရားတော်ဖြစ်၍ အလွန် ထူးမြတ်သော တရားတော်ဖြစ်လေသည်။

ဓမ္မစကြာမှာ- ဓမ္မစက္ကပ၀တ္တန ဟူသောပါဠိမှ ဆင်းသက်လာသော ဝေါဟာရဖြစ်ပြီး

ဓမ္မ – သစ္စာလေးပါးအမှန်တရား

စက္က – အဖန်ဖန်အထပ်ထပ် လှည့်တတ်သောစက်

ပ၀တ္တန- ဖြစ်ခြင်း ….အနက်ရှိသဖြင့် “သစ္စာလေးပါး အမှန်တရားကို စက်လှည့်၍အဖန်ဖန် အထပ်ထပ် ဟောတော်မူခြင်း ” ဟု အဓိပ္ပါယ် ရလေသည်။

မြတ်စွာဘုရား၏ ဓမ္မစကြာ တရားတော်ကို နာကြားရသဖြင့် ကောဏ္ဍည၊ ၀ပ္ပ၊ ဘဒ္ဓိယ၊ မဟာနံ၊ အဿဇိ တည်းဟူသော ပဉ္စ၀ဂ္ဂီ ငါးဦးနှင့်တကွ များစွာသော နတ်ဗြဟ္မာတို့ အကျွတ်တရား ရရှိကြ သည်။ ပဉ္စ၀ဂ္ဂီ ငါးဦးလည်း မြတ်စွာဘုရားထံတွင် ရဟန်းအဖြစ်ကို ပြုခွင့် ပန်ကြ၏။

မြတ်စွာ ဘုရား ခွင့်ပြုသဖြင့် ဧဟိဘိက္ခု ရဟန်း အဖြစ်ကို ရရှိကြသည်။ ဧဟိဘိက္ခု ရဟန်း ဆိုသည်မှာ ဘုရားရှင် က ရဟန်းဖြစ်စေဟု မိန့်တော်မူသဖြင့် ပရိက္ခရာ အစုံအလင်ဖြင့် ချက်ချင်း ရဟန်း အဖြစ်ကို ရခြင်းပင် ဖြစ်သည်။

ဤသို့ ပဉ္စ၀ဂ္ဂီငါးဦးအား အမှူးထား၍ ဓမ္မစကြာ တရားဦးကို ဟောကြားခြင်း၊ ပဉ္စ၀ဂ္ဂီငါးဦးအား ဧဟိဘိက္ခု ရဟန်းအဖြစ်သို့ ခေါ်ဆောင်တော် မူခြင်းမှာ ဤ၀ါဆိုလပြည့်နေ့ပင် ဖြစ်၍ ၀ါဆို လပြည့်နေ့ကို ဓမ္မစကြာ အခါတော်အဖြစ်ဖြင့် သတ်မှတ်ကြခြင်း ဖြစ်သည်။ ၀ါဆိုလတွင် ပဉ္ဇင်းခံ ရှင်ပြုခြင်းကို ရှေးအခါက ပြုခဲ့ကြခြင်း ဖြစ်သည်။

(မြန်မာ့ရေးရာ သုတပဒေသာမှ ကောက်နှုတ် တင်ပြပါသည်)
Credit to uzawyankin.blog

Post Author: Ma Ma Lay