ပညာဆီ အရောက်လှမ်းကြမယ်

ပညာဆီ အရောက်လှမ်းကြမယ်

ကျွန်တော်တို့လူငယ်တွေမှာ အတွေ့ရများဆုံး ပြဿနာတစ်ခုက ဘာလဲဆိုရင် ကိုယ့်ကိုကိုယ်မသိခြင်းပါပဲ။ ကိုယ်ဘာဝါသနာပါမှန်း မသိဘူး၊ ကိုယ့်မှာ ဘာအားသာချက်တွေ ဘာအရည်အချင်းတွေ ရှိနေတယ် ဆိုတာ မသိဘူး၊ ကိုယ့်ဘ၀မှာ ဘာဖြစ်ချင်လို့ ဖြစ်ချင်မှန်းလည်း မသိကြဘူး။

ကျွန်တော်တို့တွေဟာ အလုံပိတ်ထားတဲ့ နိုင်ငံရေးစနစ်တစ်ခုအောက်မှာ ကြီးပြင်းခဲ့ကြရတယ်။ အစမ်းသပ်ခံပညာရေးစနစ်တွေကြားထဲမှာ ဒါသင် ဒါကျက် ဒါမေး ဒါဖြေ ပုံစံနဲ့ ပညာဆိုတာကြီးကို သင်ကြားခဲ့ကြရတယ်။ တစ်ဖက်သတ် သင်ပေးလိုက်တဲ့ Teaching ပဲ ရှိတယ်၊ အသိပညာ တကယ်ရစေနိုင်တဲ့ Thinking ဆိုတာ မရှိဘူး။ Discussion မရှိဘူး၊ Brainstorming မရှိဘူး။ ပညာ ဆိုတာ စာမေးပွဲမှာ အမှတ်များများ ရဖို့ပဲလို့ နားလည်ခဲ့ကြတယ်။

နိုင်ငံကတင် အလုံပိတ်တာ မဟုတ်ဘူး၊ မိဘတွေကလည်း အလုံပိတ်တယ်၊ ဆရာတွေကလည်း အလုံပိတ်တယ်၊ ကျောင်းသားတစ်ယောက် အပြင်စာဖတ်နေရင်၊ အားကစားလုပ်နေရင် အဲဒါဟာ ကျောင်းစာထိခိုက်ဖို့ လမ်းစပဲ လို့ မြင်ပြီး တားကြဆီးကြ ပိတ်ပင်ကြတယ်။ ကျောင်းသားတစ်ယောက် ပညာတော် မတော်ကို Report card ထဲက အမှတ်နဲ့ပဲ တိုင်းတာကြတယ်။

ဆယ်တန်းရောက်နေတဲ့ သားသမီးအတွက် မိဘရဲ့မျှော်လင့်ချက်ဟာ အမှတ်ကောင်းကောင်းနဲ့ အောင်ပြီး ဆေးကျောင်းတက်ခွင့်ရဖို့ကလွဲရင် တခြားမရှိဘူး။ ရှိပြီးသားလမ်းကိုပဲ သက်သက်သာသာ သွားစေချင်တယ်၊ လမ်းအသစ်ဖေါက်တာကို အားမပေးဘူး။

တကယ်တော့ Educate ဆိုတဲ့ စကားလုံးက လက်တင်စကားဖြစ်တဲ့ Educo ကနေ လာတာပါ၊ To educe, to draw out, to develop from within လို့ အဓိပ္ပါယ်ရပါတယ်။ မီးခဲပြာဖုံးဖြစ်နေတဲ့ အရည်အသွေးတွေကို အရောင်တင်ပေးခြင်း၊ ဖော်ထုတ်ပေးခြင်းကသာ ပညာရေးပါ။ မိဘအလိုကျ ပုံသွင်းခြင်းကို education လို့ ခေါ်တာ မဟုတ်ပါဘူး။

အဲလို အလုံပိတ်ခံထားရတဲ့အတွက် အပြင်မှာ ဘာတွေဖြစ်နေလဲ ကျွန်တော်တို့မသိဘူး။ အမြင်မကျယ်ဘူး၊ အသိမကြွယ်ဘူး။ ဆယ်တန်းကို ထူးထူးချွန်ချွန် အောင်မြင်လာတဲ့ ကျောင်းသူကျောင်းသားတွေကို ဘ၀မှာ ဘာဖြစ်ဖို့ ရည်မှန်းထားလဲလို့ မေးကြည့်လိုက်ရင် အားလုံးနီးပါးက အောင်မြင်တဲ့ ဆရာဝန်ကြီးတစ်ယောက် ဖြစ်အောင်လုပ်မယ် ဆိုတာချည်းပဲ။

သိပံ္ပပညာရှင် ဖြစ်ချင်တယ်တို့၊ ဒါရိုက်တာ၊ Web developer ဖြစ်အောင် ကြိုးစားမယ် တို့၊ Internaional Relation ဆက်တက်မယ်တို့ ဖြေတာမျိုးတွေက မကြားဖူးသလောက်ပဲ။ ဆရာဝန်လုပ်ဖို့ တကယ်ဝါသနာပါတာလည်း ဖြစ်ရင်ဖြစ်မယ်၊ ဒါမှမဟုတ် ဆယ်တန်းအောင်ပြီး အမှတ်ကောင်းရင် ဒါပဲ တက်စရာရှိတယ်ဆိုတဲ့ ပုံစံခွက်ထဲမှာ နေနေရတာကြောင့်လည်း ပါမယ်။

ပြောရရင်တော့ ကျွန်တော်တို့လူငယ်တွေဟာ အိပ်မက်ကြီးကြီး မမက်ရဲကြဘူး၊ မက်လည်း မမက်တတ်ကြဘူး၊ မက်ရဲလောက်တဲ့ အနေအထားမျိုးမှာလည်း ရှိမနေကြဘူး။ ဥပမာဆိုပါတော့၊ လူငယ်တစ်ယောက်က နိုင်ငံရေးသိပ္ပံ Political Science ကို အရမ်းဝါသနာပါတယ်၊ ဒါကိုသာ လေ့လာနေရရင် ထမင်းမေ့ဟင်းမေ့ပဲ၊ ဒါပေမဲ့ ဒီအလုပ်ကို ပရော်ဖက်ရှင်နယ်အနေနဲ့ ရွေးချယ်ဖို့အတွက်ကျတော့ တော်တော်လေး စွန့်စားရသလို ဖြစ်နေတယ်။

ဒါနဲ့ပတ်သက်လို့ အလုပ်အကိုင် မပေါဘူး၊ ဈေးကွက်မရှိဘူး။ အဲ့ဒီမှာတင် ပိုက်ဆံရဖို့သက်သက်အတွက် သူစိတ်မ၀င်စားတဲ့ အလုပ်တစ်ခုကို ၀င်လုပ်ရတော့တယ်၊ စိတ်ဝင်စားမှု၊ အလုပ်အပေါ် ချစ်မြတ်နိုးမှု မရှိတဲ့အခါ သူ့ရဲ့ စွမ်းဆောင်ရည်ဟာ သာမန်ထက် မပိုဘူး၊ အဲ့ဒီတော့ သူလုပ်နေတဲ့ အဖွဲ့အစည်း၊ အသိုင်းအ၀ိုင်းကလည်း တိုးတက်မှု မရှိတော့ဘူး

ကြာတော့ စိတ်ဓါတ်ကျလာတယ်၊ မပျော်တော့ဘူး၊ ဒါပေမဲ့လည်း ဒီအလုပ်ကို စွန့်ပြီး နောက်တစ်ခုကို ရဲရဲဝံ့ဝံ့ ပြောင်းလိုက်ဖို့လည်း သတ္တိက မရှိဘူး။ ပတ်ဝန်းကျင်က အားမပေးဘူး။ ဒါနဲ့ပဲ သံသရာက လည်နေတယ်၊ နောက်ဆုံးချုပ်လိုက်တော့ သူမတိုးတက်ဘူး၊ သူ့အဖွဲ့မတိုးတက်ဘူး၊ အဲ့လိုလူငယ်တွေ ပေါင်းစည်းထားတဲ့ တိုင်းပြည်ရဲ့ အနာဂတ်ကလည်း မတိုးတက်တော့ဘူး။

စတိဗ်ဂျော့ကိုတော့ အားလုံးသိပြီးဖြစ်မှာပါ။ လူသေပေမဲ့ နာမည်မသေတဲ့ ပညာရှင်တွေထဲက တစ်ယောက်ပေါ့။ သူ့ငယ်ဘ၀က တော်တော်လေး စိတ်ဝင်စားစရာ ကောင်းသလို၊ အတုယူဖို့လည်း ကောင်းပါတယ်။ သူ့အမေက ကောလိပ်ကျောင်းသူ၊ အိမ်ထောင်မပြုဘဲနဲ့ သူ့ကိုမွေးတယ်၊ သူ့သားကို တက္ကသိုလ် ရောက်အောင် ပို့ပေးပါ့မယ်လို့ ကတိပေးတဲ့ လင်မယားနှစ်ယောက်ဆီကို မွေးစားဖို့ ပေးခဲ့တယ်။

သူတို့ကတိအတိုင်း စတိဗ်ဂျော့ဟာ ကောလိပ်ကျောင်းကို တက်ခွင့်ရတယ်။ ဒါပေမဲ့ သူ့ကိုယ်သူ ပိုက်ဆံတွေ အလဟဿ ဖြုန်းနေမိပြီ ထင်တာရယ်၊ မွေးစားမိဘတွေကို သနားလာတာရယ်ကြောင့် ကောလိပ်ရောက်ပြီး ၆လအကြာမှာတင် ကျောင်းကထွက်လိုက်တယ်။ ကျောင်းကလည်း ထွက်ပြီးရော သူ စိတ်မ၀င်စားတဲ့ အလုပ်ဆို ဘာတစ်ခုမှ မလုပ်တော့ဘဲ၊ သူတက်ချင်တဲ့ သူတကယ်စိတ်ဝင်စားတဲ့ အတန်းတွေကိုချည်း လိုက်တက်တော့တယ်။

အဲ့ဒီထဲက သင်တန်းတစ်ခုက Calligraphy လို့ ခေါ်တဲ့ စာလုံးအလှရေးနည်းသင်တန်း။ သူ့ဘ၀ရှေ့ရေးအတွက်ရယ်လို့ ရည်ရွယ်ပြီး တက်ခဲ့တာတော့ မဟုတ်ဘူး၊ စိတ်ဝင်စားလို့ တက်ခဲ့တာပဲ။ ဒါပေမဲ့ အဲ့ဒီလို ဘာရယ်မဟုတ် တက်မိခဲ့တဲ့ သင်တန်းက သူနောင်တစ်ချိန် မက္ကင်းတော့ရှ် ကွန်ပျူတာအတွက် ဒီဇိုင်းလုပ်တဲ့အခါ အရမ်းအသုံးကျသွားတယ်။ အဲ့ဒီလိုနဲ့ လှပတဲ့စာလုံးတွေရေးနိုင်တဲ့ ပထမဆုံးကွန်ပျူတာရယ်လို့ ပေါ်လာပါတော့တယ်။ စတိဗ်ဂျော့ရဲ့ အောင်မြင်မှုတွေထဲက မှတ်တိုင်တစ်ခုလည်း ဖြစ်သွားခဲ့တယ်။

စတိဗ်ဂျော့က သူ့အတွေ့အကြုံတွေက တစ်ဆင့် ပြောပြသွားပါတယ်

ဘ၀ဆိုတာ အမှတ်စက်များကို ဆက်ခြင်းပဲတဲ့။ အမှတ်စက်ဆိုတာကတော့ ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာတွေရော ဘာရယ်မဟုတ် တောင်လုပ်မြောက်လုပ် လုပ်မိတာတွေရော ပါတာပေါ့။ ဒါပေမဲ့ တစ်ခုရှိတာက အဲ့ဒီအမှတ်စက်တွေက ရှေ့ကိုမှန်းပြီး ဆက်လို့ မရဘူး၊ နောက်ပြန်ကြည့်ပြီးမှသာ ဆက်လို့ရပါတယ်။

ဖြစ်ချင်တာနဲ့ ဖြစ်နေတာ တစ်ထပ်တည်း ကျဖို့ မပြောနဲ့၊ ပြဒါးတစ်လမ်း သံတစ်လမ်းတောင် ဖြစ်နေပါတယ်ဆိုတဲ့သူတွေ၊ ကိုယ့်ကိုကိုယ် ဘာဖြစ်ချင်မှန်းကို မသိပါဘူးဆိုတဲ့သူတွေအတွက် စတိဗ်ဂျော့ရဲ့ ဘ၀ရှာပုံတော်ဖြစ်စဉ်လေးက အတုယူစရာကောင်းပါတယ်။ လမ်းပျောက်နေတယ်လို့ ညည်းနေမဲ့အစား ကြိုးစားပြီး ဆက်လျှာက်ကြည့်လိုက်တာက တွေ့နိုင်ချေ ပိုများတာပေါ့။ စိတ်ညစ်ပြီး ထိုင်မနေဘဲနဲ့သာ ဆက်လျှောက်နေ။ ကိုယ်တကယ်လျှောက်ချင်တဲ့ လမ်းကို တစ်နေ့ တွေ့လာလိမ့်မယ်။ ကိုယ့်ရဲ့ အားသာချက်တွေကို မြင်လာလိမ့်မယ်။ ကိုယ့်ကိုကိုယ်ရှာတွေ့လာပါလိမ့်မယ်။

ကြီးကျယ်တဲ့အလုပ်တစ်ခုကို လုပ်နိုင်ဖို့ တစ်ခုတည်းသော လိုအပ်ချက်က အဲ့ဒီအလုပ်ကို ကိုယ်တကယ်မြတ်နိုးဖို့ပါပဲ တဲ့။ အဲဒီလို ကိုယ်တကယ်စုံမက်တဲ့အလုပ်ကို မတွေ့မချင်း ရှာရပါမယ်၊ သတ္တိရှိရပါမယ်၊ အပြောင်းအလဲကို မြတ်နိုးရမယ်၊ စွန့်စားသင့်ရင် စွန့်စားရဲရမယ်။ ပြောရရင် စာများများဖတ် အလုပ်များများလုပ်ပြီး များများတွေး များများသင်ယူကြရပါမယ်။ ဘ၀ဆိုတာ အမှတ်စက်လေးတွေကို နောက်ပြန်ဆက်ပြီး ပုံဖော်ယူရတာဆိုတော့ ဆက်စရာ အမှတ်စက်လေးတွေ များလေလေ၊ ပုံဖော်လို့ ရလာတဲ့ ဘ၀ကလည်း လှပလေလေပဲပေါ့။

လူတစ်ယောက် အောင်မြင်ဖို့အတွက် သူကိုယ်တိုင်ရဲ့ အရည်အချင်း အရေးကြီးသလို၊ ပတ်ဝန်းကျင်ရဲ့ ပံ့ပိုးမှုကိုလည်း မေ့ထားလို့ မရပါဘူး။ ကမ္ဘာကျော်သူဌေးကြီး ဘီလ်ဂိတ်စ်သာ မြန်မာပြည်မှာ မွေးဖွါးကြီးပြင်းခဲ့ရမယ်ဆိုရင် သူ ဒီနေ့လို အနေအထားမျိုး ဖြစ်နေဖို့ တကယ်မလွယ်ပါဘူး။

အမေရိကန်လို နိုင်ငံမျိုး၊ ဖွံ့ဖြိုးပြီးနိုင်ငံမျိုးမှာ မွေးဖွါးကြီးပြင်းလာရတဲ့ လူငယ်တစ်ယောက်နဲ့ မြန်မာပြည်က လူငယ်တစ်ယောက် အမြင်ချင်း၊ ခံယူချက်ချင်း၊ အတွေ့အကြုံ၊ ကျွမ်းကျင်မှုချင်း တူနိုင်ပါ့မလား။ ဝေးဝေးမကြည့်ပါနဲ့ဦး၊ အင်တာနက် သုံးတာကိုပဲ ကြည့်၊ သူများနိုင်ငံတွေမှာ အင်တာနက် (၁)နာရီ သုံးလို့ ရလာတဲ့ သတင်းအချက်အလက် ပမာဏကို ရဖို့ ကျွန်တော်တို့တွေက (၃)နာရီလောက် အချိန်ပေးကြရတယ်။ အင်္ဂလန်မှာ လူလာဖြစ်တဲ့သူနဲ့ မြန်မာပြည်မှာ လူလာဖြစ်တဲ့သူ ဘယ်သူက ကမ္ဘာကျော် ဘောလုံးသမားဖြစ်ဖို့ ပိုလွယ်ကူမလဲ။

ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှာ ရှိနေတဲ့ ကမ္ဘာ့အဆင့်အတန်းမီ အရည်အသွေးတွေ ဆိုတာမှာလည်း သူကိုယ်တိုင်ရဲ့ ကြိုးစားအားထုတ်မှု၊ သတ္တိ၊ စိတ်ပိုင်းဖြတ်မှုတွေအပြင် နိုင်ငံခြားမှာ ကြီးပြင်းခဲ့တာ၊ တက္ကသိုလ်တက်ခဲ့ရတာ၊ ကာလအတန်ကြာ နေထိုင်အခြေချခဲ့ဖူးတာ၊ ဒါတွေကိုလည်း မေ့ထားလို့တော့ မရဘူး။ နောက်ဆုံးကုန်ကုန်ပြောရရင် ရန်ကုန်မှာနေတဲ့ လူငယ်တစ်ယောက်နဲ့ နယ်က လူငယ်တစ်ယောက်တောင် ပညာရေးအခွင့်အလမ်းချင်း တူမနေကြပါဘူး။

ဒါဖြင့် စဉ်းစားစရာ ဖြစ်လာတယ်၊ လူဆိုတာ မိမိကိုယ်သာ ကိုးကွယ်ရာ၏ လို့တောင် ဘုရားဟော ရှိသေးတယ်မဟုတ်လား၊ လူက အဓိကပဲလေ၊ ဒီလိုတွေ ပတ်ဝန်းကျင်ကို လိုက်လက်ညှိုးထိုးနေလို့ ဘယ်ဖြစ်မလဲ။ နောက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဖေ၊ ဗိုလ်ချူပ်အောင်ဆန်းက နတ်မောက်ကလေ၊ ဘယ်နိုင်ငံခြားမှာမှလည်း မမွေးဘူး၊ ကြီးလည်းမကြီးပြင်းဘူး၊ သူဆိုလည်း တော်လိုက်တာမှ ပြောမနေနဲ့၊ နောက် ဖျာပုံက ဆရာဇော်ဂျီတို့၊ ပန်းတနော်က ဦးသန့်တို့ဆိုရင်ရော။

ဟုတ်ပါတယ်၊ ဒါတွေ ပြောနေတာ ဘုရားဟောကို ဆန့်ကျင်တာ မဟုတ်ပါဘူး၊ အောင်မြင်ဖို့အတွက် နေရာတကာ အထောက်အပံ့ရှာ၊ အမှီရှာခိုင်းနေတာလည်း မဟုတ်သလို၊ စိတ်ဓါတ်ကျဖို့လည်း မဟုတ်ဘူး၊ တောမှာ မွေးတိုင်း မအောင်မြင်နိုင်တော့ဘူးလို့ ပြောနေတာလည်း မဟုတ်ဘူး။ ဗိုလ်ချူပ်အောင်ဆန်းတို့လို တောမြို့လေးတွေကနေ ကမ္ဘာကျော်သွားတဲ့သူတွေ ကမ္ဘာမှာရော မြန်မာမှာပါ အများကြီးပါပဲ။

ဒါပေမဲ့ တစ်ခုမမေ့ဖို့လိုတာက အဲဒီပုဂ္ဂိုလ်ကြီးတွေရဲ့ အောင်မြင်မှုနောက်ကွယ်မှာ လျို့ဝှက်ချက်တစ်ခုရှိတယ်။ အဲဒါကတော့ “ပညာ” ပါပဲ။ နတ်မောက်သား ဗိုလ်ချူပ်အောင်ဆန်း၊ ပန်းတနော်သား ဦးသန့်၊ ဖျာပုံသား ဆရာဇော်ဂျီ၊ သူတို့တွေဟာ ခုနကလို တောမြို့တွေမှာ မွေးဖွါးကြီးပြင်းလာရတာ ဆိုပေမဲ့ သူတို့ဘေးမှာ စာအုပ်တွေ ရှိတယ်၊ ပညာကို လိုလားတဲ့ အသိုင်းအ၀ိုင်း ရှိတယ်။

ဒါကြောင့် လူတစ်ယောက် အောင်မြင်ဖို့ ဘာမှမရှိဘူးဆိုတောင် အနည်းဆုံး စာအုပ်တွေတော့ ရှိဖို့လိုတယ်၊ စာဖတ်ခြင်းကို အားပေးတဲ့၊ အားလည်းအားပေးနိုင်တဲ့ အသိုင်းအ၀ိုင်း ရှိဖို့လိုတယ်။ အဲဒါဆိုရင် ခေတ်မီနည်းပညာတွေ မရှိတောင်မှ အဲဒီစာအုပ်တွေကတစ်ဆင့် သူ့ဟာသူ အရောက်သွားလိမ့်မယ်၊ ငွေကြေးကြွယ်ဝမှုတွေဆီကိုလည်း အဲဒီပညာကတစ်ဆင့်ပဲ အရောက်သွားလို့ ရနိုင်တယ်။ အဲဒီတော့ တိုင်းပြည်တိုးတက်ဖို့ အနည်းဆုံး စာအုပ်တွေတော့ ပြည့်ပြည့်စုံစုံ လုံလုံလောက်လောက် ရှိရလိမ့်မယ်။

ခုခေတ်ကို Globalization Age လို့ ခေါ်ကြတယ်။ ဆိုလိုတာက ကမ္ဘာကြီးက ရွာကြီးသဖွယ် ဖြစ်လာပြီ၊ အရင်လို ကိုယ့်အချင်းချင်းပဲ ပြိုင်နေလို့ မရတော့ဘူး၊ တစ်ကမ္ဘာလုံးနဲ့ ပြိုင်ရတော့မယ်။ ခု ကျွန်တော်တို့ ဆရာဝန်တွေထဲမှာ နိုင်ငံခြားထွက်ကြမဲ့သူတွေ ရှိတယ်၊ ဒီမှာပဲ လုပ်မယ်ဆိုတဲ့သူတွေ ရှိတယ်။

ခုချိန်မှာ နိုင်ငံခြား အကူအညီတွေ၊ ပူးပေါင်းဆောင်ရွက်မှုတွေ ၀င်လာကြပြီ၊ သူတို့နဲ့အတူ ပြိုင်ဆိုင်မှုတွေပါ ၀င်လာကြတော့မယ်။ အဲဒီအခါ ဒီဆရာဝန်ကတော့ မြန်မာမို့လို့ ဒီရောဂါကို မသိလည်း မကုတတ်လည်း ကိစ္စမရှိဘူး၊ သူကြောင့် လူနာသေသွားလည်း ခွင့်လွှတ်တယ် ဆိုတာမျိုးတွေ ရှိမှာမဟုတ်ဘူး။

မြန်မာပဲဖြစ်ဖြစ်၊ ကိုရီးယားပဲဖြစ်ဖြစ်၊ အမေရိကန်ပဲဖြစ်ဖြစ် အားလုံးဟာ အတူတူပဲ၊ အားလုံးဟာ ပြင်ညီကွင်းပေါ်မှာပဲ စံနှုန်းတစ်ခုတည်းနဲ့ ပြိုင်ကြဆိုင်ကြရမှာပဲ၊ ဘယ်သူ့ ဘယ်သူကိုမှ အကျောပေးတယ် ဆိုတာမရှိဘူး။ ဒါပေမဲ့ ကျွန်တော်တို့တွေဟာ ရေခံမြေခံကောင်းမှာ ပေါက်ဖွါးရှင်သန်ခဲ့ရသူတွေ မဟုတ်တော့ ပြိုင်ပွဲမ၀င်ခင်ကတည်းက သူများနောက် ရောက်နှင့်နေပြီဆိုတာကို ရှင်းရှင်းလင်းလင်း သဘောပေါက်ထားရမယ်။ အဲဒီတော့ ကျွန်တော်တို့တွေ ဘာလုပ်ကြရမလဲ။

ဆရာမ ဂျူး ကတော့ သူ့ရဲ့ စောင့်နေမယ်လို့ မပြောလိုက်ဘူး ၀တ္ထုမှာ ရေးဖူးတယ်..

“လူငယ်တွေမှာ ကြွယ်ဝတဲ့ ပတ်ဝန်းကျင်တစ်ခု လိုအပ်တယ်၊ Rich environment လို့ ခေါ်တာပေါ့၊ ဘ၀အောင်မြင်မှုအတွက် အရေးကြီးတဲ့ အရာတွေပေါ့၊ စာအုပ်တွေ လိုမယ်၊ ခေတ်ကိုအမီလိုက်ဖို့ သင့်တင့်တဲ့ နည်းပညာတွေ လိုမယ်၊ ပညာကို ကိုယ့်ကို လက်ဆင့်ကမ်းနိုင်မယ့် လူတွေလိုမယ်။ အဲဒီပတ်ဝန်းကျင်ဆိုတာက တချို့အတွက် အလိုအလျောက် ရှိနေပြီး တချို့အတွက်တော့ ကိုယ်တိုင်အားထုတ်ဖန်တီးမှ ရတယ်။ ပညာက ကိုယ့်အနားကို မလာရင် ကိုယ်က ပညာဆီ သွားရမှာပဲ။”

ဟုတ်တယ်၊ လုပ်ရမှာကတော့ ပညာက ကိုယ့်ဆီမလာရင် ကိုယ်က ပညာဆီ မရောက်ရောက်အောင် သွားကြရမှာပဲ၊ ဒါပဲ၊ ဒီ့အပြင် တခြားနည်းလမ်း မရှိဘူး။

ကမ္ဘာကျော်သူဌေးကြီး ဘီလ်ဂိတ်ကလည်း ကမ္ဘာကျော်စကားတစ်ခွန်းကို ပြောဖူးတယ်..

“မွေးဖွါးလာတဲ့ အချိန်မှာ ဆင်းရဲနေတာဟာ မင်းအပြစ် မဟုတ်ဘူး၊ သေဆုံးတော့မယ့်အချိန်မှာ ဆင်းရဲနေရင်တော့ အဲဒါ မင်းအပြစ်ပဲ” တဲ့။

သိပ်ကောင်းတဲ့ စကားလေးပါ၊ သူ့စကားလေးနဲ့ ဆရာဇော်ဂျီရဲ့ သင်သေသွားသော် ကဗျာလေးကို ချိတ်ဆက်ကြည့်မိတယ်။

ဆင်းရဲတဲ့တိုင်းပြည်၊ မဖွံ့ဖြိုးသေးတဲ့တိုင်းပြည်မှာ လူလာဖြစ်ရတာ ကျွန်တော်တို့တွေရဲ့ အပြစ်လား၊ မဟုတ်ပါဘူး၊ ကျွန်တော်တို့အပြစ် လုံးဝမဟုတ်ဘူး။ အဲဒီအတွက်လည်း သိမ်ငယ်စရာ မရှိသလို ရှက်နေ၊ အားငယ်နေစရာလည်း မလိုဘူး။ အဓိက က ကိုယ့်အခြေအနေ ကိုယ်သိပြီး ကောင်းကောင်းလက်ခံနိုင်ဖို့ပဲ။

ဒါပေမဲ့ ကျွန်တော်တို့တွေ သေဆုံးသွားတဲ့အခါ ခုလိုပဲ ဆင်းရဲတဲ့တိုင်းပြည်၊ LDC စာရင်းဝင် တိုင်းပြည်၊ ပညာတတ်ရှားပါးတဲ့ တိုင်းပြည်မျိုးကိုပဲ ဆက်လက်ချန်ထားခဲ့ကြဦးမယ်ဆိုရင်တော့ အဲဒါဟာ ကျွန်တော်တို့ရဲ့ အပြစ်ဖြစ်သွားပြီ်၊ သိပ်လည်း ရှက်စရာကောင်းသွားပြီ။ ဘယ်သူကမှ မတင်တဲ့ အဲဒီအပြစ်၊ ဘယ်သူကမှ အရေးမယူ ထောင်မချတဲ့ အဲဒီအပြစ်ကို ကျွန်တော်တို့လူငယ်တွေအားလုံး ရှောင်လွှဲနိုင်ဖို့အတွက် တစ်ခုတည်းသောလမ်းကတော့ ပညာပဲ ဖြစ်ပါတယ်။

ဟုတ်ပါတယ်၊ ကျွန်တော်တို့လူငယ်တွေ ပညာဆီ အရောက်သွားကြရပါမယ်။

ဒေါက်တာဖြိုးသီဟ

Post Author: Ma Ma Lay