သားသမီးကျေးဇူး

သားသမီးကျေးဇူး

(တယူသန်တဖက်ပိတ်စိတ်ထားတတ်သောမိဘများကိုရည်ရွယ်ပါသည်)

သားသမီးတွေကိုကိုယ်စိတ်တိုင်းကျတယ်ဆိုတဲ့မိဘ အင်မတန်မှ……ရှားပါတယ်။အဲ့ဒာကြောင့်လည်းမိဘနဲ့ သားသမီးကြားမှာထိပ်တိုက်အငြင်းပွားမှုတွေ ကြုံနေရတာပေါ့။မိဘတွေဘက်က အမြဲ………….မှန်တယ်ဆိုပြီးတထစ်ချယူဆရင် ပြဿနာက…..ပိုကြီးတတ်ပါတယ်။တချို့မိဘတွေက သားသမီးတွေနဲ့ဆက်ဆံတဲ့အခါမှာကိုယ့်ရဲ့ အတ္တ လောဘ ဒေါသ မောဟတွေမလျှော့တဲ့အပြင် ပိုလို့တောင်ရှေ့တန်းတင်တတ်ကြပါသေးတယ်။

မိသားစုထဲမှာ ဆွေးနွေးကြ တိုင်ပင်ကြတဲ့အခါငါတို့က…..ပိုတတ်တယ်။ပိုမှန်တယ်။ပြီးတော့ ငါတို့ကမိဘဆိုတော့နင်တို့အပေါ်မှာ ကျေးဇူးကြီးတယ်ဆိုတဲ့စကားလုံးကိုတွင်တွင်သုံးလေ့ရှိကြပါတယ်။သားသမီးကိုသာလက်ညှိုးထိုးအပြစ်တင်လေ့ရှိပြီးကိုယ့်အမှားကိုကျတော့ လုံးဝ မမြင်တတ်ကြတာများပါတယ်။

သားသမီးရဲ့အားထုတ်နိုင်မှုထက်မိဘကပိုလိုချင်တဲ့လောဘကရှေ့ကိုရောက်နေတဲ့အတွက်ပါ။သားသမီးကိုပိုတော်ပိုထက် ပိုတတ်စေချင်တဲ့စေတနာသာကြီးတယ်။ကိုယ့်ဖက်က ပညာဉာဏ်နဲ့ ဆင်ခြင်တုံတရားနုံ့နေတာကျတော့ပြန်မမြင်တတ်ကြတာ…..သဘာဝပါ။

သားသမီးဆိုတာငယ်ရွယ်ချိန်မှာကမရင့်ကျက်ကြသေးတော့မိဘရဲ့ပြောဆိုဆုံးမမှုကို နာခံရမယ်ဆိုတာကတော့သဘာဝကျပါတယ်။ဒါပေမယ့်လည်း သူတို့စဉ်းစားတတ်တဲ့အရွယ်ရောက်လာတဲ့အခါအထိုက်အလျောက်လည်းရင့်ကျက်လာတဲ့အခါမိဘများက စိတ်ရှည်စွာနဲ့နားထောင်ဆွေးနွေးပေးဖို့လိုလာပါပြီ။

မိဘရဲ့လွဲနေတဲ့အမှားတွေ ပြုပြင်သင့်တာတွေ သူတို့လေးတွေမြင်တတ်လာကြပါပြီ။လူမှုရေး စီးပွားရေး နယ်ပယ်အသီးသီးတင်မကကိုယ့်အဖေနဲ့အမေရဲ့အိမ်ထောင်ရေးမှာဖြစ်နေတဲ့အားနည်းချက်တွေကိုပါမြင်တတ်လာကြပါပြီ။ဒီတော့ ရှည်ရှည်ဝေးဝေးလည်း မတွေးပါနဲ့။ကြီးကြီးကျယ်ကျယ်လည်း မဟုတ်ပါဘူး။သေးသေးလေးကစပြီး ပြောင်းကြည့်ပါလား။

မိဘလိုအပ်တဲ့အချိန်မှာ ညည်းညူခြင်းမရှိဘဲ မိဘဆီပြေးလာပြီးကူညီပေးနေပေးတဲ့အချိန်များ(အခိုက်အတန့်လေးပဲဖြစ်ဖြစ်)ကြုံတဲ့အခါသားသမီးတွေကို သတ်သတ်မှတ်အချိန်လေးယူပြီးအသိအမှတ်ပြု……စကားပြောပါ။ကျေးဇူးတင်ကြောင်းကိုလည်းလှိုက်လှိုက်လှဲလှဲ…..ပြောပါ။အရေးကြီးတဲ့ဆွေးနွေးမှုတွေမှာလည်းအချိန်ပေး……….နားထောင်ပေးပါ။စိတ်ရှည်ရှည်နဲ့…..ပြန်ရှင်းပြပေးပါ။

သူပြန်ဆွေးနွေးလို့ သူ့ဘက်ကမှန်နေရင်လည်းကိုယ့်အယူအဆမှားသွားကြောင်းဝန်ခံစကား………ပြောပေးပါ။အဲ့လိုလေးပြောဖို့ကိုတောင်မှ နှုတ်တွန့်နေသူမိဘများ ရှိနေမှာပါ။တခုခုတော့လွဲနေပြီလို့ပြောချင်ပါတယ်။ရှက်တာလား။ အောက်ကျတယ်ထင်တာလား။ကိုယ်ကသူ့ကို တချိန်က ဆိုးတယ်လို့သတ်မှတ်ထားလို့အခုပုံစံပြောင်းပြီးဆက်ဆံရမှာရွံ့နေတာလားပေါ့။

မိဘတော်တော်များများက သူတို့ရဲ့အားနည်းချက်နဲ့ အမှားတွေကိုရှက်စိတ်ကြောင့်ထင်တယ်။သားသမီးတွေကို ဝန်ခံလေ့မရှိကြပါဘူး။ဝန်ခံလေ့မရှိတဲ့အပြင်မိဘကျေးဇူး မပစ်မှားရဘူးဆိုတဲ့စကားတစ်ခုနဲ့ အရင်းပြုပြီးသူတို့ “သာ” အမြဲမှန်တယ် ဆိုတဲ့အယူအဆကိုအတ္တစိတ်နဲ့ဖန်တီးအနိုင်ယူတတ်ကြလို့ပါ။(ကိုယ်ကိုယ်တိုင်အပါအဝင်လို့ ဝန်ခံပါရစေ။)

အမှန်တရားမဟုတ်တဲ့အမှားတခုကို ကျေးဇူးတရားဆိုတာကြီးနဲ့မိဘတော်တော်များများက(အထူးသဖြင့်မြန်မာပြည်မှာ)ဖုံးအုပ်လေ့ရှိပါတယ်။အနောက်နိုင်ငံမှာက အမှန်တရားနဲ့ ကျေးဇူးတရားကိုလုံးထွေးပစ်ခွင့်မပေးကြပါ။ငယ်ငယ်လေးထဲကကိုယ့်မိဘမှားရင် မကြောက်ဘဲ ရဲရဲတင်းတင်းပြန်ပြောရဲဖို့လေ့ကျင့်သင်ကြားပြီးသားပါ။

ရိုက်နှက်ဆုံးမရင်တောင် ကလေးက ရဲ…..ကိုတိုင်ဖို့ကိုကျောင်းကမှာထားပါတယ်။အဲဒီတော့ ကလေးတွေကမိဘကျေးဇူးကသပ်သပ်အမှန်တရားကသပ်သပ် ဆိုတာငယ်ငယ်ကတည်းကခွဲခြားသိနေပါပြီ။စုန်ရေ……ဆိုပြီး နေရာတကာ အသားလွတ်အပေါ်စီးကအမြဲနေချင်/နေတတ်သူတွေ စဉ်းစားဖို့ပါ။

လောကက လက်မခံနိုင်တဲ့အပြုအမူတွေကိုဆိုးဆိုးရွားရွားလုပ်နေ/ရိုင်းနေတဲ့သားဆိုး/သမီးဆိုးတွေရထားသူတွေကိုမဆိုလိုပါဘူး။အထူးသဖြင့် ဒီခေတ်မှာခေတ်ပညာတတ်သားသမီးတွေလုပ်ငန်းအတွေ့အကြုံများလာတဲ့သားသမီးတွေကစွန့်စားလိုစိတ်များပါတယ်။ဖေါက်ထွက်ချင်ကြပါတယ်။မှီခိုမှုကင်းပြီး ပိုပြီး….လွတ်လွတ်လပ်နေလိုကြပါတယ်။နေလို့ရဖို့ခေတ်ကလည်းပြောင်းလာပြီကိုး။

ဥပမာ- အခုဒစ်ဂျစ်တယ်ခေတ်ကြီးမှာအင်တာနက်လူမှုကွန်ယက်တွေကနေအတတ်ပညာ သတင်းအချက်အလက်တွေနဲ့
ဗဟုသုတတွေ ရှာဖွေရာမှာမိဘတွေထက် အဆင်ပြေအားကိုးရနေပါပြီ။ဟိုး….အရင်တုန်းကဆို ကိုယ်သိလိုတာတော်တော်များများကိုမိဘဆီကမှရတာ…..များပါတယ်။

ဖုန်းတစ်လုံးရှိတာနဲ့တင်မိဘအိမ်လေးကနေ ပြင်ပလောကဝန်းကျင်ထဲမကြောက်မရွံ့သွားရဲတဲ့အခြေအနေကပေးနေပါပြီ။Generation gapကပိုကြီးလာသလိုIndependant စိတ်တွေကို သိပ်ချုပ်ချယ်လို့…..မရတော့ပါဘူး။စိတ်ရှည်ဖို့ အဓိကလိုအပ်သလိုအရင်ကထက်စာရင် ပိုပြီး…..သူတို့ကိုအချိန်ပေးပြီး နားထောင်ပေးဖို့လိုနေပါပြီ။

အပြန်အလှန်အသိအမှတ်ပြုဖို့လိုပါပြီ။မိသားစုတိုင်းကိုတော့ မဆိုလိုပါဘူး။ပျော်ရွှင်မှုအတော်အသင့်ရှိတဲ့တချို့မိသားစုတွေမှာ စိတ်ချမ်းမြေ့နေရတာဟာဒုက္ခ(ကြီးကြီးကျယ်ကျယ်)မပေးတတ်တဲ့သားသမီးတွေကြောင့်ပါ။စကားလုံးကြမ်းကြမ်းသုံးရရင်မိဘကျေးဇူး…….ဆိုတာကြီးကိုတဖက်သတ် မသုံးပါနဲ့။

သားသမီးကျေးဇူး လည်းလောကကြီးမှာရှိတယ်ဆိုတာ မြင်အောင်ကြည့်ပါ။ မြင်အောင်လည်းကြိုးစားရှာကြည့်ပေးပါလို့တယူသန်မိဘတွေကိုအထူး…….တိုက်တွန်းချင်ပါတယ်။ဆက်ဆံရေးတွေ အဆင်ပြေလာပါလိမ့်မယ် ။

ctedit : KyawvTun Aung

Post Author: Ma Ma Lay