လူငယ်များကိုဝန်းရံကြ

လူငယ်များကိုဝန်းရံကြ

မြန်မာနိုင်ငံ၏လူဦးရေမှာ ၂ဝ၁၅ ခုနှစ်သန်းခေါင်စာရင်းကောက်စဉ်က(၅၁.၄၉)သန်းခန့်ရှိ သည်ဆို၏။ ထိုဦးရေအနက် အသက်(၁၅)နှစ်အောက်လူငယ်ဦးရေမှာ(၂၈.၆) ရာခိုင်နှုန်းခန့် ရှိရာ လူငယ်ဦးရေ(၁၅)သန်းနီးပါးရှိ၏။ ယခု ဆောင်းပါးတွင် လူငယ်များအတွက်စဉ်းစားမိသည်ကိုဝေမျှလို၏။

စာဖတ်သူများလည်းလူငယ်များအတွက် ဝိုင်းဝန်းစဉ်းစားပေးစေလိုပါသည်။ ယနေ့လူငယ် နောင်ဝယ် လူကြီးဟုအဆိုရှိသည် မဟုတ်ပါလား။ကျွန်တော်တို့၏အနာဂတ်ကို ပုံဖော်ကြမည့် သူများဖြစ်သည် မဟုတ်လား။လူငယ်များအရေးပြောရလျှင် ကျောင်းနေသည့်လူငယ်နှင့် ကျောင်းမနေသည့်လူငယ်ဟူ၍ နှစ်မျိုး ခွဲပြီးစဉ်းစားရပါမည်။ အမှန်မှာတော့ အသက်(၁၅)နှစ်အောက်ဆိုသည်မှာ စာသင်ခန်းထဲတွင်သာ ရှိနေသင့်သည့် အရွယ်ဖြစ်၏။

သူတို့ စာသင်ခန်းထဲရောက်ရေးကို ဝိုင်းဝန်းကြိုးပမ်းကြရမည်ဖြစ်သည်။စာသင်ခန်းအတွင်းရောက်ပြီးလျှင်လည်း နေပျော်သောကျောင်းများဖြစ်အောင်ဖန်တီးရဦးမည်ဖြစ်၏။ ယခုအစိုးရသစ်လက်ထက်တွင် တိုးတက်မှုတစ်ခုမြင်ရ၏။ ကျောင်းအပ်စဉ် ငွေကြေးတစ်စုံတစ်ရာမပေးရခြင်းနှင့်ကျောင်းဝတ်စုံဗလာစာအုပ်၊ ဖတ်စာအုပ်တို့အခမဲ့ထောက်ပံ့ခြင်းဖြစ်၏။

ကျောင်းသားများအတွက် ပြည့်သည် မဟုတ်သေးသော်လည်းယခင်နှင့်စာလျှင် တော်ပါသေး၏။ နိုင်ငံတော်၏ဝင်ငွေတိုးတက်လာပြီးပညာရေးအသုံးစရိတ်ကို တိုးမြှင့်ရရှိလျှင်တော့ အထက်တန်းအဆင့်အထိကျောင်းသားအားလုံးကိုအရာ ခပ်သိမ်းအခမဲ့ဖြစ်စေသင့်၏။

ထို့အပြင်လည်း ကလေးများကျောင်းပျော်အောင် နည်းလမ်းများရှာရမည်ဖြစ်သည်။ ကျောင်းနေပျော်၍ စာတော်ရမည်ဟူသည့်ဆောင်ပုဒ်ကိုဆောင်ပုဒ်သက်သက်မဟုတ် အမှန် အသက်ဝင်အောင် ဆောင်ရွက်ကြရပါမည်။ ကျောင်းနေပျော်ဖို့ဆိုသည်မှာ စာသင်ရုံသက်သက်မျှနှင့်မပြီးတော့ပါ။ ကလေး၏စိတ်ဓာတ်ပိုင်း၊ စာရိတ္တပိုင်း၊ ကျန်းမာကြံ့ခိုင်ရေး
အပိုင်း၊ အများနှင့်ပူးပေါင်း လုပ်ကိုင်တတ်မှုအစရှိသည်တို့ကိုပါပေါ့ပါးပျော်ရွှင်စွာ လေ့ကျင့်ပျိုးထောင်ပေးရမည်ဖြစ်၏။

အခြေခံပညာကျောင်းတိုင်းတွင် လွတ်လပ်ပေါ့ပါးသော စာသင်ကြားမှုစနစ်ရှိရမည်။ ကလေးတို့အသက်အရွယ်အလိုက် ကစားခုန်စားလုပ်ရမည်။ပုံပြောခြင်း၊ ဇာတ်လမ်းကလေးတို့တွင် ပါဝင်သရုပ်ဆောင်ခြင်း၊သီချင်းဆိုပြိုင်ခြင်း၊ ပန်းချီဆွဲခြင်း၊ ကဗျာစပ်ခြင်းစသည်ဖြင့် ကလေး၏ဥာဏ်ရည်နှင့် စာရိတ္တတို့ကို မြှင့်တင်နိုင်မည့် အခြေအနေတို့ဖန်တီးပေးရမည်။

ယခုအခါ ပျောက်ကွယ်သလောက်ရှိနေသည့်ကျောင်းတွင်းစာကြည့်တိုက်တို့ ပြန်လည်အသက်ဝင်စေရန်လည်းအရေးတကြီးလုပ်ပေးရမည်သာဖြစ်၏။ ထို့ပြင်ကလေးများ ပြင်ပဗဟုသုတ၊ ဒေသန္တရဗဟုသုတရစေရန် အနီးအနားဒေသများ၊
တောတောင်လယ်ကွင်းများ၊ မြစ်ချောင်းများ၊ ဇာတ်ရုံများ၊ပြတိုက်များစသည်ဖြင့် လေ့လာရေးခရီးတိုများစီစဉ်သင့်၏။

ထိုသို့သောအစီအစဉ်များ လုပ်ဆောင်ရာတွင်လည်း ငွေကြေးပြည့်စုံသူကျောင်းသားများသာပါဝင်ခွင့်ရခြင်းမျိုး မဖြစ်စေဘဲ အားလုံးတန်းတူပါဝင်ခွင့်ရရန်စီစဉ်ရန်လိုပါ၏။ ကလေးများငယ်စဉ်ကတည်းကလူမျိုး၊ဘာသာ၊ ဆင်းရဲချမ်းသာ၊ ဆူကြုံနိမ့်မြင့်ခွဲခြားသောစိတ်မျိုး မပေါ်ရန်အလေးထားသင့်၏။

သို့မှသာ ကျောင်းနေကလေးတိုင်း ကျောင်းပျော်မည်ဖြစ်၏။ မြန်မာနိုင်ငံ၏ စာရင်းဇယားများအရ ကျောင်းနေအရွယ်ကလေးအားလုံးနီးပါးကျောင်းနေကြသော်လည်း မူလတန်းအဆင့်မပြီးမီကျောင်းထွက်ကုန်ကြ၏။ မူလတန်းဆုံးခန်းတိုင်မသင်နိုင်သောနှုန်းမှာမြို့ပြများတွင်(၁.၉)ရာခိုင်နှုန်းသာရှိသော်လည်း ကျေးလက်တောရွာများတွင်(၁၃.၉)ရာခိုင်နှုန်းအထိရှိ၏။

ကလေးငယ်များ ထိုသို့မူလတန်းအဆင့်ပင်ပြီးစီးအောင် မတက်နိုင်ခြင်း အကျိုးဆက်ကို ထိုကလေးငယ်များသာမကသူတို့၏မိဘများအပြင် နိုင်ငံတော်တစ်ခုလုံးအထိ သက်ရောက်ခံစားရ၏။ပညာခေတ်ကြီးတွင် ပညာနည်းသူတို့အများစုနေထိုင်ရာ နိုင်ငံတစ်ခုအဖို့လူရာဝင်နိုင်ရန်မလွယ်လှပါ။

ကလေးငယ်များ ကျောင်းပြီးအောင်မတက်နိုင်ခြင်း၏ အဓိကအကြောင်းရင်းများမှာ နေထိုင်သည့်အိမ်နှင့်ကျောင်းဝေးလွန်းခြင်း၊ ကျောင်းစရိတ်မတတ်နိုင်ခြင်း၊ နေထိုင်ရာအရပ်တွင်စစ်မက်ဖြစ်ပွားခြင်း၊ သဘာဝဘေးအန္တရာယ် ကျရောက်ခြင်း၊
မိဘများ၏ စီးပွားရေးအရ ရွှေ့ပြောင်းအလုပ်သမားများဖြစ်ခြင်း၊ကလေးငယ် အလုပ်လုပ်သည့်ဝင်ငွေကို သုံးစွဲနေရခြင်းတို့ကြောင့်ဖြစ်သည်။

၎င်းတို့အပြင် တိုင်းရင်းသားကလေးငယ်တို့အတွက် ရင်ဆိုင်ရသောအခက်အခဲတစ်ရပ်မှာ သင်ကြားသောမြန်မာဘာသာစကားနှင့်မိခင်ဘာသာစကားမတူညီ မှုလည်းရှိသေး၏။ ကျွန်တော်တို့မြန်မာနိုင်ငံအနေနှင့် အတော်ပင်နိမ့်ကျနေသောအခြေအနေမှရုန်းထွက်ရန်ကြိုးစားဆဲကာလဖြစ်၍ စိတ်စော၍မရသည်ကို သိပါ၏။

ပျက်နေသောနိုင်ငံရေးစနစ်ကို ပြင်ရမည်၊ စီးပွားရေးစနစ် ပြင်ရမည်၊ပညာရေးစနစ်ပြင်ရမည်၊ အုပ်ချုပ်ရေးစနစ်ပြင်ရမည်၊ ကျန်းမာရေးစနစ်ပြင်ရမည်၊ ပြည်သူများ၏ နိမ့်ကျနေသောစာရိတ္တကို ပြင်ရမည်။ပြင်ရန်မြောက်မြားစွာရှိသည်ကို သိပါ၏။ သို့သော် ထိုမြောက်မြားစွာထဲမှအရေးအကြီးဆုံးကိုပြောပါဆိုလျှင် လူငယ်များ၏အနာဂတ်ဖြစ်၏။

တစ်ဆယ့်ငါးသန်းသော လူငယ်များ၏ပညာရေးကို ဦးစားပေးလုပ်ဆောင်ပေးလျှင် ကျန်အခက်အခဲများပါ ဖြေရှင်းပြီး ဖြစ်သွားပါလိမ့်မည်။ကလေးငယ်များ ကျောင်းမတက်နိုင်ခြင်း၏ အကြောင်းတရားများကိုသိရှိလျှင် ဖြေရှင်းရမည့်နည်းလမ်းများကို နိုင်ငံတော်အစိုးရ၊ လွှတ်တော်အသီးသီး၊ အသင်းအဖွဲ့များ၊ ပညာရှင်များနှင့် စိတ်ဝင်စားသူနိုင်ငံသားများပူးပေါင်း၍ အဖြေရှာလိုက်လျှင် သိပ်တော့ခဲယဉ်းမည်မထင်ပါ။

ယခုခေတ်စားနေသော အသုံးအနှုန်းဖြင့် ဤဆောင်းပါးကိုအဆုံးသတ်ပါမည်။
‘လူငယ်များကိုဝန်းရံကြ’

ကျော်ထွဋ်ကျော်

Post Author: Ma Ma Lay