လူ့သဘော လူ့မနော

လူ့သဘော လူ့မနော

အဆိုတော် မေရီတစ်ယောက် အချိန်တိုအတွင်း ဘာလို့နာမည်ကြီးလာသလဲ။ဂီတပုံစံ၊ စန်း၊ အသံ၊ ရုပ်ရည် စသဖြင့် ရှိပါမယ်။ ဒါပေမယ့် သူကိုယ်တိုင်တောင် မရည်ရွယ်ဘဲ လုပ်လိုက်တာလေးက ဒီလိုနာမည်ကျော်စေခဲ့တဲ့ အကြောင်းရင်းတွေထဲကတစ်ခု လို့ (တစ်ဦးတည်းအမြင်အရ) မြင်မိတယ်။

အဲဒါ ဘာလဲဆိုတော့ ၀ဲ သီချင်းနဲ့ပတ်သက်ပြီး လူတွေဝေဖန်လို့ Account deactivate လုပ်လိုက်တာပဲ။ဒီအခါ သဘောကျတဲ့ ပရိသတ်က တသသ ဖြစ်ကျန်ခဲ့တယ်။ လူပြောများလာတယ်။ အဲဒီအချိန်မှာပဲ Mask သီချင်းနဲ့အတူ ပြန်ရောက်လာခဲ့တယ်။

တကယ်တော့ အဲဒီလုပ်ရပ်ဟာ (မေရီကိုယ်တိုင် မရည်ရွယ်ဘဲ ဖြစ်သွားတဲ့) Using ‘Absence’ to increase respect and honor ရှားပါးအောင်လုပ်ပြီး တန်ဖိုးတက်အောင် မြှင့်သွားခြင်း ပဲ ဖြစ်ပါတယ်။

48 Laws of power ဆိုတဲ့ စာအုပ်ရှိပါတယ်။ လူတွေနဲ့ ဆက်ဆံတဲ့အခါ ပါဝါရရာရကြောင်း လုပ်ဆောင်သင့်တာတွေကို ရေးထားတာပါ။ ညစ်ပတ်တဲ့နည်းတွေလည်း ပါသလို၊ ကိုယ်တွေအသုံးချလို့ရတဲ့ နည်းတွေလည်း ပါပါတယ်။

အဲဒီထဲက ဖြစ်ရပ်တစ်ခုကို ပြောပါမယ်

အာဆီးရီးယန်း (Assyrians) တွေရဲ့ နှစ်ပေါင်းများစွာ အုပ်ချုပ်မှုကို ခံခဲ့ကြရတဲ့ မီဒီးစ်(Medes) တွေဟာ ဘီစီ(၈)ရာစုအရောက်မှာတော့ တော်လှန်ပုန်ကန်ပြီး လွတ်လပ်ရေးရယူခဲ့ကြတယ်။ သူတို့ကိုယ်ပိုင်အုပ်ချုပ်မှု လုပ်ရတော့မယ်ဆိုတဲ့အခါကျတော့ အတိတ်က ဖြစ်ရပ်တွေကို သင်ခန်းစာယူပြီး ဘုရင်စနစ်နဲ့ မလုပ်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ အဲဒီလိုဦးဆောင်သူမဲ့ အုပ်ချုပ်ကြတဲ့အခါကျတော့ တိုင်းပြည်က တည်ငြိမ်မှုတွေ ပျောက်ဆုံးလာခဲ့ရတယ်။

တရားသူကြီးတွေ အကျင့်ပျက်လာကြတယ်။ တရားရုံးက ဆုံးဖြတ်ပေးလိုက်လည်း ဘယ်သူကမှ လေးလေးစားစား မလိုက်နာကြတော့ဘူး။အဲဒီလိုအချိန်မျိုးမှာ ကျေးရွာတစ်ရွာက Deioces ဆိုတဲ့ လူတစ်ယောက်ဟာ မတရားမှုတွေကို ကိုင်တွယ်ဆုံးဖြတ်တဲ့နေရာမှာ နာမည်တော်တော်လေးကြီးလာတယ်။ နောက်ဆုံး ရှိသမျှ ရွာနီးချုပ်စပ်က လူတွေအားလုံးကပါ သူ့ဆီလာပြီး အဆုံးအဖြတ်ယူလာကြတဲ့အထိပဲ။

အဲဒီလို အားလုံးက ယုံကြည်အားကိုးနေတဲ့အချိန်မှာ ရုတ်တရက်ဆိုသလို မလုပ်တော့ဘူးဆိုပြီး ရပ်ပစ်လိုက်တယ်။ အဲဒီမှာတင်ပဲ တိုင်းပြည်က အရင်လို မတည်မငြိမ်နဲ့ ဒုစရိုက်မှုတွေ ထူပြောလာပြန်တော့ ရွာတွေရွာတွေ စုပြီး အစည်းအဝေးလုပ်ကြတယ်။

ဒီအတိုင်းတော့ မဖြစ်ချေဘူး၊ ဘုရင်စနစ်ကို ပြန်ထူထောင်မှဖြစ်တော့မယ်၊ အဲဒီဘုရင်နေရာကိုလည်း သမာသမတ်လည်းရှိ၊ အရည်အချင်းလည်းရှိတဲ့ ခုနက တရားသူကြီးကိုပဲ ပေးအပ်မယ်ဆိုပြီး ဆုံးဖြတ်လိုက်ကြတာကနေ နောက်ဆုံးမှာ သူဟာ ဘုရင်အဖြစ်နဲ့ တိုင်းပြည်ကို ၃၅နှစ်တိုင်တိုင် အုပ်ချုပ်သွားနိုင်ခဲ့တယ်။ နောင်တစ်ချိန် ပါရှန်းအင်ပါယာ ဖြစ်လာစေမဲ့ တိုင်းပြည်ကြီးကို အုတ်မြစ်ချပေးနိုင်ခဲ့တယ်။

သူရဲ့ ဥပမာကို လေ့လာကြည့်ရင် သူဟာ The law of presence and absence ကို ကောင်းကောင်းအသုံးချသွားတာကို တွေ့ရပါမယ်။ အရင်ဆုံး ရှိနေအောင် ကြိုးစားတယ်၊ လူအများကို သတိထားမိစေတယ်၊ နှစ်သက်စေတယ်။ ကိုယ့်ရဲ့ရှိတည်မှုကို အားလုံးက အသိအမှတ်ပြုနေချိန်၊ လိုချင်နေချိန်ကျတော့မှ လူမြင်ကွင်းကနေ ဖျောက်နေလိုက်တယ်။ အဲဒီအခါ ကိုယ့်ရဲ့တန်ဖိုးက ပိုတက်လာပြီး ဘုရင်နေရာထိ တက်လှမ်းသွားနိုင်ခဲ့ပါတယ်။

ဒီနည်းလမ်းကို မိမိဘ၀မှာလည်း အသုံးချလို့ရပါတယ်။

အရင်ဆုံးအောင်မြင်အောင် ကြိုးစားပါ။ နောက်ပြီးရင် ဘယ်အချိန်မှာ အနားယူသင့်သလဲဆိုတာကိုလည်း သိထားပါ။ တချိ့နာမည်ကျော် ဘောလုံးသမားတွေ၊ ရုပ်ရှင်မင်းသားမင်းသမီးတွေ နာမည်တက်နေတဲ့အချိန်မှာ ရုတ်တရက်အနားယူလိုက်တာမျိုးတွေ မြင်ဖူးမှာပါ။ အဲဒါဟာ ဒီသဘောတရားပါပဲ။

ဘယ်သူမှ ခေါ်မသုံးတော့လို့ အနားယူရတာမဟုတ်ဘဲ နာမည်တက်နေချိန်မှာ အနားယူလိုက်တာက အားလုံးကို တသသနဲ့ ဖြစ်ကျန်နေစေခဲ့ပါတယ်။ အရာအားလုံးမှာ အတက်ပြီးရင် အကျရှိပါတယ်။ နေရာတစ်ခုမှာ ကိုယ်အမြင့်ဆုံးထိ ရောက်ပြီးရင် ပြန်ကျတဲ့အထိ စောင့်မနေပါနဲ့၊ အနိုင်နဲ့ပိုင်း ထွက်လာခဲ့ပြီး နယ်ပယ်သစ်မှာ နာမည်ကောင်းနဲ့ စတင်လိုက်ပါ။

စီးပွါးရေးမှာဆိုလည်း ဒီလိုပါပဲ။

တချို့သောကုန်ပစ္စည်းတွေ Limited edition နဲ့ထုတ်ပါတယ်။ ရုတ်တရက်တွေးကြည့်တော့ ဒီထက်ပိုထုတ်ရင် ဒီထက်ပိုရောင်းရပြီး ပိုတောင် မြတ်ဦးမယ် ထင်ချင်စရာ ရှိပါတယ်။ ဒါပေမဲ့ အဲဒီလို ကန့်သတ်ပမာဏ ထုတ်လိုက်တဲ့အတွက် ၀ယ်သူတွေရဲ့စိတ်ထဲမှာ ဒါကိုကိုင်နိုင်တာ ဘယ်လိုလူတန်းစားတွေ ဆိုတဲ့အဆင့်တစ်ခု သတ်မှတ်ပေးလိုက်သလို ဖြစ်သွားပါတယ်။

ဒီရှားပါးပစ္စည်းကို လိုချင်ကြတဲ့အခါ ၀ယ်လိုအားက အဆမတန် တက်လာတယ်၊ ၀ယ်လိုအားက ရောင်းလိုအားထက် ပိုမြင့်နေတဲ့အခါကျတော့ ဈေးက ဘယ်လောက်မြင့်မြင့် ဆိုတဲ့အထိ ဖြစ်လာတယ်။ဒီလိုနည်းလမ်းတွေကို ကောင်းတယ်မြင်တဲ့သူ၊ ဆိုးတယ်မြင်တဲ့သူ အမျိုးမျိုး ရှိနိုင်ပါတယ်။ ကိုယ်လုပ်နေတဲ့အလုပ်၊ ကိုယ့်ဘ၀အတွေ့အကြုံတွေနဲ့လည်း ဆိုင်သေးတာကိုး။ သေချာတာကတော့ လူတွေကို လွှမ်းမိုးချင်တယ်ဆိုရင် လူတွေအကြောင်း သိဖို့က လိုကိုလိုပါတယ်။

နမူနာတစ်ခု ပြောပြမယ်

ကိုယ်က သူငယ်ချင်းတွေ ဘာလိုလို ကူညီပေးတတ်တယ် ဆိုပါတော့။ ဒါဆို လူချစ်လူခင် ပေါရင်ပေါမယ်၊ သို့သော် တစ်ခါလေး မကူညီမိလိုက်ဘူး ဆိုပါတော့။ ကိုယ့်ကို အပြစ်တင်လို့ ဆုံးမှာမဟုတ်ဘူး။ ကူညီရင်းကူညီရင်းနဲ့ ကူညီတာက ကိုယ်မဖြစ်မနေ လုပ်ပေးရမယ့်အလုပ်လို ဖြစ်လာတယ်။

သိပ်မကူညီတတ်တဲ့ နောက်တစ်ယောက်က ထူးထူးဆန်းဆန်း ကူညီပေးလိုက်တယ် ဆိုပါတော့။ အဲဒါဆိုရင်တော့ တအားကို ကျေးဇူးတွေတင်နေကြလိမ့်မယ်။ ဒါ သဘာဝပဲ။ သူငယ်ချင်းတွေကြားထဲလည်း ဒီလိုပဲ၊ မိဘနဲ့သားသမီးတောင် ဒီိလိုသဘောတွေ ရှိတယ်။

ဘယ်သူ့ကိုမဆို အရိုးစင်းဆုံး ဆက်ဆံမယ်ဆိုတာက တချို့သော ကျင်လည်ရာလောကတွေမှာ သိပ်အလုပ်မဖြစ်လှဘူးဆိုတာကို အတွေ့အကြုံများလာတာနဲ့အမျှ သတိထားမိလာပါလိမ့်မယ်။

ဒေါက်တာ ဖြိုးသီဟ

Post Author: Ma Ma Lay