ဆီ နဲ့ ဆပ်ပြာမှုန့်

ဆီ နဲ့ ဆပ်ပြာမှုန့်

ဟိုး … တလောလောက်က စားသုံးဆီနဲ့ပတ်သက်လို့ ဆပ်ပြာမှုန့်တွေထည့်ပြီးရောင်းတယ်၊ မသမာသူတွေက မကောင်းတဲ့ဆီတွေကို ပြန်ရောင်းလို့ရအောင်လုပ်တယ်၊ ဒါကြောင့် မစားသင့်ဘူး၊ စားရင် ကင်ဆာဖြစ်မယ် ဘာဖြစ်မယ်တွေပြောတာကို မီဒီယာတွေပေါ်မှာ တွေ့ခဲ့ရတယ်၊ ကြာပါပြီ၊

ဒါကို အခုတလော ဗရုတ်သုက္ခမန်ဒိုင် တစ်ခုက ချေးခြောက်ရေနှုး လုပ်လာတာ တွေ့လာရပြန်ပါတယ်၊ အဲဒီကိစ္စကို ၂၀၁၃ ထဲမှာ ကျွန်တော် တစ်ခါရေးခဲ့ဘူးတယ်၊ အဲဒီတုန်းက ဆပ်ပြာမှုန့်ထည့်တဲ့ကိစ္စလေး အကြောင်းလောက်ပဲရေးခဲ့တာပါ၊ တခြားပြောတာလေးတွေလည်း တွေ့ရပါသေးတယ်၊ မသမာတဲ့ ဆီကုန်သည်တွေက ဆီကို အပူပေးပြီး ရေတွေထည့်မွှေနေတာတွေ့တယ်၊ ဒါမကောင်းဘူး၊ ဆီကိုပွားအောင် ရေထိုးပြီးရောင်းတာ ဘာညာဆိုပြီး ပြောကြတာလည်းရှိတယ်။

ဒါဟာ တစ်စွန်းတစ်စ သိလာတဲ့ အချက်ကို မိမိထင်မြင်သလို ပုံဖော်ပြောဆိုနေကြတာပါ၊ နည်းပညာအခြေခံကို မသိလို့ ပြောရာကနေ ချဲ့ကားသွားပြီး မကောင်းတဲ့ ပုံဖော်ပြောဆိုချက်တွေဖြစ်သွားတာပါ၊ ဒီနေရာမှာ မသိသေးသူတွေ သိရအောင် စားသုံးဆီ၊ ဆပ်ပြာ နဲ့ ရေ တို့ရဲ့ ဆက်စပ် ပတ်သက်မှုကို အများသိအောင် အတတ်နိုင်ဆုံး လိုတိုရှင်း တင်ပြပါ့မယ်၊ နည်းပညာပိုင်းဆိုင်ရာတွေကို လိပ်ပတ်လည်အောင် ပြောရရင်တော့ အတော်ရှည်ပါလိမ့်မယ်။

စားသုံးဆီဆိုတာ ဆီထွက်သီးနှံ တစ်မျိုးမျိုးကို ကြိတ်ခွဲထုတ်လုပ်ပြီး ထွက်လာတာပါ၊ ဆီစက်ကနေ ကြိတ်ခွဲလိုက်လို့ ထွက်လာတဲ့ဆီဟာ စားဆီ ဆိုပေမင့် နည်းပညာအလိုအရကတော့ ဆီကြမ်း (Crude oil) လို့ပဲ သတ်မှတ်ပါတယ်၊ ဒါကို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အရည်အသွေးကောင်းမွန်တဲ့ စားသုံးဆီရဖို့ဆိုရင် ပြုပြင်ယူရပါသေးတယ်၊ ဒီအတိုင်းစားသုံးရင် ဒီဆီကြမ်းထဲမှာပါနေတဲ့ အခြားပါဝင်ပစ္စည်းတွေကြောင့် ကျန်းမာရေးအတွက် မကောင်းတာရှိနိုင်သလို ဆီအရည်အသွေးပိုင်းကိုလည်း ထိခိုက်နိုင်ပါတယ်၊

မြန်မာနိုင်ငံမှာတော့ ပဲဆီ နှမ်းဆီ စစ်စစ်ကို တန်ဘိုးထား စားသုံးလေ့ရှိတယ်၊ ဆုံဆီစစ်စစ်တို့ ပဲဆီသန့်တို့ ဆိုပြီး ပြောဆိုကြော်ငြာရောင်းကြပါတယ်၊ တကယ်တော့ ဆီသန့်မဟုတ်ပါ၊ သန့်မှ မသန့်ရသေးပဲကိုး၊ ဒီနေရာ မြန်မာစကားရဲ့ရှုပ်ထွေး နက်နဲမှုကြောင့်လည်း ပါမယ်ထင်ရဲ့၊ ရေကို ပြုပြင်သန့်စင်ပြီး ထုတ်လုပ် ရောင်းချတော့ ရေသန့် လို့ခေါ်ပြီး ပဲဆီ နှမ်းဆီကိုကျတော့ ဘာမှ ပြုပြင်ပြောင်းလဲ သန့်စင်ခြင်းမလုပ်ပဲ အရောအနှော မပါအောင် ရောင်းတာကိုကျတော့ ပဲဆီသန့် နှမ်းဆီသန့် ခေါ်ကြပြန်ရော။

ခေါ်ပုံတူပေမဲ့ သက်ရောက် အဓိပ္ပါယ်ခြင်း မတူကြပြန်ဘူး၊ နည်းပညာ အလိုအရကတော့ ဘာမှပြုပြင်သန့်စင်ခြင်း လုပ်မထားတဲ့ဆီက အရောအနှောမပါလို့ ၁၀၀% ရာနှုန်းပြည့်ပဲဆီတို့ ရာနှုန်းပြည့်နှမ်းဆီတို့မကလို့ ရာနှုန်းကျော်ပဲဖြစ်နေနေ ဆီသန့် (Refined oil) တော့ မဟုတ်တာ အသေအချာပဲ။

ကဲ … ဒီတော့ ကြည့်ရအောင် …..ဆီကြိတ်စက်က ထွက်လာတဲ့ ဆီကြမ်း (Crude oil) မှာ စားဖို့သင့်တဲ့ ဆီအစိတ်အပိုင်းအပြင် အခြား မစားသင့်တဲ့၊ အရည်အသွေးကို ထိခိုက်နိုင်တဲ့ အခြားပါဝင်ပစ္စည်း ဘာတွေပါကြသလဲ ကြည့်ရအောင်၊ အရောင်၊ အနံ့၊ အကျိအချွဲဓာတ် (Colloids)၊ ဖယောင်းဓာတ် (Phospholipids)၊ ဓာတ်သတ္တုအချို့၊ လွင့်မျောအဆီအက်ဆစ် (Free Fatty Acid – FFA) တို့၊ ရေနဲ့ အခြား ကွိစိကွစလေးတွေ ပါလာလေ့ရှိတယ်။

ကုန်ကြမ်းဘယ်လောက်ကောင်းကောင်း အနည်းနဲ့အများတော့ ပါတာချည့်၊ ဒါတွေကို ဖယ်ထုတ်သန့်စင်လိုက်မှသာ အရည်အသွေးကောင်းမွန်တဲ့ စားသုံးဆီသန့် (Edible refined oil) ကို ရပါမယ်။ ဒါမှသာ နည်းပညာ အလိုအရ တကယ့် ဆီသန့်ဖြစ်မှာပါ။

ဆီသန့်ဖြစ်အောင်လုပ်တဲ့နည်းစဉ် (Refining process) အကြောင်း အကြမ်းဖျဉ်း လေ့လာကြည့်ရအောင်၊
နည်းလမ်းတွေက အများကြီးရှိပါတယ်၊ အုပ်စု ခွဲကြည့်ရင် Alkali refining process နဲ့ Physical refining process ဆိုပြီးရှိတယ်၊ လုပ်ကိုင်ဆောင်ရွက်ပုံစံနစ်အရ အသုတ်လိုက်စံနစ် (Batch process) နဲ့ စဉ်ဆက်မပြတ်စံနစ် (Continuous process) (မြန်မာလိုဆို အော်တော်ငုတ်တုတ်ပေါ့) ဆိုပြီး ခွဲခြားကြည့်လို့ရသေးတယ်၊ Alkali refining – batch process တစ်မျိုးလောက် လေ့လာရအောင်ပါ။

နည်းစဉ် အဆင့်ဆင့် အမျိုးမျိုးရှိပေမဲ့ မဖြစ်မနေ အခြေခံက ငါးဆင့်လောက်တော့ လုပ်ရတယ်။

(၁) ကော်စေး လို၊ အကျိအချွဲဓာတ်လို၊ အဆီဓာတ်ကို ဖယ်ထုတ်ခြင်း (Degumming)

(၂) လွင့်မျောအဆီအက်ဆစ်ဓာတ်ကို ချေဖျက်ခြင်း (Neutralizing)

(၃) အရောင်၊ သတ္ထုဓာတ် နဲ့ ဆပ်ပြာကြွင်းကို ဖယ်ထုတ်ခြင်း (Bleaching)

(၄) ဖယောင်းဓာတ် ဖယ်ထုတ်ခြင်း၊ ဆောင်းဒဏ်ခံနိုင်ရည် မြှင့်ခြင်း (Dewaxing/ Winterizing)

(၅) အနံ့ချွတ်ခြင်း (Deodorizing)

အဆင့်(၁) အနေနဲ့ ဆီကြမ်းထဲမှာပါနေတဲ့ ကော်စေးဓာတ်နဲ့ အဆီဓာတ်ကို ဖယ်ဖို့ ဆီကို အပူပေးပြီး ရေနဲ့ ရောမွှေပေးရပါတယ်၊ ဒီလို လုပ်လိုက်ရင် အဲဒီဓာတ်တွေက ဆီထဲကနေ ရေထဲကို ပြောင်းပြီး ပျော်ဝင်သွားပါတယ်၊ အဲဒီဓာတ်တွေထဲမှာ ရေမှာမပျော်လွယ်တဲ့ဓာတ်တွေလည်းပါနေတာမို့ ပျော်ဝင်လွယ်သွားအောင် ဖော့စဖောရစ် အက်ဆစ် (Phosphoric acid)၊ ဒါမှမဟုတ် ဆစ်ထရစ်အက်ဆစ် (Citric acid) တစ်ခုခု ထည့်ပေးရပါတယ်၊

ဒီလို လုပ်လိုက်တော့ ဆီကြမ်းထဲက အဲဒီဓာတ်တွေ ရေပျော်လွယ်ပြီး ရေထဲ ပြောင်းရွှေ့ရောက်ရှိသွားပြီဆိုမှ ဆီနဲ့ရေကို ပြန်ခွဲထုတ်လိုက်ပါတယ်၊ ဆီနဲ့ရေကို ခွဲထုတ်တာကတော့ လွယ်မှလွယ်၊ မြန်မာစကားမှာကိုက ရှိပြီးသား၊ ဆီနဲ့ရေလို တခြားစီ ဆိုတာလေ၊ ဆီဆိုတာမျိုးက ရေနဲ့ ဘယ်တော့မှမရော (စကားတော့ ကုန်အောင်ပြောလို့မရ၊ နည်းပညာနဲ့ဆိုရင်တော့ ရောလို့ရတယ်၊ ရောပြီးရင်တော့ ဆီလည်းမဟုတ်တော့ဘူး ရေလည်းမဟုတ်တော့ဘူး)။

ဒုတိယအဆင့်အနေနဲ့ လွင့်မျောအဆီအက်ဆစ် (FFA) ကို ဖယ်ဖို့ ဆီထဲကို ကော့စတစ်ဆိုဒါ (Sodium Hydroxide – NaOH) ထည့်မွှေပေးရတယ်၊ အဲဒီအခါမှာ ဆီထဲက FFA နဲ့ ကော့စတစ်နဲ့ ဓာတ်ပြုပြီး ဆပ်ပြာ ထွက်လာတယ်၊ အဲဒီအဆင့်မှာ ကြည့်လိုက်ရင် အစတုန်းကပြောခဲ့သလို လူပြိန်းမျက်စိမှာ ဆီထဲ ဆပ်ပြာမှုန့်ထည့်မွှေနေသလိုပဲ မြင်ရလိမ့်မယ်၊ ပြီးမှ အငြိမ်ထိုင်ထားလိုက်ရင် ဆီတစ်လွှာ ဆပ်ပြာရည်တစ်လွှာ နှစ်လွှာကွဲသွားလိမ့်မယ်၊ ဒီတော့ ခွဲလိုက်ပေါ့၊ ဆပ်ပြာရည်အပိုင်းမှာ FFA တွေက ပါသွားပြီ၊ လွယ်တယ် ခွဲတာက၊ ပြီးပြီ နှစ်ဆင့်။

တတိယအဆင့် ဆက်ရအောင်၊ အရောင်၊ သတ္ထုဓာတ် နဲ့ ခုနက နည်းနည်းပါးပါးကြွင်းကျန်နိုင်တဲ့ ဆပ်ပြာဓာတ်တွေဖယ်ရအောင်၊ ဒီနေရာမှာကျတော့ ဓာတ်ကြွကာဘွန် (Activated Carbon) နဲ့ ဓာတ်ကြွ ရွှံ့စေးမှုန့် (Activated clay earth/ Kaolin) တွေထည့်တယ်၊ ပြောမည့်သာပြောရတယ်၊ ပြင်ညာယှိ သုထမိန်နဲ့ တွေ့ရင် ဆီထဲ ရွှံ့မှုန့်တွေထည့်ရောင်းပါတယ် ဖွနေရင် ဒုတ်ခေါပဲ၊ ရောသမမွှေပြီးရင် ခုနက ထည့်ခဲ့တဲ့ဟာတွေကို ဆီစစ်နဲ့ ပြန်စစ်ထုတ်ရတာပေါ့၊ ဒီအဆင့်ဆို ဆီက တော်တော်သန့်နေပြီ။

ကဲ .. နောက်တစ်ဆင့်၊ ဖယောင်းဖယ်မယ်၊ ဆောင်းဒဏ်ခံနိုင်အောင်လုပ်မယ်၊ ဆီဆိုတာ အေးလွန်းရင် ခဲတတ်တယ်လေ၊ အေးရင် အရင်ခဲတာ ဆီမှာပါတဲ့ ဖယောင်းဓာတ်ကြောင့်လေ၊ ဆီကို အအေးခံလိုက်တာပေါ့၊ ဖြစ်လာတဲ့အခဲ အနယ်ကျပြီဆိုရင် စစ်ထုတ်ရင်ထုတ်၊ ဒါမှမဟုတ် ဗဟိုခွာစက်နဲ့ လှည့်ပြီး ခွဲထုတ်ရင်ထုတ်၊ တစ်ခုခုလုပ်လိုက်တာပေါ့၊ ဒါဆို ဆီက ကြည်ပြီး ဆောင်းဒဏ်လည်း အထိုက်အလျောက် ခံနိုင်သွားပြီ။

နောက်ဆုံးတစ်ဆင့်… ဆီရဲ့ မကောင်းတဲ့ အနံ့အသက်ပေးတဲ့၊ မပါသင့်တဲ့ အခြားဓာတ်တွေဖြစ်တဲ့ Aldehydes တို့ Ketones တို့ ပျောက်အောင် လုပ်မယ်၊ လေဟာနယ် အခြေအနေမှာ ဆီကို အပူနည်းနည်းပေးပြီး ဆီပန်းလုပ် ပန်းထုတ်၊ ဆီထဲမှာပါနေတဲ့ ခုနကပြောတဲ့ဓာတ်တွေ၊ ရေငွေ့ဓာတ် အကြွင်းအကျန်တွေ၊ FFA အကြွင်းအကျန်တွေ လစ်တော့၊ ပြီးပြီ ဒါဆို၊ သန့်စင်ပြီး စားသုံးသင့်တဲ့၊ အရည်အသွေးကောင်းတဲ့၊ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ဆီသန့် ရပြီ။

ကဲ .. ဒါပါပဲ၊ဆီကို ရေထိုးရောင်းတယ်၊ E Lan ဆပ်ပြာမှုန့်ထည့်ရောင်းတယ်၊ မစားသင့်ဘူးလို့ သူများပြောတိုင်း လျှောက်ယုံ မနေနဲ့ဦး ချစ်သူ၊ ဆီဆိုတာ ရေနဲ့ ရောနှောလို့ရတဲ့အမျိုးမဟုတ်ဘူး၊ ဆီကို သန့်စင်အောင်လုပ်တဲ့ နည်းပညာထဲမှာ အဲဒါတွေက တမင်တောင်ထည့်ပြီးလုပ်ရသေးတာ၊ ပျက်နေတဲ့ ဆီထဲက စားလို့ရတဲ့ဆီ အစိတ်အပိုင်းကို ပြန်လိုချင်ရင် ဘယ်လိုလုပ်ရတယ် ထင်သလဲ၊

ပြောမပြပါဘူး…. သတ်ချင် သတ်လိုက် ….

တော်သေပြီ။

Credit to ပိန်ညောင်

Post Author: Ma Ma Lay