သီတင်းကျွတ်အပြန်

သီတင်းကျွတ်အပြန်

(အခန်း – ၁)

သီတင်းကျွတ်တော့မည်။ သီတင်းကျွတ်ခါနီးပြီဆိုသည်နှင့် ကျွန်တော် ပထမဆုံးလုပ်သည့်အလုပ်သည် ခြံထဲတွင် ကျင်းလေးများ တူးခြင်းဖြစ်သည်။ ကျင်းတူးသည် ဆိုရာတွင် အချင်းနှစ်လက်မ ကျယ်ပြီး နှစ်လက်မခန့်နက်သော ကျင်းငယ်လေးများကို ခြံစည်းရိုးနှင့် ကပ်လျက်ရှိသော မြေကြီးတွင် တူးခြင်းဖြစ်သည်။

ထို့နောက် ခြံထဲရှိ ဗာဒံပင် တွင် ဗာဒံရွက်ကြီး အရွက်ကြီးမည်မျှခန့် ရနိုင်သည်ကို လေ့လာမည်။ သို့နှင့် သီတင်းကျွတ် အဖိတ်နေ့၊ သီတင်းကျွတ်လပြည့်နေ့ နှင့် လပြည့်ကျော်တစ်ရက်နေ့များတွင် အဆိုပါကျင်းများထဲတွင် ဖယောင်းတိုင်များ စိုက်လျက် ဖယောင်းတိုင်တစ်တိုင်ချင်းစီကို ဗာဒံရွက်များဖြင့် ပတ်ပတ်လည်ကာ ကာ မီးထွန်းတော့သည်။ အနီးကပ်ကြည့်လျှင် အဆိုပါကဲ့သို့ မီးထွန်းမှုမှာ ထူးခြားမှု သိပ်မရှိသော်လည်း အဝေးမှ ကြည့်လျှင်၊ အထူးသဖြင့် ခြံပြင်မှ ကြည့်လျှင် အစိမ်းရောင်မီးပုံးများကို မြေကြီးတွင် ချ၍ ထွန်းထားသကဲ့သို့ မီးရောင်တလဲ့လဲ့ဖြင့် လွန်စွာလှပပါသည်။

သို့သော် ထိုသို သူများနှင့်မတူ တမူထူးစွာ မီးပူဇော်ခြင်းကို အဖေက မကြိုက်၊ သီတင်းကျွတ်မီးထွန်းပွဲပြီးသွားလျှင် ခြံထဲတွင် ကျင်းဟောင်းလောင်းများဖြင့် ရုပ်ပျက်သည်။ ခြံထဲရှိ သူ့ပန်းပင်များကို မီးဟပ်မှာစိုးသည် စသည်ဖြင့် ပွစိပွစိပြောလေ့ရှိသည်။

သို့သော် အဖေ မည်မျှပင် ပြောပြော ကျွန်တော်သည် ၉နှစ်သားမှ စ၍ အဆိုပါကျင်း၉ကျင်းတူးပြီး မီးပူဇော်ခဲ့သည်မှာ ယခု ကျွန်တော် နိုင်ငံခြားသို့ အလုပ်ဖြင့် ထွက်မလာခင် သီတင်းကျွတ်အထိ ၂၄ကျင်း တူးခဲ့သည်။

ငယ်စဉ်ခါတွင် ဆော့ကစားချင်စိတ်ဖက်၍ ဤနည်းဖြင့် မီးပူဇော်ခဲ့ခြင်းဖြစ်သော်လည်း အရွယ်ရောက်လာသောအခါ သီတင်းကျွတ်ရောက်လာတိုင်း အဖေ့အား စ နောက် ချင်သော စိတ် စွက်လာသောကြောင့် ယခုကဲ့သို့ မီးပူဇော်မြဲ ပူဇော်နေခြင်း ဖြစ်သည်။ မွေးနေ့သက်စေ့လဲ လှူချင်သေးသည့် ကျွန်တော့်ဆန္ဒအား အဖေသည် လက်မှိုင်ချကာ ကျွန်တော် ထွန်းထားသည့် အစိမ်းရောင်ဖန့်ဖန့် မီးရောင်လေးများကို တငေးတမော ကြည့်နေခဲ့သည်။

(အခန်း – ၂)

ထို့သို့ မီးပူဇော်ပြီးသည်နှင့် စက်ဘီးအား ဆွဲကာ သူငယ်ချင်းများနှင့် လည်ပတ်ရန် ကျွန်တော် ထွက်တော့သည်။ လက်ဘက်ရည်ဆိုင်တွင် ရေနွေးအိုး၅အိုးခန့် ကုန်ပြီးသောအခါမှ အိမ်သို့ ပြန်ရန် သတိရသည်။ ည မိုးစုပ်စုပ်ချုပ်မှ ပြန်လာသော ကျွန်တော့်အား အဖေသည် ခြံစည်းရိုးတံခါးအား မှောင်မှောင်မဲမဲထဲတွင် လာဖွင့်ပေးပြီး ကျွန်တော့် ဗာဒံရွက်မီးအိမ်ရှိ ဖယောင်းတိုင်လေးများအား တစ်တိုင်မီးငြိမ်းသွားတိုင်း နောက်တစ်တိုင်ထပ်စိုက်ပြီး ရတနာသုံးပါးအား ရည်မှန်း၍ သုံးတိုင်မြောက်သည်အထိ ကျင်းပေါက်စေ့အောင် ပူဇော်ထားပေးကြောင်း၊ လေတိုက်ပြီး မီးငြိမ်းမည် ၊၊ မီး စ လွင့်မည် စိုးသောကြောင့် ဂရုတစိုက်ကြည့်နေရကြောင်း၊ ကျွန်တော် စ ခဲ့သည့် အလုပ်တစ်ခုအား သူ့မှာ အမြဲပဲ နောက်က လိုက်ကြည့်နေရကြောင်း တရစပ် ပြောလေ့ရှိလေသည်။

ဤသည်မှာ သီတင်းကျွတ်ရောက်တိုင်း ကျွန်တော်တို့ သားအဖနှစ်ယောက် ကြုံတွေ့နေရသော ပြဿနာဖြစ်၏။ ကျွန်တော်ကလဲ ကျင်းလေးများ တူးမြဲ။ အဖေကလဲ ပွစိပွစိပြောရင်းဖြင့်ပင် ဖယောင်းတိုင်လေးများဖြင့် မီးများ ထွန်းပေးစမြဲပင်။

(အခန်း – ၃)

စာစီစာကုံးရေးရန် ၀ါသနာပါသော ကျွန်တော်သည် သီတင်းကျွတ်ရောက်တိုင်း အလယ်တန်းနှင့် အထက်တန်း ကျောင်း တက်စဉ် သီတင်းကျွတ်လပြည့်နေ့အကြောင်း၊ မယ်တော်မိနတ်သားအား မြတ်စွာဘုရားသခင် ကျေးဇူးဆပ်ရာတွင် နို့တစ်လုံးဖိုးပင် ကျေအောင်မဆပ်နိုင်ကြောင်း၊ သားသမီးများသည် မိဘများအား သီတင်းကျွတ်အခါတွင် ထိကြီးခြင်းငါးပါးဖြင့် ရှိခိုးကန်တော့သင့်ကြောင်း စသည်ဖြင့် စာစီ ကုံးကာ ဖွဲ့နွဲ့ရေးလေ့ရှိသည်။

ကျွန်တော့် သီတင်းကျွတ်စာစီစာကုံးသည် အတန်းထဲတွင် အမှတ်အများဆုံး ရလေ့ရှိလေသည်။

သို့စေကာမူ ကျွန်တော် အဖေ့အား သီတင်းကျွတ်တိုင်း ရှိခိုးဦးချ မကန်တော့ဘူးခဲ့ပါ။ ကိုယ့်အဖေအား ကိုယ်ရှိခိုး ကန်တော့ရမည်ကိုပင် ရှက်သလိုလို ရွံ့သလိုလိုဖြင့် ခံစားရသောကြောင့် ရှောင်ခဲ့သည်။

(အခန်း – ၄)

အခြေခံပညာကျောင်းသားဘ၀တစ်လျှောက်လုံးသာမက တက္ကသိုလ်ကျောင်းသား ဘ၀ရောက်သည်အထိ သီတင်းကျွတ်ချိန်ရောက်တိုင်း ဆရာ၊ဆရာမများအား သူငယ်ချင်းများနှင့် စု၍ ကန်တော့ရန် အဖေ့ဆီမှ လက်ဝါးဖြန့်ကာ မုန့်ဖိုးတောင်းသည်။ ထို့နောက် ဆရာ၊ဆရာမများအား အိမ်ပေါက်စေ့လှည့်လည် ကန်တော့ကာ တစ်ယောက်တစ်လေအား မေ့မကျန်ခဲ့ရန်ပင် ကျွန်တော်မှနေ၍ ဦးဆောင်ပြီး သတိပေးခဲ့သည်။ သီတင်းကျွတ်တိုင်း ကာယကံ၊ ၀စီကံဖြင့် ပစ်မှားခဲ့သည်ရှိသော် အစချီသော ကန်တော့ပန်းဖြင့် ရှိခိုးကန်တော့ကြသည်။

သို့သော် အဖေ့အား ကျွန်တော် ကိုယ်တိုင်ကိုယ်ကျ ရှိခိုးဦးချ မကန်တော့ဘူးခဲ့။

(အခန်း – ၅)

ကျောင်းပြီး၍ အလုပ်ခွင်ဝင်သောအခါ ကိုယ့်လစာ ကိုယ်ဖြင့် မနည်း လောက်အောင် သုံးနေရသော ကျွန်တော်သည် အဖေ့အား သီတင်းကျွတ်ရောက်ရင်တော့ ပစ္စည်းတစ်ခုခု ၀ယ်ပြီး ကန်တော့အုံးမှ ဟူသော စိတ်ကူးရှိလာသဖြင့် (ထိုသို့ စိတ်ကူးပေါ်လာသည်မှာလဲ သီတင်းကျွတ်ရောက်တိုင်း အလုပ်မှ ၀န်ထမ်းများ စုကာ အထက်အရာရှိအား ကိတ်မုန့်စသည်ဖြင့် ကန်တော့သော အလေ့အထကို သတိပြုမိလာသောကြောင့်ပင်။)

အဖေ့အတွက် ကိတ်မုန့်တစ်ဗူးဝယ်ပြီး ရေခဲသေတ္တာထဲ ထည့်ထားကာ .. အဖေ .. သား အဖေ့အတွက် ရေခဲသေတ္တာထဲမှာ ကိတ်မုန့်ဝယ်ထားတယ်..နော်..၊ မစားဖြစ်ဘဲ မေ့နေအုံးမယ်.. ဟူလောက်သာ ပြော၍ ကျွန်တော်၏ သီတင်းကျွတ် မိဘအား ကန်တော့သော အစီအစဉ်သည် အောင်မြင်စွာ ပြီးဆုံးခဲ့လေသည်။

အဖေ့အား ကိုယ်တိုင်ကိုယ်ကျ ကန်တော့ပန်းဆင်၍ သေသေချာချာ ရှိခိုးဦးချ မကန်တော့ဘူးခဲ့ပါ။

(အခန်း – ၆)

ကျွန်တော် လက်ရှိအလုပ်လုပ်နေသော နိုင်ငံခြားရှိ ကုမ္ပဏီတွင် မြန်မာများရှိသောကြောင့် ၀ါဝင်ပြီဆိုလျှင်လည်း ၀ါဝင်သည့်အလျောက်၊ သီတင်းကျွတ်လျှင်လည်း သီတင်းကျွတ်သည့်အလျောက် လူပျိုကြီးရေ.. ဒီနှစ်လဲ..မစားရသေးဘူးလား ဟူ၍ အမြဲပင် စ နောက်ခံရလေ့ရှိသည်။ သို့နှင့် သည်နှစ်လဲ သီတင်းကျွတ်တော့မည် ဟူသော အသိသည် ၀င်လာပြန်သည်။ သို့နှင့် တပြိုင်နက် စီမံရေးရာဌာနတွင် တာဝန်ကျသော ဦးတင်မောင်ဝင်းထံ သွား၍ ရန်ကုန်သို့ ခွင့်ပြန်မည့်သူ ရှိမရှိ စုံစမ်းရသည်။

“မင်းက ဘာလုပ်မလို့လဲ.. ဟေ့ကောင်။ ခွင့်ချင်း ချိန်းပြီး မိန်းမယူဖို့ ရန်ကုန် ပြန်မလို့လား..”

ဦးတင်မောင်ဝင်းသည် ကုမ္ပဏီတွင် အလုပ်လုပ်နေသည်မှာ ကြာပြီဖြစ်ပြီး ကျွန်တော်တို့ကုမ္ပဏီရှိ အလုပ်လုပ်နေသော မြန်မာများထဲတွင် အသက်အကြီးဆုံးဖြစ်ကာ သူ၏ သားသမီးများသည်ပင် ဘွဲ့ရကုန်ကြပြီ ဖြစ်ကြောင်း သူ ပြောဖူးလေသည်။

“အန်ကယ်ကလဲ..။ ကျွန်တော့် မှာ ယူရမယ့်သူတောင် မရှိသေးဘူး။ ရန်ကုန် လူကြုံရှိရင် အဖေ့ကို ကျွန်တော့် လခ ထည့်ပေးလိုက်ချင်လို့ပါ။ လခပါပဲ။ သိပ်မများပါဘူး။ စာတောင် မအားတာနဲ့ မရေးဖြစ်ဘူး။”

“ဘာဖြစ်လို့လဲ။ ဟိုမှာ အရေးတကြီး အသုံးလိုလို့လား။ မင်း .. မင်းအိမ်ကို လူကြုံထည့်ပေးလေ့မရှိပါဘူး။”

“မဟုတ်ဘူး.. အန်ကယ် ရ။ ကျွန်တော် သီတင်းကျွတ်အမှီ အဖေ့ကို ကန်တော့ချင်လို့ပါ..။”

“အော်..အေးအေး..ဟုတ်ပြီ။ ငါ leave list ကြည့်ပေးမယ်။.. မင်းက တော်တော် သိတတ်တာပဲ။ သီတင်းကျွတ်ရောက်ရင် .. ကန်တော့ရမယ် ဆိုတာတွေ ဘာတွေ သိတယ်။ နှစ်တိုင်း ကန်တော့နေကြလား။”

ရုံးဆင်းကာနီးပြီ ဖြစ်သောကြောင့် ကျွန်တော်တို့နှစ်ယောက် အေးအေးလူလူ စကားပြောခွင့်ရလေသည်။

“မဟုတ်ပါဘူး။ ကျွန်တော့် အဖေကို ခုချိန်ထိ ထိုင်ပြီး မကန်တော့ ဖူးဘူး.. အန်ကယ်..။ သီတင်းကျွတ်ရောက်ရင်တော့ ကန်တော့ပစ္စည်းလေးတွေ ၀ယ်ပေးဖူးတယ်..”

“ဘာဖြစ်တယ်.. ။ အေး..မင်းတို့ လူငယ်တွေ အဲဒါ ခက်တာပေါ့..။ အိမ်က ကလေးတွေလဲ အဲလိုပဲ။”

“ကျွန်တော်က.. ဟို..ဟို..ကျွန်တော် အဖေ့ကို ထိုင်ကန်တော့ရင် အဖေ .. အမေ့ကိုများ သတိရသွားမလားဆိုပြီး မကန်တော့ဖြစ်တာပါ။”

ကျွန်တော် ဆင်ခြေပေးခြင်းဖြစ်ကြောင်းသာ ကျွန်တော်ဘာသာ ကျွန်တော်သိပါသည်။

“အောင်ခန့် .. ငါပြောမယ်.. ၊ မင်းဟာက မိဘနဲ့ အတူနေပြီး ကိုယ်တိုင်ကိုယ်ကျ ကန်တော့ခွင့်ကြုံတုန်းကလဲ မကန်တော့ဘူး။ အခုလဲ ကန်တော့တယ်ဆိုပြီး စာလေးတစ်စောင်တောင် မရေးဘဲ ပိုက်ဆံပဲ ပို့ပေးမယ် ..ဆိုတော့.. ………
အောင်ခန့်……. သီတင်းကျွတ်ချိန်မှာ မိဘတွေက သားသမီးတွေဆီက မျှော်လင့်တာ ကိတ်မုန့်တွေ၊ လုံချည်ပုဆိုးတွေ၊ ပိုက်ဆံတွေ မဟုတ်ဘူးကွ.. သိရဲ့လား။ ဒါပေမယ့် သူတို့ ဘာမျှော်လင့်လဲ ဆိုတာကို တော်ရုံမိဘကတော့ ဖွင့်ပြောမှာ မဟုတ်ဘူး။ သိတတ်တဲ့ သားသမီးနဲ့ တာဝန်ကျေတဲ့သားသမီး မတူဘူးနော်..။ မင်း အခုလုပ်ပုံက ၀တ်ကျေတန်းကျေ သဘောလိုမျိုးဖြစ်မနေဘူးလား..အောင်ခန့်။ .. အန်ကယ်ပြောပြမယ်..။”

မတော်မသင့်သည်များတွေ့လျှင် ဆုံးမနေကြဖြစ်သော အန်ကယ်သည် ယခု ကျွန်တော့်အား ကိုမြင့်သိန်းတို့ လစာအပျောက် အရက်သောက်စဉ်က ဆုံးမသည့်အတိုင်း ဆုံးမ ပေတော့မည်ဟု တွေးကာ သူ့စကားနောက်တွင် ဟုတ်ကဲ့.. အန်ကယ်.. ဟု သက်ပြင်းချကာ သံယောင်လိုက်လိုက်ရသည်။

“အန်ကယ်တို့ ကျောင်းတက်တုန်းက အန်ကယ့်မှာ အရမ်းခင်တဲ့ သူငယ်ချင်း တစ်ယောက်ရှိတယ်။ ကျောင်းတုန်းကလဲ ဒူးယားမှာ တစ်ဆောင်ထဲပဲ။ ကျောင်းပြီးလို့ အလုပ်ဝင် တော့လဲ နှစ်ယောက်စလုံး နယ်က လာတာဆိုတော့ ရန်ကုန်မှာ တစ်ခန်းထဲ အတူတူ ငှားနေ ဖြစ်တယ်။ ပြောရရင်တော့.. သူလဲ မင်းလိုပဲပေါ့ကွာ..။

သီတင်းကျွတ်ချိန်ရောက်ရင် သူက နယ်က သူ့အမေနဲ့ အဖေဆီကို ဖုန်းဆက်တယ်။ အန်ကယ်ကတော့ သူ့အိမ်နဲ့ ဖုန်းပြောတာ အဲဒီ သီတင်းကျွတ် တစ်ချိန်ပဲ ကြားရတယ်။ သူကတော့ သူ့အိမ်မှာ ဖုန်းမရှိလို့၊ သူများ အိမ်လာပြောခိုင်းရတာ အားနာလို့..လို့ ပြောတာပဲ။ ..

.. သီတင်းကျွတ်လို့ သူ ဖုန်းဆက်ပြီ ဆိုရင် .. အဖေနဲ့အမေ..သား မန်နီအော်ဒါနဲ့ ငွေလွှဲ ထားတယ်။ အဲဒါ လိုတဲ့ဆေးတွေ ၀ယ်သောက်နော်။ စားချင်တာတွေလဲစား။ ကိုယ့်ကိုယ်ကို ဂရုစိုက် .. ၊ သား.. အလုပ်လုပ်နေတာ အမေနဲ့ အဖေအတွက်ပဲ..။.. လို့ အမြဲပဲပြောတတ်တယ်။ .. .. နွေရောက်လို့ အရောင်းကျချိန်ရောက်ရင်တော့ သူ နှစ်ပတ်၊ သုံးပတ်လောက် သူ့နယ်ကို ပြန်လေ့ရှိတယ်။ ..

တစ်နှစ်တော့ မိုးတွင်းကြီးမှာ သံကြိုးလာတယ်။ သူ့အဖေ ရုတ်တရတ် ဆုံးကြောင်း ၊ အမြန်လိုက်လာဖို့လိုကြောင်းပေါ့။ ဒါနဲ့ အန်ကယ်လဲ ခွင့်တင်ပြီး သူနဲ့အတူတူ နာရေးကို လိုက်သွားတယ်။ ဟိုရောက်တော့ သူ့အဖေ အလောင်းကို ကြည့်ပြီး သူငိုတယ်။ နောက်ဆုံးမှာ အလောင်းကို ခေါင်းသွင်းရတော့မှာမို့ အားလုံးကို ကန်တော့ကြ၊ ကန်တော့ကြလို့ တစ်ယောက်ယောက်က အော်လိုက်တော့ .. သူ ကန်တော့တယ်။ ဦးသုံးကြိမ်ချပြီး ကန်တော့တာ အန်ကယ် သတိထားမိတယ်။ အန်ကယ်တို့လဲ ၀ိုင်းကန်တော့ကြတယ်။ ..

.. အောင်ခန့်.. ညကျတော့ နာရေးဆိုတဲ့ အတိုင်း အန်ကယ်တို့ ညလုံးပေါက်မိုးအလင်းပေါ့။
မနက်မိုးလင်းခါနီးမှာ သူခဏ အိပ်အုံးမယ် ဆိုပြီး.. အိပ်ပျော်သွားတယ်။ ခဏနေတော့ သူလန့်အော် ပြီး နိုးလာတယ်။ ဘာဖြစ်လို့လဲ သိလား။

…. အိပ်မက်ထဲမှာ သူ့အဖေက လာပြောတယ်..တဲ့။
သားရယ်..အဖေ့ကို ဒီလို ဦးသုံးကြိမ်ချပြီး ကန်တော့တဲ့အတွက် ကျေးဇူးတင်လိုက်တာ သားရယ်..။ အဖေ့မှာ အဖေ့ကို ဦးချနေတဲ့ သားကို ကြည့်ပြီး ဆုတွေ တသီကြီး ပေးမယ်လို့ အမြဲပဲ စိတ်ကူးခဲ့ရတာ။ ဒါပေမယ့် ကိုရင်ဝတ်တုန်းကရယ်..၊ ပဉ္ဇင်းတက်တုန်းကရယ်က လွဲရင် အခွင့်မကြုံခဲ့ဘူး။ အခုမှပဲ ငါ့သား ဦးချတာကို အဖေ့မှာ မြင်ရတော့တယ်။ ဒါပေမယ့် သားကြားအောင် အဖေ့မှာ ပြန်ပြီး ဆုပေးလို့ မရတော့ဘူး ။

ဒါကြောင့် အခု .. အဖေ ဆုပေးပါရစေ။ ငါ့သားလေး ကိုယ်စိတ်နှဖြာ ကျန်းမာချမ်းသာပါစေ၊ ရေလိုအေးလို့ ပန်းလိုမွှေးပါစေ၊ ဘေးမသီရန်မခ၊ မတောင့်မတ မကြောင့်မကျ.. စုံလို့ပေါ့.. ကွာ..၊ အိပ်မက်ထဲမှာ ဆုပေးတယ်တဲ့။ အန်ကယ့်သူငယ်ချင်းလဲ ယောက်ျားရင့်မာကြီးပေမယ့်.. ငိုပါလေရော..။

အဲဒါနဲ့ အန်ကယ်တို့ ပြန်မယ်လို့ ရည်ရွယ်ထားတဲ့ ရက်ကနေ နောက်ဆုတ်ပြီးမှ ရန်ကုန်ပြန်ရောက်ခဲ့တယ်။ အဲဒီတုန်းကတော့ ဂူသွင်းသဂြိုလ်တာမိုလို့ သူ့အဖေ့ရဲ့ အုတ်ဂူကို သူ့မှာ .. ကန်တော့ချင်လို့တဲ့လေ။ ပြန်မယ့်နေ့အထိ နေ့တိုင်းသွားပြီး ကန်တော့တယ်..။ဂူမှာ ထိုင်ပြီး စကားတွေလဲ ပြောတယ်.. ။ .. ..

အောင်ခန့်.. အန်ကယ်ပြောမယ်.. ။
မင်းမှာ .. ကိုယ်တိုင်ကိုယ်ကျ ကန်တော့ဖို့ အခွင့်ကြုံအုံးမှာပါ..။ နောက်မှတော့ နောင်တ မရစေချင်ဘူး။ထိုင်ကန်တော့ဖို့ မိဘ တွေ သက်ရှိထင်ရှား ရှိတယ် ဆိုတာလောက် ကံကောင်းတာ မရှိဘူး..အောင်ခန့်။ တစ်နှစ်မှာ ဦးသုံးကြိမ်တော့ ကိုယ်တိုင်ကိုယ်ကျ ချဖြစ်အောင် ချနိုင်ဖို့ ကြိုးစားပါ။ တစ်နှစ်လုံးမှာမှ ဦးသုံးကြိမ်နော်။ တစ်မိနစ်မကြာပါဘူးကွာ…။

…. ငွေနောက် အသည်းအသန် မလိုက်ချင်ပါနဲ့။ ပိုက်ဆံထက် အရေးကြီးတာတွေ လောကကြီးမှာ အများကြီးရှိတယ်..။ တစ်နှစ်ကို တစ်လခွင့်မပြန်လို့ အဲဒီ့လအတွက် နှစ်လစာ ပေးတာတောင် အန်ကယ် မယူနိုင်ဘူး။ အန်ကယ့်မှာ မိဘ သက်ရှိထင်ရှားရှိသေးတယ်။ အန်ကယ် ခွင့်ပြန်တိုင်း မိဘနှစ်ပါးဆီ ရောက်အောင်သွားဖြစ်တယ်..။ ကိုယ်တိုင်ကိုယ်ကျ လက်အုပ်ချီပြီး အမှားရှိရင် ခွင့်လွှတ်ဖို့ ကန်တော့တယ်။ ..

.. အခု အန်ကယ်ပြောတာတွေကို မင့်အမြင်မှာတော့ ဒီလူကြီး လာပွားနေတာပဲ ဆိုပြီး .. မင်းတို့လူငယ်တွေ ပြောနေကြစကားနဲ့ မပြောစေချင်ဘူး။ ..အခု အန်ကယ်ပြောတာတွေက …..မင်း..မင်း မိဘ..မင်း အဖေပေါ့လေ.. သူ့ဆီကို ကန်တော့တဲ့အနေနဲ့ လခ ပို့ပေးရုံနဲ့ မင့်တာဝန်ကျေပြီ လို့ မှတ်နေမှာ စိုးလို့ပါ..

တာဝန်ကျေတဲ့သားတစ်ယောက်ဆိုတာထက် သိတတ်လိမ္မာတဲ့ သားတစ်ယောက်ဖြစ်စေချင်တယ်။ သူများပြောမှ သိရတယ် ဆိုတာထက် .. ကိုယ့်အသိစိတ်နဲ့ကိုယ် သိတတ်တာ အကောင်းဆုံးပဲ။ကဲ .. ရန်ကုန်ခွင့်ပြန်မယ့်လူကြုံရှိရင် အန်ကယ် မင်းကို ကြိုပြောမယ်..။ စာလေးဘာလေး ရေးထားပေါ့.. ။ ဟုတ်ပြီလား.. ။”

(အခန်း – ၇)

ဆောင်းဦး မြောက်လေတိုက်၍ အေးခိုက်နေသော အချိန်တွင် စာရေးခဲလှသော အဖေ့ဆီမှ စာလာသောကြောင့် ကျွန်တော်သည် နွေးနွေးထွေးထွေးလေး ခံစားလိုက်ရသည်။

သား

အဖေ ဒီနှစ် သီတင်းကျွတ် ခြံထဲမှာ သား ကိုယ်စား ကျင်း ၂၇ကျင်း တူးပြီး ဘုရားကိုမီးပူဇော်တယ် သား..။ အဖေ့ကို ဘေးအိမ်က ကြည့်ပြီးတော့တောင် ရီနေကြတယ်..။ အဖေ ဒီလိုလုပ်တာ ဒီနှစ်နဲ့ဆို သုံးနှစ်ရှိပြီ။ သားကို မပြောဖြစ်တာပါ။ ကျင်းတူးဖို့နေရာရဖို့အတွက် အဖေ့ပန်းအိုးတွေကို ခြံနောက်ဘက်ကို ရွှေ့ထားလိုက်တယ်..။ သား အသက်ကြီးလာတာနဲ့ အမျှ အဖေ့နေရာတွေကို သားကို ပေးရမှာပါလားလို့ အဖေ ဆင်ခြင်မိတယ်။ သားလဲ အဖေ့နေရာ ရောက်လာရင် သားနဲ့ပတ်သတ်ပြီး အဖေ ဘယ်လိုတွေးတယ် ဆိုတာ သား..သိလာမှာပါ။

သား.. ကျင်းလေးတွေတူးနေတဲ့ မြင်ကွင်းကို အဖေ နှစ်တိုင်း မြင်ယောင်ကြည့်နေရတယ်..သား။ သား ဒီတခါ သီတင်းကျွတ် ပြန်လာလို့ ကျင်းတူးပြီး မီးပူဇော်ရင် ဟိုးအရင်တုန်းကလို သားကို အဖေ ဆူဖြစ်မှာ မဟုတ်ဘူး။ နောက်နှစ်ကျရင်တော့ သီတင်းကျွတ်ကို မဖြစ်မနေ ခွင့်နဲ့ ပြန်လာစေချင်တယ်.. သားရယ်..။

လာမယ့်နှစ်မှာ အဖေ့ကို နှစ်တိုင်းကန်တော့နေသလို ပိုက်ဆံနဲ့ လှမ်းပြီး ကန်တော့ဖို့ စိတ်မကူးပါနဲ့။ ဘာမှ မဟုတ်တာလေးနဲ့ သား စိတ်ညစ်မှာစိုးလို့ အဖေ မပြောဘူးလို့နေတာပဲ.. ဒါပေမယ့် ပြောရတော့မယ်။ အဖေလဲ အသက်ကြီးပြီ။.. အဖေ .. သားနဲ့တွေ့ချင်တာပါ။ အဖေ့အတွက် ပိုက်ဆံတွေ မလိုပါဘူး။ သားနဲ့ မျက်နှာချင်းဆိုင်ထိုင်ပြီး စကားပြောချင်တာပဲ ရှိတယ်။

ငါ့သား..ရွှင်လန်းချမ်းမြေ့ပါစေ။

အဖေ

(အခန်း – ၈)

အဖေ့ဆီ ဖုန်းခေါ်မည်။ ကျွန်တော်တို့ အလုပ်တွင် လုပ်သက်တစ်နှစ်ပြည့်လျှင် ခွင့်တစ်လ ယူခွင့်ရှိသည်။ သို့သော် ထိုခွင့်ယူရမည့် လအတွက် ခွင့်မယူတော့ဘဲ အလုပ်ဆင်းလျှင် ထိုလအတွက် လစာ နှစ်လစာ ရသည်။ ထိုအပိုရသော လစာဖြင့် ကျွန်တော်သည် laptop လဲရန်၊ mobile လဲရန်၊ installment ဖြင့် ကားဝယ်ရန် စသည်ဖြင့် ရုပ်ဝတ္ထုလိုအပ်ချက်များကိုသာ ဖြည့်ဆည်းရန် အမြဲစဉ်းစားနေခဲ့မိသည်။ သို့သော် လာမည့်နှစ် အောက်တိုဘာလတွင် ကျွန်တော် ခွင့်ယူချင်သည်။ ခွင့်အတွက် စိတ်ချရအောင် အလုပ်ရှင်အား ယခုထဲက ကြိုတင်၍ ခွင့်စာတင်ထားမည်။

(အခန်း – ၉)

နောင်တ ဆိုသော အရာကို ကျွန်တော် သိပ်ကြောက်ပါသည်…။ဒီသီတင်းကျွတ်အဖေဆီပြန်ကိုပြန်ပါတော့မည်…
အပြုးံနဲ့ပျော်ပြီးကြိုနေမဲ့အဖေမျက်နျာလေးကိုမြင်ယောင်ရင်းးးးးး

ပန်းနွယ်ခက်

Post Author: Ma Ma Lay