တရားအတုနဲ့ အစစ်ဓမ္မနဲ့ အဓမ္မ ခွဲခြားနည်း

တရားအတုနဲ့ အစစ်ဓမ္မနဲ့ အဓမ္မ ခွဲခြားနည်း

ဒီကနေ့ခေတ် မြန်မာနိုင်ငံမှာ ဓမ္မကထိကဆရာတော်တွေက ဗုဒ္ဓမြတ်စွာ ဟောကြားတော်မူခဲ့တဲ့ ပိဋကတ်သုံးသွယ်၊ နိကာယ်ငါးဖြာ၊ ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်က ထုတ်နုတ်ပြီးဟောကြတယ်။

ဘုရားဟောတရားအတိုင်း ဟောတာဆိုလျှင်တော့ လွဲစရာအကြောင်းမရှိဘူး။ သို့သော် မိမိတို့ရဲ့ ကိုယ်ပိုင်အာဘော်ကလေးတွေ ထည့်ပြီး ပြောသွားတာကျတော့လွဲသွားနိုင်သေးတယ်တဲ့… ။

မိထွေးတော်ဂေါတမီကို မြတ်စွာဘုရားက သင်ပေးသွားတယ်။တစ်ယောက်ယောက်က ” ဓမ္မ – မှန်ကန်တဲ့တရား၊ ၀ိနယ – ဘုရားရဲ့အဆုံးအမ၊ သတ္တုသာသန – မြတ်စွာဘုရားရဲ့သြ၀ါဒ “လို့ အတည်ပြုပြီး လာပြောမယ်ဆိုလျှင် မှတ်ကျောက်တင်ကြည့်လိုက်ပါတဲ့။

ဘုရားရဲ့ ဓမ္မ၊ ၀ိနယ၊ သတ္တုသာသန တရားတော်မှန်လျှင် ရှိနေတဲ့ အတွယ်အတာတွေ လျော့သွားရမယ်။ မုန်းတီးတဲ့စိတ်တွေ လျော့သွားရမယ်။
နောက်ဆုံးမှာ လျော့သွားပြီး လုံးဝပျောက်ကွယ်သွားစေနိုင်တဲ့ စွမ်းအားရှိတယ်။အဲဒီလိုမဟုတ်ဘဲနဲ့ လောဘတွေ၊ ဒေါသတွေ၊ မောဟတွေ တိုးလာမယ်ဆိုရင် ဒါ ဘုရားအဆုံးအမတွေမဟုတ်ဘူးလို့ သေချာဆုံးဖြတ်လိုက်တဲ့။

ကျင့်စဉ်တစ်ခုကိုကျင့်လို့ ကိုယ့်သန္တာန်မှာ…

လောဘနည်းသွားသလား…?

ဒေါသနည်းသွားသလား… ?

မောဟနည်းသွားသလား… ?

ဒါ အဓိကကျတယ်။

လောဘလည်း နည်းမသွားဘူး။ ဒေါသနဲ့ မောဟလည်း နည်းမသွားဘဲ၊ အကုသိုလ်တွေ နည်းမသွားဘဲနဲ့ အကုသိုလ်တွေ တိုးသာလာတယ်ဆိုလျှင် ဒါ မှားတဲ့အကျင့်၊ ဒါ ဘုရားဟောတဲ့တရား မဟုတ်ဘူးလို့ မြတ်စွာဘုရားက မှတ်ကျောက်ပေးထားတယ်။အဲဒီ”စံ”နှင့်ပဲ တိုင်းတာပြီးတော့ မှားတယ်၊ မှန်တယ်ကို ဆုံးဖြတ်ရမယ်တဲ့။

ကျန်တဲ့ History တို့၊ ဘာတို့ဆိုတာတွေက သိပ်ပြီး အရေးပါလှတာ မဟုတ်ဘူး။ အရေးကြီးဆုံးက တရားကို လက်ခံကျင့်သုံးလိုက်လို့ ကိုယ့်သန္တာန်မှာ အသိဉာဏ်တွေ တိုးတက်လာသလား၊ သို့မဟုတ် အသိဉာဏ်တွေ ဆုတ်ယုတ်သွားသလား၊ ကောင်းမွန်တဲ့ စိတ်သဘောထားတွေ တိုးတက်လာသလား၊ သို့မဟုတ် ဆုတ်ယုတ်သွားသလား၊ သူတော်ကောင်းစိတ် ပိုပြီးဝင်လာသလား၊ သို့မဟုတ် လျော့နည်းသွားသလား ဆိုတာသာ အရေးကြီးတယ်။

တရားနာလိုက်တဲ့အတွက်ကြောင့် ကိုယ့်စိတ်ဟာ ယဉ်ကျေးလာသလား၊ လောဘတွေ နည်းလာသလား၊ ဒေါသတွေ နည်းလာသလား၊ အရင်က တစ်နေ့ကို ဆယ်ခါလောက် စိတ်ဆိုးရင် တရားနာပြီးတဲ့နောက်မှာ တစ်ခါတောင်မှ အနိုင်နိုင်ဆိုးတော့တယ်ဆိုရင် ဒါ တိုးတက်မှုပဲ။

လောဘဖြစ်တဲ့၊ ဒေါသဖြစ်တဲ့ အကြိမ်တွေ နည်းလာပြီဆိုရင်ဒါ တိုးတက်မှုပဲ။ မြတ်စွာဘုရားက အဲဒီ ” စံ “ကို ပေးထားခဲ့တယ်။ဘုရားဟောတရား မှန်သလား၊ မမှန်ဘူးလားဆိုတာ အဲဒါနှင့်ပဲ တိုင်းပါတဲ့… ။

ပါမောက္ခချုပ်ဆရာတော် ဘဒ္ဒန္တ္တဒေါက်တာနန္ဒမာလာဘိဝံသ ဟောကြားတော်မူသော “သေချာသောလမ်းမှ လျှောက်လှမ်းပါ” တရားတော်မှ ကောက်နုတ်ဖော်ပြသည်။

Credit

Post Author: Ma Ma Lay