ကံကူလက်လှည့်

ကံကူလက်လှည့်

ကျွန်တော် တက္ကသိုလ်တွင် ဆရာတစ်ယောက်အဖြစ် အမှုထမ်းခဲ့ဘူးပါသည်။စာသင်ကြားပို့ချမှုတွင်လည်း အပြောအဟော အသင်အကောင်းသည်ဟု အတန်အသင့် နာမည်ရခဲ့ပါသည်။တက္ကသိုလ် မရောက်သေးမီကလည်း တောင်တွင်းကြီးမြို့ မိုးထိ အလယ်တန်းကျောင်းတွင် အလယ်တန်းပြဆရာ အဖြစ်နှစ်နှစ်၊သုံးနှစ်ခန့် အမှုထမ်းခဲ့ဖူးပါသေးသည်။

ထိုစဉ်ကလည်း သင်ကြားမှုနှင့် ပတ်သက်၍ အတန်သင့် နာမည်ရခဲ့သည်ပင် ဖြစ်ပါသည်။ ကြွားဝါနေခြင်းမဟု မထင်ပါနှင့်။ကျွန်တော်အဖို့ ဘာမျှ ပင်ပင်ပန်းပန်းကြိုးစားမနေဘဲ အလွယ်တကူနှင့်ပင် ထိုသို့ အဆင့်လောက်ထိအောင် ရောက်နိုင်ခဲ့သည်မှာ အမှန်ဖြစ်ပါသည်။

ထို့ကြောင့် တော်ရုံတန်ရုံ စာသင်ကောင်းသည် ဆိုသော ဆရာမျိုးကိုလည်း …သြော်…..စာသင်ကောင်းတယ် ဆိုပဲ….. ဟုအောက့်မေ့လိုက်ရုံမျှသာရှိပါသည်။ စာသင်ကြားမှုနှင့်ပတ်သက်၍ ကျွန်တော် ကြောက်ဒူးတုန်ပြီး လန့်လောက်အောင်ကြုံခဲ့ရသည်မှာ ၁၉၆၃ – ၆၄ တစ်ဝိုက်လောက်ဆီက ဖြစ်ပါသည်။

သည်တော့ ကျွန်တော်က တက္ကသိုလ်တွင်ဆရာ ဖြစ်နေပါပြီ။တက္ကသိုလ်ကျောင်းပိတ်၍ ကျွန်တော့် ဇာတိ တောင်တွင်းကြီးမြို့ သို့ပြန်ရောက်သွားလိုက်လျှင်လည်း ကျွန်တော်အများဆုံး အချိန်ဖြုန်းသော နေရာမှာ ရွှေအင်းတောင်ဘုရားကြီးရင်ပြင်ပေါ်ရှိအမျိုးသား ပြတိုက်တွင်ဖြစ်ပါသည်။

ထိုပြတိုက်ကို စတင်တည်ထောင်သူများတွင် ကျွန်တော်လည်းအမှုဆောင်တစ်ယောက်အဖြစ် တက်ကြွစွာ လုပ်ဆောင်ခဲ့သူ ဖြစ်သောကြောင့် ရန်ကုန်တက္ကသိုလ်သို့ ရောက်နေလင့်ကစား ကျွန်တော့်ကို အဝေးရောက် အမှုဆောင်အဖြစ်ထည့်သွင်းထားကျပါသည်။ ကျွန်တော်လည်း ရန်ကုန်တွင် လုပ်ဆောင်ဖွယ်ရာ ရှိသည်တို့ကို လုပ်ဆောင်ပေးရပါသည်။

ကျွန်တော်တို့ အလုပ်အမှုဆောင်အဖွဲ့မှ တက်ကြွစွာ လှုပ်ရှားသူများထဲတွင် မိုးထိကျောင်းက မူလတန်းပြ ဆရာ ဦးဥာဏ်စိန်လည်း ပါဝင်ပါသည်။မိုးထိကျောင်းနှင့် ရွှေအင်းတော် ဘုရားမှာ ကပ်လျက်ရှိနေသည် ဖြစ်သောကြောင့် ပြတိုက်ဘက်သို့ သွားလျှင် ဆရာဦးဥာဏ်စိန်ဆီသို့ ၀င်သွားလေ့ ရှိပါသည်။

ကိုဥာဏ်စိန်က မူလကတော့ အနုပညာနည်းပြ(ပန်းချီ နည်းပြ)ဆရာဖြစ်ပါသည်။ ထိုစဉ်က ဘာရယ်ကြောင့်မှန်းမသိ၊ပန်းချီနည်းပြ ဆရာများကိုလည်း စာသင်ဆရာလုပ်လိုက်သောကြောင့် သူက မူလတန်းဆရာအဖြစ် သူငယ်တန်း ကိုသင်ကြားနေရပါသည်။

ကျွန်တော် ကသူနှင့် ထွေရာလေးပါး စကားပြောချင်သောကြောင့် သူ့ အတန်းဆီသို့လိုက်သွားပါသည်။ သူသင်ကြားနေသည်ကို အမှတ် မထင် တစေ့တစောင်း လှမ်းကြည့်နေမိသည်။ဘာစာမှသင်သည်လည်း မဟုတ်ပါ။ သင်ပုန်းပေါ်တွင်အရုပ်ရေး နေပါသည်။ကျွန်တော် မှတ်မိ သလောက် အရုပ်က မတ်တတ်ရပ်နေသော လိပ်ရုပ်။ ထိုစဉ်က ကာတွန်း စာအုပ်များတွင် တွေ့ရသော ဖိုးရွှေလိပ်မှန်း ကျွန်တော် သိလိုက်ပါသည်။

ကျွန်တော်သာသိသည်မဟုတ်ပါ။ သူ့တပည့်လေးတွေကလည်း သိကြပါသည်။ …ဟေး ……ဖိုးရွှေလိပ်ကွ….စသဖြင့် အော်ကြပါသည်။ သူကထို လိပ်ရုပ်၏လက်ထဲသို့ တုတ်ကောက်တစ်ခု တပ်ပေး လိုက်ပြန်ပါသည်။ကလေးတွေက တုတ်ကောက်နဲ့ ဟု အော်လိုက် ပြန်ပါသည်။ပါးစပ်တွင် ဆေးတံ တပ်ပေးလိုက်ပြန်ပါသည်။ ကလေး တွေက …..ဆေးတံနဲ့ဟေ့………..စသည်ဖြင့် အော်လိုက်ကြပြန်ပါသည်။

ထိုအရုပ်ရေးပြီးမှ ကိုဥာဏ်စိန်က အတန်းထဲရှိ ကလေးများဘက် လှည့်ပြီး ……….တစ်နေ့မှာ ဖိုးရွှေလိပ် ဟာ မနက်စောစော လမ်းလျှောက်ထွက်လာတယ်။ အဲဒီလိုနဲ့ လမ်းမှာ ဘယ်သူနဲ့ တွေ့သလဲဆိုတော့ …..ဟုပြောလိုက်ပြီးနောက် သင်ပုန်းတစ်ဖက်စွန်း တွင် အရုပ်တစ်ရုပ်ရေးနေပြန်သည်။ ကလေးတွေက ဘယ်သူနဲ့များ တွေ့မည်လဲ စောင့်ကြည့်နေကြပြန်ပါသည်။စင်စစ် ကလေးတွေသာ မဟုတ်ပါ။

ကျွန်တော်လည်း စောင့်ကြည့်နေမိပါသည်။သူဆွဲသောပုံ မှာတစ်စတစ်စ ပုံပေါ်လာပါသည်။ကလေးတွေက …ယုန်ကလေး…..ဟုတပျော်တပါးကြီး အော်လိုက်ကြပြန်ပါသည်။ယုန်ကိုလည်း ဟိုဟာ တပ်၊သည်ဟာ ဆင်လိုက်ရာမျက်မှန်နဲ့၊ အထုတ်အပိုးနဲ့ ဖြစ်သွား ပြန်ပါသည်။သူကတခုခု တပ်ဆင်ပေးလိုက်တိုင်း ကလေးတွေက လည်း တသောသောနှင့် သဘောကျနေကြပါသည်။

သူက ဆက်၍ …..အဲဒီလို ဘဘကြီး ဦးရွှေယုန် နဲ့ တွေ့လိုက်တော့ ဖိုးရွှေလိပ်က ဘယ်လိုလဲ ဘဘကြီးရဲ့၊ဘယ်ကြွမလို့လဲလို့ မေး လိုက်တယ်……..ရှေ့လျှောက်ပြီး သူဆက်ပြောနေသည်တွေကတော့ ကျွန်တော်လည်း မမှတ်မိတော့ပါ။ အမှန်အတိုင်း ပြောရလျှင် ဘာရယ်မဟုတ် သူ့ ပါးစပ်ထဲ ရောက်လာသမျှ သူ့စိတ်ကူး ပေါက်သမျှတွေကို ပုံလိုလို လုပ်ပြီး ပြောနေခြင်းဖြစ်ပါသည်။

ဆရာကိုဥာဏ်စိန် ကျွန်တော့် ကိုမြင်လိုက်တော့ သူ့ဘာသာ သူ သဘောကျစွာ ရယ်လိုက်ပြီး (လာလေဗျာ၊ခင်ဗျားကော နားထောင်သွား ပါအုံးလား) တဲ့။( တော်ပါပြီဗျာ၊ကျောင်းဆင်းရင်သာ ဘုရားပေါ်လာခဲ့ပါ ) ဟုရယ်မော ပြောဆိုပြီးထွက်လာခဲ့ပါသည်။

နောက်တစ်နေ့ သူ့စာသင်ခန်းဆီ ရောက်သွားပြန်တော့လည်း ထိုနည်းတူ အရုပ်တွေရေးပြီး ပေါက်တတ်ကရ ပုံပြင်လိုလို၊ဘာလိုလိုတွေ ပြောနေတာကိုပဲ တွေ့ရပြန်ပါသည်။သုံးလေးရက် လောက် ရှိတော့ ကျွန်တော်က မနေနိုင်တော့ဘဲ ( ခင်ဗျားဟာက ဘာစာမှလည်း သင်တာမတွေ့ရပါကလားဗျ)ဟု ရယ်ကာမောကာ မေးလိုက်တော့ ………..

(စာသင်တာ ဘာအရေးကြီးတာမှတ်လို့ဗျာ၊ဘယ်အချိန် သင်သင် ရတဲ့ ဟာဘဲ) ဟု ရယ်ပြီးပြောပါသည်။ပြီးမှ …..( တကယ်ပြောတာဗျ၊ စာသင်တာ ဘယ်အချိန်သင်သင် ဖြစ်တယ်။ ဒီအချိန်မှာ ကလေးတွေပျော်နေဖို့ လိုတယ်။ကျောင်းကို ကြောက်စရာ ကြီးလို့အောက်မေ့ မသွားဖို့ အရေးကြီးတယ်။ကျောင်းပျော်အောင် လုပ်နေရတာဗျ)

ကျွန်တော့် စိတ်ထဲတွင် ( အင်း………..သူပြောတာလဲ ဟုတ်သား ပဲ) ဟုတွေးလိုက်မိသည်။နောက်တစ်နေ့ေ၇ာက်သွားတော့ သူ့လုပ်ပုံ ကိုင်ပုံ ကိုကြည်ချင်တာနဲ့ ကျောင်းခန်းအပြင်ဘက် ပြတင်းပေါက်နားတွင် ထိုင်ခုံကလေး တစ်လုံးချပြီး ကြည့်နေမိပါသည်။ ကျွန်တော် အလန့်ဆုံးကိစ္စကို ထိုနေ့တွင် တွေ့ရပါတော့သည်။ ရှေ့ဆုံး အတန်းမှ ကလေးတစ်ယောက်မှာ တအီအီနှင့် ငိုနေပါသည်။

သူဆွဲနေသော အရုပ်တွေ ကိုလည်းမကြည့်၊ စာသင်ခန်း အပြင်ဘက်သို့သာ တကြည့်ကြည့် လုပ်ပြီး တအီအီ ငိုနေပါသည်။ ကလေး ကြည့်ရာဆီကို လှမ်းကြည့်လိုက်တော့ မန်ကျည်းပင်ရိပ်တွင် ထိုင်နေသော မိန်းမကြီးတစ်ယောက်ကို တွေ့ရပါသည်။ကိုဥာက်စိန်ကလည်း ထိုကလေးကို ရှိသည်ဟုပင် မအောက့်မေ့။သူ့ဘာသာ သူ အရုပ်တွေ ရေးလိုက်၊ပုံပြော လိုက် လုပ်နေပါသည်။

ကျွန်တော်ကတော့ ထိုကလေးကိစ္စအား ကိုဥာဏ်စိန် ဘာလုပ်မလဲ ဆိုသည်ကို စောင့်ကြည့်နေမိပါသည်။ အတော်လေး ကြာတော့ ကိုဥာဏ်စိန် က ပြတင်းပေါက်မှ အပြင်သို့လှမ်းကြည့် လိုက်ပြီး ……………( ဒေါ်အေးသာ စိတ်ချလက်ချ ပြန်စမ်းပါ။ ခင်ဗျား မရှိရင် ခင်ဗျား မြေးကို ကျုပ် ထိန်းနိုင်ပါတယ်။ခင်ဗျား ရှိနေလို့ ကတော့ ဒီကောင် တစ်သက်လုံး အငိုတိတ်မှာ မဟုတ်တော့ဘူး) ထိုသို့ပြောလိုက်ခါမှ ဟိုအကောင်ကလေးကလည်း အသံမြှင့်ပြီး စီခနဲ ငိုလိုက်ပြန်ပါတော့သည်။အဘွားဖြစ်သူ အဒေါ်ကြီးကလည်း သူ့မြေးကို သံယောဇဉ် မဖြတ်နိုင်ပဲ ပေကပ်ကပ် လုပ်နေပါသည်။

( ခက်တယ်ဗျာ ၊ ကလေးတွေကို ထိန်းရတာ ကျုပ်က မကြောက်ပါဘူး။အဲဒီလို အဘွားကြီးတွေကို ထိန်းရတာ အခက်ဆုံးပဲ)ဟု ညည်းသလိုလို လှမ်းပြောပါသည်။ (ကဲ…မပြန်ချင်ရင်နေဗျာ၊ဒါပေမဲ့ ကလေး၊မမြင်လောက်တဲ့နေရာ ဟိုဘက်
ထောင့်ကွယ်မှာ သွားနေစမ်းပါ) ကိုဥာဏ်စိန် အထပ်ထပ်ပြောမှ အဘွားကြီး လည်းမသွားချင် သွားချင် ထောင့်ကွယ် ကလေးသို့ ထွက်သွားပါသည်။

သူ့အဘွားကို မမြင်ရတော့ ဟိုချာတိတ်ကလည်း ငိုလိုက်သည်မှာ တစ်တန်းလုံး သူ့ကို ၀ိုင်းကြည့်နေရအောင် ပင်ဖြစ်ပါသည်။ ကိုဥာဏ်စိန် ကတော့ သူ့အရုပ်တွေကိုဆက်ပြီးရေးပြန်သည်။ ကလေးတွေကလည်း ခွေးရုပ်လေးကွ ၊ကြောင်ရုပ်လေးကွ စသည်ဖြင့် အော်လိုက်ကြပြန်သည်။

ဟိုချာတိတ်ကတော့ သူများတွေ စီခနဲ အော်လိုက်လျှင် ကယောင်ကတမ်း ခဏလောက် ငိုရပ်လိုက်ပြီး အရုပ် ကို လှမ်းပြီး ကြည့်လိုက်သည်။ပြီးတော့ အပြင်လှမ်းကြည့်၊အဘွားကိုရှာပြီးနောက် တအီအီ ငိုပြန်ပါတော့သည်။ကျွန်တော် ကတော့ ထိုကလေးနှင့် ကိုဥာဏ်စိန် ကိုကြည့်ပြီး စိတ်အိုက်လှပါပြီ။ ငါဆိုရင်ဘာလုပ်မလဲ တွေးလိုက်ပြန်တော့လည်း ဘာမှမလုပ်တတ်ပါ။ရိုက်နှက်ပစ်ရအောင်ကလည်း တကယ် လူမမည်လေးကို ဒီလိုလုပ်လို့ဖြစ်နိုင်ပါမည်လား။

ကိုဥာက်စိန်ကတော့ ခပ်အေးအေးပါပဲ။ အရုပ်တွေရေးလိုက်၊ပုံပြင်တွေ လိုလိုပြောလိုက်၊ချာတိတ်ကလညိး ငိုမြဲပါပဲ။
အတော်လေးကြာတော့ ကိုဥာဏ်စိန် လည်း စိတ်ကုန်လာပုံမျိုးနဲ့ ထိုကလေးကိုစိုက်ကြည့်နေပါသည်။သို့သော်လည်း သူ့မျက်နှာက ပြုံးပြုံးစိစိပါပဲ။ဟိုကောင်က သူ့ကို ဆရာ စိုက်ကြည့်နေမှန်းသိတော့ ခဏမျှ သူ့ကို ပြန်ကြည့်ပြီး အငိုတိတ်သွားပါသည်။ ပြီးတော့စီခနဲ့ ခပ်ကျယ်ကျယ်ကြီး ငိုလိုက် ပြန်ပါသည်။ ကိုဥာဏ်စိန်က အတန်းဘက်လှည့်ပြီး ကလေးများအား …………

(ဟေ့ ကောင်တွေ…မင်းတို့ တွေ့တယ် မဟုတ်လား၊ဒီကောင် ကျောင်းရောက်ပြီ ဆိုကတည်းက ငိုတာခုထက်ထိ မတိတ်ဘူးကွ၊ ဒီကောင်မှာ အငိုတွေ အများကြီး ပါလာတယ်။သူတစ်ယောက်ထဲ ငိုနေလို့ကတော့ ကုန်မှာ မဟုတ်တော့ဘူး။မင်းတို့ပါ ၀ိုင်းပြီး ငိုပေးလိုက်စမ်းကွာ။ ဒါမှသူ့အငိုတွေ မြန်မြန်ကုန်မှာ)

ကျန်တဲ့ကောင်တွေလည်း သဘောပေါက်မြန်လိုက်ကြတာ မပြောပါနှင့်တော့ တစ်တန်းလုံး မျက်စိကို လက်ဖမိုးနှင့် ပွတ်ပြီး တအီးအီး ငိုချင်ယောင်ဆောင် လိုက်ကြသည်မှာ ကျွက်ကျွက်ညံသွားပါတော့သည်။ ကျွန်တော်လည်း အသံထွက်အောင် ရယ်နေမိပါသည်။ ဟိုချာတိတ်က သူ့ဘေးက ကလေးတွေကိုကြည့်ပြီး ကြောင်တောင်တောင်နှင့် အငိုတိတ်သွားတော့ ပိုလို့ပင်ရယ်မိပါသည်။ ကိုဥာဏ်စိန် က ……………..(ဟိုး ….. တော်ပြီ ၊အငိုတွေ ကုန်သွားပြီ) ဟု လက်တားပြီး အော်လိုက်တော့ ကလေးတွေ တ၀ါးဝါးရယ်မောပြီး အငိုရပ်သွားကြပါသည်။

ဟိုကောင်ကလည်း ကယောင်ကတမ်း အငိုရပ်သွားပြီး ကျီးကြည့်ကြောင် ကြည့်ဖြစ်နေပါသည်။ကိုဥာဏ်စိန်ကတော့ သူကို လှည့်လို့မျှပင်မကြည့်တော့ဘဲ သူ့ဘာသာ အရုပ်တွေရေးလိုက်၊ပုံပြင်ကို ပြောလိုက် လုပ်နေပြန်ပါသည်။ ဟိုငနဲကလည်း သူပြောနေသည့် ပုံပြင်တွေကို နားထောင်သလိုလို လုပ်လိုက်၊အရုပ်တွေကို ကြည့်လိုက် လုပ်နေပါသည်။ ခဏကြာတော့ ဘယ်လိုလုပ်ပြီး သတိရလိုက်ပြန်သည် မသိ၊အိခနဲ ငိုလိုက်ပြန်ပါသည်။ ကိုဥာဏ်စိန်က …..(အငိုတွေ မကုန်သေးဘူးကွ ကျန်သေးတယ်)

ကိုဥာဏ်စိန် ကကားဆုံးအောင်ပင်မပြောလိုက်ရပါ။ တစ်တန်းလုံးတပျော်တပါးကြီး ၀ိုင်းဝန်းပြီး ငိုချင်ယောင်ဆောင်လိုက်ကြပြန်ပါသည်။သူတို့တစ်တွေက သည်လို ငိုလိုက် ရခြင်း ကငိုပင် အရသာတွေ့နေကြပုံပေါ်နေပါသည်။ကျွန်တော် ကတော့ သူတို့ကို ကြည်ပြီး ရယ်လို့သာ နေရပါတော့သည်။ဟိုငနဲလေးလည်း မငိုဝံ့တော့ လောက်အောင်ပင် ဖြစ်သွားပါသည်။ကိုဥာဏ်စိန်၏ စကားနှင့်ဆိုလျှင်တော့ အငိုတွေကုန်သွားပြီပေါ့။

ကျွန်တော်သည် အထက်တွင် ပြောခဲ့သည် အတိုင်း တက္ကသိုလ်က ဆရာ တစ်ယောက် ဖြစ်ပါသည်။ သို့သော် ထိုကလေး၏ပြဿနာကို ကြည့်ပြီး ခေါင်းခြောက် လိုက်သည်မှာ မပြောပြတတ်အောင်ပင် ဖြစ်ခဲ့ ပါသည်။( ဒီကလေးကို အငိုတိတ်အောင် လုပ်ဟ) ဟုဆိုပါက ကျွန်တော် သေဖို့သာရှိပါသည်။ဘာမျှတတ်နိုင်မည် မဟုတ်ပါ။

ကျောင်းဆင်းလို့ကျွန်တော်နှင့် ကိုဥာဏ်စိန် ဘုရားဘက်သို့ ထွက်လာကြတော့ ……… ကိုဥာဏ်စိန် ခင်ဗျား တော်တယ်ဗျာ၊ ဟိုကောင် အငိုတိတ်သွားအောင် လုပ်နိုင်တာ သိပ်သဘောကျတာပဲ၊ကျုပ်ဆိုရင် ဘာလုပ်ရမှန်း မသိတာနဲ့ ဒုက္ခအကြီး အကျယ် ရောက်နေမှာ…..( ဒီလိုပဲလေ သင့်သလို ကြည့် တွယ်လိုက်ရတာပဲ)

သူကတော့ ဒီလိုပဲ ခပ်ပေါ့ပေါ့ ပြောပါသည်။တကယ်ဆို တော့ ကျွန်တော့်အဖို့ ခပ်ပေါ့ပေါ့ ကိစ္စလုံးဝ မဟုတ်ပါ။ ကြောက်စရာ ဧရာမ ကိစ္စကြီး ဖြစ်နေတာတော့အမှန်ပါ။ ကျွန်တော့် အဖို့ သူငယ်တန်း သင်ကြားမှုကို စိတ်ဝင်စားနေပါပြီ။ တစိမ့်စိမ့် တွေးပြီး လန့်နေသလောက်အထင်ကြီးနေမိပါပြီ။

နောက်တစ်နေ့ ကျွန်တော်ရောက်သွားတော့ ဟိုချာတိတ်ကို သတိထားပြီး ကြည်လိုက်မိပါသည်။ ငိုတော့ငိုထားဟန် တူပါသည်။ သူ့အဘွားကိုတော့ မတွေ့ရပါ။ ကွယ်ရာ ထောင့်တစ်နေရာရာတွင် တစိုးရိမ်ရိမ် စောင့်နေလိမ့်ဦး မည်ထင်ပါသည်။ ကိုဥာဏ်စိန်၏ သင်ခန်းစာကတော့ တဆင့်တက် သွားပါပြီ။

သူ့အမူအရာ ကမြူးမြူး ရွှင်ရွှင်၊ဖော်ဖော်ရွေရွေ၊ပျော်စရာကြီး။အသံကလည်း ကြည်ကြည် ချိုချို။(ကဲ…..ဒီနေ့တော့ မင်းတို့ကို ဆီးသီးကျွေး မယ်၊ ဆီးသီးစားကြမလားဟေ့)(စားမယ်)တစ်အုပ်ကြီး အော် ဖြေလိုက်သောအသံ။
တစ်တန်းလုံး လက်ထောင်ကြပါသည်။ ဟိုချာတိတ် ကို သတိထားပြီး ကြည့်လိုက်တော့ သူများလို လက်မထောင်ပါ။ကိုယ်ကို ရှေ့ ခပ်ကိုင်းကိုင်းညွှတ်ပြီး ပါးစပ်ဟောင်းလောင်း နှင့် ကိုဥာဏ်စိန်ကို မော့ကြည့်နေပါသည်။ ဆီးသီး တကယ်ကျွေးမှာလားဟု စဉ်းစားနေပုံ ရပါသည်။

သူသာမဟုတ်ပါ ကျွန်တော် လည်း ကိုဥာဏ်စိန် ဘာတွေ အကြံအဖန် လုပ်ဦးမလဲဟု တွေးနေမိပါသည်။ကိုဥာဏ်စိန် အလုပ်စပါပြီ။သင်ပုန်းပေါ်တွင် လိမ္မော်သီးလောက် (၀ ) လုံး တစ်ခုကို ၀ိုင်းစက်နေအောင် ရေးလိုက်ပါသည်။ထိုဝလုံးပေါ်တွင် အညှာကလေး တစ်ချက်တပ်လိုက်ပါသည်။(ကဲ …. ဟောဒီမှာ ဆီးသီးတစ်လုံး၊ ဘယ်သူ အလျင် စားမလဲ)
ကျွန်တော် စားမယ်၊ကျွန်မ စားမယ် ဟူသော အသံများ ညံသွားပါသည်။

(ဟုတ်ပြီ …..မင်းက အငယ်ဆုံးမို့ မင်းကို အရင်ကျွေးမယ်၊ရော့ …စားစမ်း) ဟုပြောပြီး သင်ပုန်းပေါ် ကဆီးသီး ရုပ်ကို လက်နှင့် ယူချင် ယောင်ဆောင်၍ ခပ်ငယ်ငယ် ကလေး တစ်ယောက်ကို လှမ်း ပစ်ပေးလိုက်ပါသည်။ ထို ကလေး က ဆီးသီးကို ဖမ်းယူဟန်ဆောင်၍ ပါးစပ်ထဲ ထည့်လိုက်ဟန် ဆောင်ပြိး (မြွမ်မြွမ်) နှင့် စားချင်ယောင် ဆောင်လိုက်ပါသည်။ တစ်တန်းလုံးက တ၀ါးဝါးရယ်ကြပါသည်။

( ကျွန်တော်လည်း စားဦးမယ်) (ကျွန်မကိုလည်း ပေးပါဦး) စသော အလု အယက်တောင်းဆိုသံများမှာ ဆူနေပါသည်။ ကိုဥာဏ်စိန်က ဆီးသီးတွေ ကိုရေးလိုက်၊ ပစ်ပေးလိုက်၊တမြွမ်မြွမ် စားလိုက်ကြနှင့် တကယ် ပျော်စရာကြီးပါပဲ။
( ချိုရဲ့လားဟေ့)
( ချိုတယ် ဆရာ )

ကဲ …. ဟိုအကောင်လည်း အငိုတွေ ကုန်သွားပြီ၊ မင်းလည်း တစ်လုံးစား လိုက်ဦး ……..ကိုဥာဏ်စိန် က ဆီးသီး တစ်လုံး ကို ကောက်ရေးလိုက်ပြီး ဟိုချာတိတ်ကို လှမ်းပစ်ပေးလိုက်ယောင် ပြုလိုက်ပါသည်။ချာတိတ်က ကြောင်တောင်တောင် ဖြစ်နေသေး၍ ဘာမှ မလုပ်ပါ။( သူကမစားချင်သေးဘူးတဲ့၊ မင်းက ယူစားလိုက်စမ်းကွာ )ဟု ဘေးက ကလေးတစ်ယောက်ကို ပြောလိုက်တော့ ထိုကလေးကလည်း အလွယ်တကူပင် ကောက်စားချင်ယောင် ဆောင်လိုက်ပါသည်။

သင်ပုန်းပေါ်တွင်လည်း ဆီးသီးတွေ ပြည့်နေပါပြီ။သင်ပုန်းကို ဖျက်လိုက်ပါသည်။ ဆီးသီး အသစ်တစ်လုံး ရေးလိုက်ပါသည်။ဝိုင်းဝိုင်း စက်စက် မဟုတ်ပါ။ ဘဲဥပုံလိုလို ရှည်မျောမျော ဖြစ်ပါသည်။( ဒီဇီးသီးက မ၀ိုင်းဘူး၊အချဉ်မျိုးကွ၊ရော့စားကြည့်စမ်း၊မချဉ်ဘူးလား)

ကလေးတစ်ယောက်ကို လှမ်းပေးလိုက်တော့ စားချင်ယောင်ဆောင် ၊ရှုံ့မဲ့ ပြီး(ချဉ်တယ်ဆရာ) ဆိုတော့ အားလုံးက သဘောကျပြီး ရယ်ကြပါသည်။ ဆက်၍ ဇီးသီးပိန်ပိန်တွေ၊ရှုံ့ရှုံ့တွေ၊ ရှည်ရှည်တွေ ရေးပြီး ပစ်ပေး လိုက်လျှင် ချဉ်တယ် ဆရာဟု ပြောကြပါသည်။ဝိုင်းဝိုင်းစက်စက် ဆီးသီး ကို ရေးပေး လိုက်လျှင် ချိုတယ်ဟု ပြောကြပါသည်။

ကလေးတွေ ဆီးသီး စားတမ်း ကစားရသည်ကို ပျော်နေကြသည်မှာတော့ အမှန်ဖြစ်ပါသည်။ကျွန်တော် တို့နှစ်ယောက်ပြတိုက် ရှိရာ ဘက်သို့ ထွက်လာကြတော့(ဟိုချာတိတ် ဒီနေ့ မငိုတော့ဘူးဗျ )(သူ့အဘွားကို မမြင်ရတော့လို့ပေါ့ဗျာ၊ အိမ်ကလူကြီး တစ်ယောက်ယောက် ပါလာရင် ဒီလိုဘဲ ငိုတတ်ကြတယ်ဗျ၊လူကြီးတွေ မပါရင်ခဏပဲ၊ကလေးတွေချင်း ကစားကြ၊သူများကစားတာ ကိုကြည့်ကြနဲ့ ပဲ မေ့မေ့ပျောက်ပျောက် ဖြစ်သွားတာပါပဲ၊

ခက်နေတာက လူကြီးတွေဗျ အထူးသဖြင့် အဘွားတွေ ကအဆိုးဆုံးပဲ၊ ယာကိုဖျက်တော့ သခွား၊မြေးကိုဖျက်တော့ အဘွား ဆိုသလိုပေါ့ဗျာ၊အဘွားကြီး တွေဆိုတော့ မြေး ကိုဖျက်ဖို့ ကလွဲလို့ အခြား အလုပ်ကလည်း မည်မည်ရရ မရှိတော့ဘူး မဟုတ်လား)(ဆရာကို ဘာမှလာပြီး ဆရာမလုပ်တာ၊ သြဇာမပေးတာ တော်သေးတာပေါ့ဗျာ)

(အံမယ် အဲဒါမျိုးလည်း တစ်ခါတစ်လေ ရှိသေးသဗျ။သူတို့ ကလေး၊သူတို့ မြေးကို ရှေတန်းဆရာနဲ့ နီးနီးထားချင် ကြတာတွေပေါ့။ ကလေးမှာ အရပ်တွေမှာ အရပ်မောင်း ကတူတာမဟုတ်ဘူးဗျ။ ဒီတောကျုပ်က အရပ်နိမ့်တဲ့ ကလေးတွေ ကို ရှေ့က၊နည်းနည်းမြင့်တာတွေကို နောက်က ၊အတန်းကို ကြည့်လိုက်ရင် ပတ္တလား စီထားသလို ဖြစ်နေစေချင်တယ်။

အဲဒါ သူတို့ ကလေးတွေကို ရှေ့ထားပေးပါ ၊ဘာညာနဲ့ လာပြီးပြောတတ် ကြတယ်။ ခင်ဗျားတို့ ကလေးတွေ မတတ်မှာ မပူပါနဲ့ လို့ပြောယူရတယ်။ သူငယ်တန်းမှာ လူကြီးတွေ အကဲပါဆုံးပေါ့ဗျာ။ဟိုဘက်အတန်းတွေ ရောက်တော့လည်း ဘာမှ ဂရုစိုက်မနေကြပြန်ဘူး။ရယ်စရာလည်းအကောင်းသား။ ဒီတော့ မိဘနဲ့ ပြသနာ အကြုံဆုံးပေါ့ဗျာ )
( သူတို့ သားသမီး ကို ရိုက်တာ ၊ပြုတာနဲ့ ပတ်သက်လို့ လည်း ပြသနာ ကြုံရမယ်ထင်တယ်)

(တစ်ခါတစ်လေ လည်းကြုံရတာပေါ့ဗျာ။ နည်းတော့နည်းပါတယ်။ဒီနေရာမှာ တော့ ကိုင်တွယ်တဲ့ ဆရာ၊ဆရာမ အပေါ်မှာလည်း မူတည်တတ်ပါတယ်။ တစ်နေ့ကပဲ ခင်ဗျားလူ ထွန်းရွှေကြီး သူ့သားကို ကျောင်းလာအပ်သွားပါကော။သူပြောသွားလိုက် ပုံကတော့ ကျုပ်မှာ ရယ်တောင် ရယ်နေရသေးတယ်။

သူငယ်ချင်းရေတဲ့ ငါ့သားကို မင်းဆီမှာအပ်ခဲ့ပြီ၊ လိမ္မာအောင်သာ ကြည့်တွယ်ပေတော့ကွာ၊သူများတွေကတော့ မကျိုးမပဲ့ရင် ပြီးရော ၊ ရိုက်ပါ ဆရာလို့ ပြောတာပဲ၊ငါသားကိုတော့ ဆော်သာဆော်ကွာ၊မတော် တဆသေသွားရင်တော့ ၊အလွမ်းပြေကြည့်ရအောင် လွယ်အိတ်ကလေးကိုတော့ ပြန်ပို့ ပေးလိုက်ပါကွာတဲ့လေ)ကျွန်တော်ရယ်လိုက် မိပါသည်။ မူလတန်း အထူးသဖြင့် သူငယ်တန်းသင်ရသော ဆရာ၊ဆရာမ တို့၏ဘ၀ ကို အလွန်စိတ်ဝင်စားနေမိပါသည်။

နောက်တစ်နေ့ ကျွန်တော် ရောက် သွားသောအခါ သင်ခန်းစာ နောက်တစ်နေ့ တဆင့် တက်သွားသည် ကိုတွေ့လိုက်ပြန်ရပါသည်။(ဒီနေ့တော့ မင်းတို့က ဇီးသီး ရောင်းကြ ၊ငါက၀ယ်မယ် ၊ဇီးသီး ငါးလုံးကို တမတ်ပေးမယ်၊ ဒါပေမဲ့ ဆီးသီး အချဉ်တွေကို မ၀ယ်ဘူး )၀လုံးကို ၀ိုင်းဝိုင်း ရေးတတ်အောင် လေ့ကျင်နေပြီ ဖြစ်ကြောင်း ကျွန်တော် သဘောပေါက်လိုက်ပါသည်။(နောက်ပြီး ဟောဒီလို ဟောဒီလို ရေးတဲ့ ဆီးသီး ကို မ၀ယ်ဘူး၊ အဲဒီ ဆီးသီးတွေ ကအပုပ်တွေ)

သူက သင်ပုန်းပေါ်တွင် လက်ဝဲရစ်ရေး ပြလိုက် ပါသည်။ထိုမျှမကသေးပါ။( ဒီလိုေ၇းရမယ်) ဟု ကလေးများကို ကျောခိုင်းပြီးလျှင် လက်ကို လက်ယာရစ်ပြီး အထပ်ထပ် ဝှေ့ပြပါသည်။
(ဘယ်လို ဘယ်လို ရေးရမလဲ)
(ဒီလို ဒီလို ရေးရမယ်)

ကလေးတွေ ကလည်း သူတို့လက်ကို လက်ယာရစ် ဝှေ့ယမ်းပြီး အော်ကြ ပါသည်။
(ဘယ်လိုရေးရင် ဆီးသိးအပုပ်လဲ)
(ဒီလိုရေးရင် ဆီးသီးအပုပ်)
လက်တွေကို လက်ဝဲရစ် ဝှေ့ပြကြပါသည်။

လက်ယာရစ် ရေးခြင်းကို အကြိမ်ကြိမ် ဝှေ့ယမ်းလေ့ကျင့်ကြစေပြီး နောက် ဆီးသီးတွေ ရေးကြရန် ခိုင်းလိုကပါသည်။ကလေးတွေကလည်း သူတို့ သင်ပုန်းကလေးများတွင် အားကြိုးမာန်တက် ရေးနေကြပါသည်။

ဝလုံးကို လက်ယာရစ် ရေးကြအောင် လေးကျင့်ပေးလိုက်သည် မှန်သော် လည်း တကယ်လက်တွေ့ အားဖြင့် ရေးသည်၊ မရေးသည်ကို ဆရာကိုဥာဏ်စိန် လိုက်ပြီး စစ်နေနိုင်သည် မဟုတ်သော်ကြောင့် ဘယ်လိုများ သိနိုင်ပါမလဲဟု ကျွန်တော်စိတ်တွင် တွေးနေမိပါသည်။

(ဟော်ဒီမှာဆရာ၊ သူက ဆီးသီးကို ဟောဒီလို ဟောဒီလိုကြီး ရေးနေတယ်၊ သူ့ဆီးသီးက အပုပ်ကြီးဆရာ)
ကလေးတစ်ယောက်က လက်ကို လက်ဝဲရစ်ဝှေ့ပြပြီး လှမ်းတိုင်လိုက်ပါ သည်။ အတိုင်ခံရသော ကလေးက ချက်ချင်းဖျက်ပစ်ပြီး ( ဒီလို ဒီလို ရေးတယ် ဆရာ) လက်ယာရစ် ဝှေ့ယမ်းပြီး ပြလိုက်ပါသည်။

အင်း…. သည်လိုတော့လည်းသူ့ဟာသူ ပြဿနာ ရှင်းအသွားသားပဲဟု အောက်မေ့လိုက်ပါသည်။ဆီးသီးငါးလုံးစီးရေးပြီးတော့ တစ်ယောက်စီလာပြီး ပြကြပါသည်။ ကိုဥာဏ်စိန်က ဆီးသီးတွေကို ကြည့်ပြီး ဟိုအလုံးက ပိန်တယ်၊ ဒီအလုံးက မ၀ိုင်းဘူး၊ နောက်ကို အဒီလောက်ချဉ်ရင် မ၀ယ်ဘူး၊ဒီတစ်ခါ တော့ ၀ယ်လိုက်မယ် စသည်ဖြင့် ပြောပြီး မြေဖြူနှင့် အမှန်ခြစ်ပေးလိုက်ပါ သည်။ ကလေးတွေ ၀မ်းသာအားရ ပြန်သွားကြပါသည်။

အငိုသန်သော ချာတိတ်ကလည်း ဆီးသီးငါးလုံးရေးပြီး ရောက်လာပါသည်။ ကိုဥာဏ်စိန် သူ့သင်ပုန်းကို ယူကြည့်လိုက်ပြီး-(အံမယ် ဒီကောင်က လူက ငိုပေမယ့် ဆီးသီးကတော့ အချိုသားပဲ၊ ဘယ်ဆိုးလိုလဲကွ) ဟု ချီးမွမ်းပြီး အမှတ်ပေးလိုက်ပါသည်။ဟိုချာတိတ် ၀မ်းသာအားရ ပြန်ပြေးသွားပါသည်။

ကလေးအားလုံးမှာ သူ့ထက်ငါ အလုအယက် ဆီးသီးရောင်းနေကြပါသည်။ ဟိုချာတိတ်က မကြာခဏ လာပြီးပြနေသည် ဖြစ်သောကြောင့်-(အံမယ် ဒီကောင့်ဆီးပင်က တယ်သီးလိုက်ပါလားဟ၊ ချိုလည်းချိုတယ် ဟေ့)
ချာတိတ် ကျောင်းပျော်သွားပါလေပြီ။ ကျွန်တော်လည်း ကိုဥာဏ်စိန်နှင့် တပည့်များ၏ ဆီးသီးရောင်းပွဲကြီးကို ကြည့်ရင်း ပျော်နေမိပါသည်။

သို့နှင့် ကျောင်းဆင်းခေါင်းလောင်း ထိုးလိုက်တော့ ကျောင်းသားတွေ ကိုယ့်လွယ်အိတ် ကိုယ့်ပစ္စည်း စသည်တို့ကို ကိုယ်စီကိုယ်င သိမ်းယူကြပါသည်။ သည်အခါတွင်မှ သတိထားကြည့်လိုက်တော့ ကျောင်းခန်းဘေး နံရံသစ်သားတန်းတွင် သံချွန်တွေရိုက်ထားပြီး ထီး၊ဦးထုပ် စသည်တို့ကို စနစ်တကျ ချိတ်ထားကြရကြောင်းကို တွေ့လိုက်ရပါသည်။ ထိုသို့သော ပစ္စည်းများကို သူတို့တတွေ ယူကြပြီးနောက် အားလုံးမတ်တပ် ရပ်နေကြရပါသည်။

{{စာအုပ်ပါးဘီးလား}} ကိုဥာဏ်စိန်က အော်မေးလိုက်ပါသည်။

{{ပါးဘားဘီး}} ကလေးတွေက အော်ပြီး စာအုပ်ကို မြှောက်ပြပါသည်။

သူတို့အတိုင် အဖောက် အော်ပုံမှာ ရိုးရိုးအသံမျိုး မဟုတ်ပါ။သံချပ်တိုင်သလို ခပ်ဆင်ဆင်ပါ။

{{ ပေတံ …. ပါး …..ဘီးလား }}

{{ ပါး …. ဘား ….ဘီ }}

ကျောင်းသားတို့တွင် ပါမြဲ ပစ္စည်းများကို တစ်ခုစီအော်ပြီး မေးပါသည်။အားလုံးမေးပြီးမှ အငယ်ဆုံး ကလေးအတန်းမှ စပြီး တစ်တန်းစီ တန်းစီပြီး ထွက်ရပါသည်။

{{ခင်ဗျား အလုပ် ကလည်း ပြီးပဲ မပြီးနိုင်ဘူး ၊ တယ်ရှုပ် ကိုဗျ }}

{{ဒီလိုပဲ ကိုယ့်လူရေ ခင်ဗျားတို့လို ကောလိပ်ကျောင်းသားကြီးတွေကိုသင်ရတာမဟုတ်ဘူး။ ကလေးတွေဆိုတော့ ကျောင်းဆင်ပြီ ဆိုရင် အိမ်ပြန်ချင်ဇောနဲ့ ဟိုဟာကျန် ၊ ဒီဟာမေ့နဲ့ ၊ ဦးထုပ်ပျောက် ၊ ထီးပျောက် ဖြစ်ရင် မိဘတွေက ဆရာ့ဆီကို လာတိုင်တော့တာဗျ၊ဆရာ အထိန်းသိမ်း ညံရာရောက်တာပေါ့ဗျာ}}

သူကပြောရင်းဆိုရင်း ခုံတွေ အောက်သို့ ငုံကြည့်ပြီး ဟိုဟာ ရှာသလိုလို ဒီဟာရှာသလိုလို လုပ်နေပြန်သောကြောင့်
{{ဘာရှာနေတာလဲဗျ }}

ဘာတွေများကျန်ခဲ့သေးသလဲလို့ ရှာတာပေါ့ဗျာ၊ခုနက ကျုပ်အော်တဲ့ စာရင်းထဲ မပါတဲ့ ဂျင်တို့ ၊ဂေါ်လီတို့ ၊ဘာညာတို့ဆိုတာတွေပေါ့ဗျာ။ကျန်နေရစ်ခဲ့ရင် သိမ်းထားပြီး ပြန်ပေးရတာပေါ့၊ ကလေးတွေ ကိုဗျ ၊အမိုက် ကလေးတွေကိုးဗျ။ အမိုက် ကလေးတွေ ဟာသိတတ်ကြတာမှတ်လို့}}

{ခင်ဗျား အခန်းထဲက နံရံသစ်သားတွေမှာ သံချွန်လေးတွေ စီပြီး ရိုက်ထားတာကို တွေ့တယ်}

{အေးဗျာ . . . ထီးတွေ၊ ဦးထုပ်တွေ၊လွယ်အိတ်တွေ စာရေးစားပွဲပေါ်မှာ ရှိနေရင် ရှုပ်လွန်းလို့}

{အဲဒီလို သံချွန်ဖိုးတွေ ဘာတွေကျတော့ ကျောင်းကထုပ်ပေးသလား}

{ဘယ်ပေးလိမ့်မလဲဗျာ}

{ခင်ဗျားက အိပ်စိုက်ပေါ့}

{မစိုက်ရပါဘူးဗျာ၊ ကျောင်းသားမိဘတွေထဲက သံဆိုင်တွေရှိနေတာပဲ၊ ကျောင်းခန်းထဲမှာ သုံးချင်လိုဆိုပြီး နှိုက်လာခဲ့တာပါပဲ}ကျွန်တော်တို့ နှစ်ယောက်လုံး ရယ်လိုက်မိကြပါသည်။

{ဒါပေါ့ဗျာ၊ ဆီးသီးကမှ အညုာတပ်နေရသေးတယ်၊ ၀လုံးဆိုတော့ ဘာမှ လုပ်ဖို့တောင် မလိုတော့ဘူးပေါ့၊ ၀လုံးရေးဖို့ဆိုရင် ကလေးတွေက ဘယ် မှာ ပျော်တော့မလဲ၊ ဆီးသီးရောင်းကြရအောင်ဆိုတော့ ခင်ဗျားမြင်တဲ့အတိုင်းပဲ၊ လက်မလည်အောင် အမှတ်ပေးနေရတာပဲ မဟုတ်လား၊ သူတို့လည်းပျော်၊ သူတို့လည်းပျော်တော့ ကျုပ်လည်းပျော်တာပေါ့ဗျာ}

သူကပြောရင် ရယ်လိုက်ပါသည်။ထို့နောက် ဆယ်ရက်လောက်မှာ ၀လုံးတွေချည်း ရေးခိုင်းနေပါသည်။

{ခင်ဗျား ၀လုံးသင်ခန်းစာကလည်း ကြာလှချည်းလားဗျ၊ ပြီးပဲ မပြီးနိုင်တော့ ဘူး}

{ မြန်မာအက္ခရာ ရေးတာမှာ ၀လုံးဟာ အခြေခံပဲဗျ၊ ၀လုံးကို လက်မသေရင် လက်ရေးဘယ်တော့မှ မလှဘူး၊ လက်ရေးလှဖို့ဟာ သူငယ်တန်းမှာ ကျင့်ရတာ ဗျ။ ပထမတန်း၊ ဒုတိယတန်း ရောက်သွားရင် လက်ရေးလှ လေ့ကျင့်ဖို့ အချိန်မရတော့ဘူး။ ကျုပ်အတန်းက တက်သွားတဲ့ ကလေးတွေမှ လက်ရေးမလှ တာတစ်ယောက်မှ မရှိဘူး။ ကျောင်းသားတစ်ယောက် လက်ရေးမလှတာကို တွေ့ရင် ခပ်ပျင်းပျင်း၊ ခပ်ဖျင်းဖျင်း သူငယ်တန်းဆရာနဲ့ ကြုံခဲ့ရလိုသာ အောက်မေ့ပေရော့။ ကျုပ်က အဲဒီလို အထက်တန်းဆရာတွေရဲ့ အထင်သေး မခံချင်ဘူးဗျ}

ကျွန်တော် စိတ်ထဲတွင် လက်ရေအလွန်ညံ့လှသော တက္ကသိုလ်ကျောင်း သားများကို သွားပြီး သတိရလိုက်မိပါသည်။ သူတို့သည်လည်း ကံမကောင်း အကြောင်းမလှ၍- ခပ်ပျင်းပျင်း၊ ခပ်ဖျင်းဖျင်း ဆရာ၊ ဆရာမမျိုးနှင့် သူငယ်တန်း တွင် ကြုံခဲကြရလိမ့်မည်ဟု ထင်မိပါသည်။ကျွန်တော်၏ ငယ်ဆရာ ဆရာ ဦးစံရွှေကြောင့် ကျွန်တော်လက်ရေး အတန်အသင့် ကောင်းခဲ့သည်ကို တွေ့လျင်- ကွယ်လွန်သူ ဆရာကို သတိရ ကျေးဇူးတင်လိုက်မိပါသည်။

ကိုဥာဏ်စိန် ကဆက်၍{အဲဒီထက်ပိုပြီး ဂရုစိုက်ရတာက အဆွဲအငင်ဗျ၊ အဲဒါတွေကြရင် ပိုပြီး ဂရုစိုင်ရတယ်။ ရရစ်ကို အပေါ်ကစပြီး ဆွဲတာတွေ ၊ သဝေထိုး ကို အပေါ်ကစပြီး ဆွဲတာတွေ ၊ အို၊ ကို ၊ မို တို့ကို စာလုံးပေါင်း တွေမှာ လုံးကြီးတင် ကို အရင်စပြီး ရေးတာမျိုးတွေလို အမှားတွေပေါ့ဗျာ။ သေချာ ဖြည်းဖြည်းဆေးဆေး ရေးရင်တော့ မသိသာလှဘူးပေါ့၊ လက်ရေးကို သော့ပြီးမြန်မြန်ရေးလိုက်ပြီ ဆိုရင် အဆွဲအငင် စနစ်မကျတဲ့ လက်ရေးဟာ အလွန်အဖတ်ရ ခက်သွားတတ်တယ်ဗျ}}

ကလေးငယ်၏ တစ်သက်တာ အတွက် အခြေခံ ပန္နက်ရိုက်လိုက်ရသော သူငယ်တန်းဆရာ၏ ဘ၀နှင့် တာဝန်ကို အလွန်ရိုသေမိလာပါသည်။ အချို့သော တိုင်းပြည် ပညာရေး စနစ်များတွင် သူငယ်တန်း သင်သော ဆရာကို သီးသန့် အရည်ချင်း ရှိစေလျက် လစာမြင့်မြင့်ကြီးပေးထားကြသည် ဟူသော အချက်ကို သဘောပေါက်လာမိသည်။

ကျွန်တော့် မိတ်ဆွေ ဆံပင်ညှပ် ဆရာ ကိုသိန်းမောင်ကြီးပြောဘးသော စကားကိုလည်း သွားပြီး သတိရလိုက်မိပါသေးသည်။{{ကလေးခေါင်း ဆိုတော့ ငယ်တာကြောင့် ဆံပင်ညှပ်ရတာတောင် များတယ်လို့ ထင်တတ်ကြသေးတယ်ဗျ၊ဓားပြတ် သွားမှာကြောက်ရတာက တစ်မျိုး ငိုတာကတစ်မျိုး၊ရုန်းတာကတစ်မျိုး}}အင်း ကိုဥာဏ်စိန် တို့၊ ကိုသိန်းမောင်ကြီးတို့ လုပ်ငန်းချင်းက ခပ်ဆင်ဆင်ပါလားဟု အောက့်မေ့ မိပါသည်။

ဝ လုံးသင်ခန်းစာ ပြီးတော့ နောက်တစ်ဆင့် တက်လိုက်ပြန်ပါသည်။သင်ပုန်းပေါ်တွင် က၊ခ၊ဂ၊ဃ၊င ဟူသော အက္ခရာငါးလုံးကို ရေးလိုက်ပြန်ပါသည်။ပြီးမှ တစ်တန်းလုံးကို မတ်တပ် အရပ် ခိုင်းလိုက် ပြန်ပါသည်။

{{မင်းနာမည် ဘယ်သူလဲ }}

{{ မောင်ကျော်မြင့် ပါခင်ဗျ }}လက်ပိုက်ပြီး ပြန်ဖြေပါသည်။

{{မင်းနာမည် ကကော }}

{{ မောင်စိန်ထွန်း ပါ ခင်ဗျ }}

{{ညည်းနာမည် က ဘယ်သူလဲ }}

{{ ကြော့ယဉ်ဝင်းပါ ရှင့် }}

{{အံမယ် …. တယ်ကောင်းတဲ့ နာမည်ပါလား ၊ ကဲ …. ကဲ … ညည်းနာမည်ကကော }}

{{မတည်ကြည်ဝင်းပါ ရှင့် }}

{{ ဟဲ့ ….. ငါ့တပည်တွေ နာမည်က ကောင်းလှချေလား၊ ညည်းနာမည်ကကော }}

{{ နီနီဝင်း ပါရှင့်}}

ဤသို့လျှင် ကျောင်းသား အတော်များများကို နာမည်လျှောက်ပြီး မေးပါသည်။ပြီးမှ …..

{{ ကဲ …. ကြည့်စမ်း ၊ မင်းတို့ အားလုံးမှာ နာမည် ရှိကြတယ်။နာမည် မရှိကြတဲ့ လူများ ရှိကြသလားဟေ့ }}

{{ မရှိ ပါဘူးခင်ဗျ }}

{{ အေး ….. မင်းတို့အားလုံးမှာ နာမည် ရှိကြသလို သူတို့အားလုံးမှာ လည်း နာမည်ရှိတယ်}}

သင်ပုန်းပေါ်ရှိ ကကြီး ခကွေး အက္ခရာများ ဆီ သို့ လက်ညှိုးထိုးပြီး ပြော လိုက်ပါသည်။

{{ ညည်း နာမည်က ဘယ်သူလဲ }}

{{ ဖြူနှင်းဝေပါ ဆရာ }}

{{ အေး သူ့နာမည် က ကကြီးတဲ့ မှတ်ထား၊ကြားလား၊ဘယ်သူလဲ }}

{{ကကြီး ပါဆရာ }}

{{ ညည်း နာမည်က ဘယ်သူလဲ }}

{{ သန္တာပြုံး ပါ ဆရာ }}

{{ အေး သူ့နာမည် က ခကွေး တဲ့ မှတ်ထား၊ကြားလား }}

ဤသို့ အားဖြင့် ကကြီး ၊ ခကွေးများကို မိတ်ဆက် သင်ကြားပေး သွားပါသည်။မကြာမီ မှာပင် သူတို့အားလုံး အက္ခရာများကို မှတ်မိသွားကြသည်ကို တွေရပါသည်။

ကျွန်တော်တို့ တက္ကသိုလ် ဆရာများ အဖို့ မိမိသက်ဆိုင်ရာ ဘာသာရပ်များ တွင် တိုးတက်မြင့်မားအောင် ရှာဖွေဖတ်ရှု့ ကြရပါသည်။ကြံစည် စဉ်စားကြသည်မှာ မှန်ပါသည်။ သို့သော် တပည်များကို ဘယ်ပုံဘယ်နည်း သင်ကြား ပို့ချရမည် ဆိုသည့် ကိစ္စကိုတော့ မူလတန်း ၊ သူငယ်တတန်း ၊ သင်ကြားပို့ချသူ ဆရာ ၊ ဆရာမများလောက် ကြံစည် အားထုတ်ရသည်ဟု မထင်မိပါ။

တက္ကသိုလ် ကျောင်းများ ပြန်ဖွင့်ပြီဖြစ်သောကြောင့် ကျွန်တော် ရန်ကုန်သို့ ပြန်လာခဲ့ ပါသည်။နောက်တစ်ကြိမ် သီတင်းကျွတ် ကျောင်းပိတ် ရက်လောက်တွင် တောင်တွင်းကြီး သို့ပြန်ရောက်သွားပါသည်။ယခင်က အတိုင်း ကိုဥာဏ်စိန် ၏ ကျောင်းသို့ ပြန်ရောက် သွားပြန် ပါသည်။

ကလေးတွေက စာတွေ အတော်လေးဖတ်နိုင်နေကြပါပြီ။ ကျောင်းဆင်းခါနီး ရောက်တော့ ကလေးတွေ သံပေါက် ကဗျာ ရွတ်ကျပါသည်။ ထိုသံပေါက်တွေကို အကုန်လုံး ကျွန်တော် မမှတ်မိတော့ပါ။ဆိုလိုရင်း အဓိပ္ပါယ် အချို့ ကိုတော့ မှတ်မိနေပါသေးသည်။အိပ်ရာဝင် ခြေဆေးရမည်။ဘုရားကန်တော့ ၊ မိဘကန်တော့ ဆိုတာတွေလည်း ပါပါသည်။ ထိုထိုသော လိမ္မာရေးခြား ရှိစေသည့် ကိစ္စများအပြင် (ကျွန်တော် မှတ်မိ သလောက် ) {{ အလှူကြီးပေးကြောင်း၊ထမင်းရောင်း၊တောင်းကြီးကိုသာ ကန်ပစ်ပါ }} ဆိုတာလည်း ပါနေပါသည်။စကားလုံး ကတော့ မှန်ချင်မှ န်မည်။ ကလေးများမှာ သံပေါက် ကိုဆိုကြရာတွင် ပါးစပ်က ဆိုရုံသာ မဟုတ်၊ ကိုယ်ဟန် အမူရာလည်း လုပ်ပြီး ဆိုကြရပါသည်။

ထိုသံပေါက်ကို ဆိုကြရာတွင် {{တောင်းကြီးကိုသာ ကန်ပစ်ပါ}}ဆိုရာ ခြေထောက်နှင့် အားရပါးရ သိမ်းကျုံးပြီး ကန်လိုက်သည့် အမူအရာကိုလည်း လုပ်ပြရပါသေးသည်။

ကျွန်တော်ဘာကိုဆိုလိုကြောင်း ရုတ်တရက် နားမလည်နိုင်ပါ။ ထို့ကြောင့် ကျောင်းဆင်းပြီး နှစ်ယောက်သား ပြတိုက်ဘက်သို ထွက်လာကြ တော့မှ နေပါဦး ကိုဥာဏ်စိန်ရ၊ ဟို … တောင်းကြီးကို ကန်ပစ်တယ်ဆိုတာက ဘာလုပ်တာလဲဗျ၊ ကျုပ်ဖြင့် ဘာမှန်းကို မသိလိုက်ဘူး} ကိုဥာဏ်စိန်က အားပါးတရ ရယ်လိုက်ပြန်ပါသည်။

ကလေးတွေကို စာသင်နေရင်း လူကြီးတွေကို ဆုံးမသွန်သင်နေသော သူငယ်တန်းဆရာ ကိုဥာဏ်စိန်ကို တအံ့တသြ ကြည့်နေမိပါသည်။ ကျွန်တော်တို့လို ဘ၀င်ကြီးတခွဲသားနှင့် ထင်သလို လုပ်နေကြသော တက္ကသိုလ်ဆရာတို့သည် ကိုဥာဏ်စိန်တို့လို သူငယ်တန်းဆရာလောက် မှ ပြည်သူများကို အကျိုးပြုနိုင်ပါ၏လောဟု သံသယဖြစ်လာမိပါသည်။

စာဖတ်သူ စဉ်းစာကြည့်စေချင်ပါသည်။ တက္ကသိုလ်ကျောင်းသားနှင့် သူငယ်တန်းကျောင်းသား ဘယ်သူက ပိုပြီးများပါသလဲ။ တက္ကသိုလ်ကျောင်း သားဆိုသည်က လက်တစ်ဆုပ်စာလောက်မျှသာဟု ပြောရပါတော့မည်။ နောက်ပြီးတက္ကသိုလ်ကျောင်းသားဆိုသည်က ဧရာမမြို့ကြီးတွေလောက်မှာသာ ရှိပါသည်။သူငယ်တန်းဆိုသည်က ဟိုး … တောကြိုအုံကြားလေးတွေထိအောင် ရှိနေကြပြီး မဟုတ်ပါလား။

နောက်ပြီး သူငယ်တန်းဆရာတွေရဲ့ အသွန်အသင် အဆုံးအမကိုလွန် ပြီးမှ ကျွန်တော်တို့တက္ကသိုလ်ကျောင်းသို့ ရောက်လာကြရသည် မဟုတ်ပါ လား။နောက်ပြီး စာဖတ်သူကိုယ်တိုင် စဉ်းစားကြည့်ပါ။ ကိုယ့်သား၊ ကိုယ့် သမီး၊ ကိုယ့်မြေး၏ ပညာရေးကို စိတ်အ၀င်စားဆုံးမှာ (ကိုဥာဏ်စိန် ပြောသလို) သူငယ်တန်းပဲ မဟုတ်ပါလား။

နောက်ပြီး တက္ကသိုလ်ရောက်သော ကျောင်းသားက ဘယ်လောက်ထိအောင် များပြားပါသလဲ။ မူလတန်းကျောင်းသားဆိုသည်ကတော့ တစ်ပြည်လုံးလောက် ပါပဲ။ တစ်ပြည်လုံးကို ပုံသွင်းနေသော သူငယ်တန်းဆရာများ၏ အရေးပါပုံ ကို ကျွန်တော်ဖြင့် တစိမ့်စိမ့် ကျေးဇူးတင် ကြည်ညိုနေမိပါသည်။

သြော် … ကျွန်တော့်တွင် မြေးမလေးတစ်ယောက် ရလာပြန်တော့ ပိုလို့ပဲ ကိုဥာဏ်စိန်တို့လို သူငယ်တန်းပြ ဆရာ၊ဆရာမများ၏ ကျေးဇူးကို သဘော ပေါက် မျှော်လင့်မိလာရပြန်ပါသည်။တစ်ခုတော့ ရှိပါသည်။ {{ ယာဖျက်တော့ သူခိုး၊ မြေးဖျက်တော့ အဘိုး}} ဟူသော စကားပုံအသစ် ပေါ်မလာလေအောင် ဟို … ဒေါ်အေးသာဆိုသော အဘွားကြီးလို ဆရာ၊ဆရာမလေးတွေ စိတ်မညစ်စေရန်တော့ သတိထားလေဦး မှပဲ။

(အောင်သင်း)

Credit to Kyaw zaw lin

Post Author: Ma Ma Lay