ကလေးများနှင့် အင်တာနက်

ကလေးများနှင့် အင်တာနက်

မွန်းကြပ်မှုကို ဖောက်ခွဲခြင်း

တနေ့က မန္တလေးတွင် ဖြစ်သော ယာဉ်တိုက်မှုတွင် တိုက်သော ကောင်လေး၏ ရည်းစားကောင်မလေးက သူ့ချစ်သူဘက်မှ ရပ်တည်မည်ဟု စာတင်သည်။ ထိုကောင်မလေးကိုအုံနှင့် ကျင်းနှင့် ၀ိုင်းဆဲကြသည်။ ကျွန်မတို့ မမှားဟု ပြောတာမဟုတ်ပါ။

ဒါပေမဲ့ ဘာညာ ဆက်ရှင်းသည်။ ထိုအောက်တွင်လည်း ၀ိုင်းဆဲသည်။သွားကြည့်မိသော အချိန်တွင် ဆဲထားသော ကွန်မန့်ပေါင်းခြောက်ထောင်ကျော်နေပြီ။ ယုတ်ယုတ်မာမာတွေလည်း ပါသည်။ မကြားဝံ့မနာသာတွေလည်းပါသည်။ ထိုမျှ ဆဲရန် လိုပါသလော။

ပြောလိုသည်က ဒီကလေးမှ အပြောမတတ်သည်က တပိုင်းဖြစ်သည်။ သို့သော်အပြောမတတ်သည်ကို အုံနဲ့ကျင်းနဲ့ ကွန်မန့်ပေါင်းထောင်ချီ၍ ဆဲကြသည်ကတော့ကောင်းစေချင်၍ဟု မမြင်နိုင်တော့ပါ။ ကောင်းစေချင်၍ မိဘက တစ်ချက်ရိုက်လျှင်လက်ခံသည်။ သို့သော် လူပေါင်းများစွာက တယောက်တစ်ချက် ၀င်ရိုက်ကာကောင်းစေချင်၍ပါဆိုသည်ကတော့ မဖြစ်နိုင်။

တချက်စီက မသေနိုင်သော်လည်းအချက်ပေါင်း များစွာဆိုလျှင် သေနိုင်သည်။အခုလည်း ထိုအတိုင်းပင်။ အသက်ပင် ပြည့်ရှာဟန် မတူသေးသောကလေးမလေးတစ်ယောက်ကို အရှက်ရစေရန်၊ လူတော မတိုးဝံ့စေရန် ၀ိုင်းပြီးဖန်တီးနေကြသည်ဟုသာ မြင်လာသည်။ ကိုယ့်အထွေထွေ အဆင်မပြေမှုများကိုဒီကလေးမလေး အပေါ်တွင် ဖောက်ခွဲနေကြခြင်းလား တွေးမိလာသည်။

အမုန်းပွားစကားများ

အမုန်းပွား စကားကို မပြောကြနှင့်ဟု အွန်လိုင်းမှာ ခဏခဏ ကြားရသည်၊ CyberBullying ခေါ်သည့် အွန်လိုင်းပေါ် ခြိမ်းခြောက် အနိုင်ကျင့်မှုတွေလည်းဖတ်ရသည်။ ဒါတွေကို မရှိအောင် အင်တာနက် မသုံးကြနဲ့ ဆိုသည့် အိုင်ဒီယာက
အောက်သွားပြီ။ မဖြစ်နိုင်တော့။ ဒါဆို ဘယ်လို ကာကွယ်မည်နည်း။ ဘယ်လိုတုံ့ပြန်မည်နည်း။ ကိုယ့်သားသမီးသည်လည်း ကိုယ်မသိလိုက်ပဲ အွန်လိုင်းအနိုင်ကျင့်မှုတွေ ခံနေရနိုင်သည်ကို သိပါ၏လော။

အမုန်းပွားစကားသည် အုပ်စုတစု၊ အဖွဲ့ တစ်ဖွဲ့က လူမျိုးရေး၊ ဘာသာရေး၊တစ်ခုခုကို အကြောင်းပြ၍ မုန်းတီးမှုကို ပွားများလာစေရန်၊ ရာဇ၀တ်မှုကိုဦးတည်လှုံ့ဆော်သော စကားများဖြစ်သည်။ အခြေအမြစ်မရှိသော ယုတ္တကင်းမဲ့သော
အထောက်အထားများဖြင့် ဆွသည်။ သိမ်းသွင်းသည်။ အထိုက်အလျောက်တွေးခေါ်ဥာဏ်ရှိသော သူများက မယုံကြည်ကြသော်လည်း အတွေ့အကြုံ နုနယ်သော၊ငယ်ရွယ်သော ကလေးများ၊ ဆယ်ကျော်သက်များ ပါသွားပါက အန္တရာယ်များလှသည်။

ဘယ်ပုံဘယ်နည်း

စောစောက ပြောခဲ့သလို မင်းတို့ အင်တာနက် မသုံးရ၊ အန္တရာယ်များသည်ဟုပြောလိုက်ရုံနှင့် မပြီး။ ကိုယ့်ဆီမှာ မသုံးရရင် ဆင်းကတ်တဟ်ကပ်တစ်ထောင့်ငါးရာနှင့် ၀ယ်သုံးနေမည်။ တကယ်တမ်းက ပိတ်ပင်သည်ထက်ကာကွယ်နိုင်အောင် အသိပညာပေးခြင်း၊ ပျိုးထောင်ပေးခြင်းက ပို အဓိက ကျသည်။

အမုန်းစကားတွေ လာသင်ပေးနေသည်လား။ ခြိမ်းခြောက် အနိုင်ကျင့် ခံနေရပြီလား။ပညာနဲ့ တုံ့ပြန်တတ်ရမည်။ ဘယ်အခြေအနေမှာ ဘယ်လို တုံ့ပြန်ရမည်၊ဘယ်အချိန်မှာ လူကြီးကို အသိပေးရမည် ဆိုသည်ကို သင်ကြားပေးရမည်။
အရင်ဆုံး ထည့်ပေးရမည်မှာ “ဝေဖန် ပိုင်းခြားတတ်သော အတွေးအခေါ်” ဖြစ်သည်။

အဓိက နှင့် သာမညကို ခွဲတတ်ရမည်။ ကားတိုက်သော ကောင်လေးက သတ်သတ်၊ ကောင်မလေးအပြောမတတ်ခြင်းက သတ်သတ် ဆိုသည်ကို ခွဲမြင်ရမည်။ သတင်းအချက်အလက်ကိုယုံလောက်သော နေရာမှ လာခြင်း ဟုတ်မဟုတ် ခွဲတတ်ရမည်။

ဖွသတင်းလား၊ တကယ့်သေချာသော သတင်းဌာနက ထုတ်ခြင်းလား စေ့ငုတတ်ရမည်။ ဖြစ်ရပ်ကိုခွဲကြည့်တတ်ရမည်။ သနားစရာကောင်းအောင် အပိုထည့်သော စကားလုံးများ၊စက်ဆုပ်ဖွယ်ကောင်းအောင် အပိုထည့်သော စကားလုံးများကို ကျော်၍တကယ့်ဖြစ်ရပ်က ဘာလဲ ဆိုသည်ကို ခွဲထုတ် စိစစ်နိုင်ရမည်။ ဒါတွေက မိဘများ၊ဆရာများက ကိုယ့်သားသမီးများ၊ တပည့်များကို ပစ်မထားပဲ လုပ်ပေးရမည့်ကိစ္စများ ဖြစ်သည်။

မိဘတို့ တာဝန်

မိဘတွေမှာလည်း တာဝန်ရှိသည်။ သားသမီးကို ချစ်စိတ်ဖြင့် ဖုံးတစ်လုံးဝယ်၊ကွန်ပျူတာ တလုံးဝယ်ပြီး ပစ်မထားစေချင်။ မိမိ၏ အရွယ်မရောက်သေးသော သားသမီး၏ဖုံးကို ၀င်စစ်လို့ ရအောင် လုပ်စေချင်သည်။ ဒါက ပရိုင်ဗေစီနှင့် မဆိုင်။
ကာကွယ်ဖို့ ဖြစ်သည်။ ဖုန်းဝယ်ပေးကတည်းက ကတိက၀တ်တောင်းပြီးမှ ၀ယ်ပေးလျှင်ပို အဆင်ပြေသည်။

နောက်တစ်ချက်က သားသမီးကို အင်တာနက် သုံးလျှင် ဆောင်ရန်ရှောင်ရန်များကို သင်ကြား ထားစေချင်သည်။ နောက်တစ်ချက်က ကလေးများနှင့်အတူတူ အင်တာနက် သုံးရင်း သင်ပေးစေချင်သည်။ ဘယ်လို ဆိုက်တွေကို မ၀င်ဖို့၊
ဘယ်လို ရှာဖို့၊ ဘယ်လို စကားပြောလာလျှင်တော့ မိဘကို အသိပေးဖို့၊ တယောက်ထဲကြိတ် မဖြေရှင်းဖို့၊ စတာတွေ ဖြစ်သည်။ သားသမီးတွေနဲ့ အင်တာနက်အတွေ့အကြုံတွေ ဝေမျှခြင်းကလည်း ကောင်းသော အလေ့အထပင်။

သိထားရမည့် ဆောင်ရန် ရှောင်ရန်များ

ကလေးတွေကို အောက်ပါတို့ကို သင်ထားစေချင်သည်။

(က) အမုန်းစကား၊ ခြိမ်းခြောက်စကား၊ မကြားဝံ့ မနာသာ စကားလုံး တွေ့လျှင်မိဘကို ချက်ချင်း အကြောင်းကြားဖို့ လိုသည်။

(ခ) ကိုယ့်နာမည်၊ လမ်း၊အိမ်၊ ကျောင်း စသည့် အချက်အလက်များကိုအွန်လိုင်းမှာ ဘယ်သူ့မှ မပြောမိဖို့ လိုသည်။ အီးမေးမှ တွဲပို့သည့်ဘယ်ဖိုင်ကိုမှ ဖွင့်မကြည့်ဖို့၊ ဒေါင်းလုပ်မဆွဲဖို့ သင်ထားရမည်။

(ဂ) ကိုယ့် password ကို ဘယ်သူမှ မပြောရ။ အခင်ဆုံး သူငယ်ချင်းလည်း မပြောရ။

(ဃ) စိတ်မသက်သာ စကားလုံး ကြားရလျှင် အွန်လိုင်းမှ ချက်ချင်းထွက်ပြီးမိဘနှင့် ဆွေးနွေးပါ။ မိဘကိုအသိမပေးပဲ အွန်လိုင်းက ခင်မင်သူ ဘယ်သူနှင့်မှပြင်ပမှာ မတွေ့ရ။

(င) အွန်လိုင်းမှ ရသော သတင်းများကို ယုံလောက်သော နေရာမှ ဟုတ်မဟုတ် အမြဲစဉ်းစား စိစစ်ပါ။

ဒါတွေက မိဘတွေ ကြိုပြောထားရမည့် အချက်အလက်များဖြစ်သည်။ ဖြစ်ကာမှမျက်ရည်လည်ရွဲ ဖြစ်သည်ထက် သားသမီးကို အချိန်ပေး သင်ကြားထားသည်ကပိုလုံခြုံသည်။ စိတ်ချရသည်။ တနည်းပြောရရလျှင် ပိုချစ်ရာရောက်သည်။

သက္ကမိုးညို

Post Author: Ma Ma Lay