အစာလည်းဆေးဆေးလည်းအစာ

အစာလည်းဆေးဆေးလည်းအစာ

မြန်မာစကားမှာ တော်တော်တွင်ကျယ်တဲ့ အသုံးလေးပါ၊မှန်တာပေါ့ဗျာ၊ မှန်ကန်အောင်စားတတ်ရင် အစားအစာက ဆေးဘက်ဝင်တာပဲ၊ ဆေးဖြစ်တာပဲ၊ ဆေးက ဘာလို့အစာဖြစ်တာလဲတော့ ပိန့်ညောင်က ဆေးသမားမဟုတ်လို့မသိဘူး။အစာရှိတယ် ဆေးရှိတယ်၊ အစားအစာလိုရင် အစာစား၊ ဆေးလိုရင် ဆေးသောက်၊ အိုစကေပါ။

ဒါပေမဲ့ တကယ်တမ်းလက်တွေ့ကျတော့ အဲ့လောက်ကြီး မရိုးစင်းဘူး၊ အစာနဲ့ ဆေးကြားမှာ ဟိုမရောက် သည်မရောက်နဲ့ ကြားထဲက ကြောင်လိုလို ကြွက်လိုလို အရာတွေကရှိသေးတယ်၊ အဲ့ဒါတွေကျ ဘယ်လိုပြောရမလဲ၊ မရှိဘူး မထင်နဲ့၊ ရှိတယ်ဗျ။

ပိန့်ညောင်တို့ရွှေပြည်ကြီးမှာ အဲ့ဒီကိစ္စအပေါ်မှာ အယူလွဲလေးတွေရှိတယ်၊ တတ်သလောက် မှတ်သလောက်လေး ရှင်းပြမယ်၊ အဲ့ဒီအရာတွေကို လွယ်လွယ်ပြောရရင် ဆေးယောင်ဆောင်သော အစာ လို့ ပြောရမယ်ထင်တယ်၊ ဆေးမဟုတ်သောဆေး လို့ပဲ ခေါ်ရမလားမသိ။

ဥပမာတစ်ခုပြောမယ်ဗျာ၊ အခု ပိန့်ညောင်တို့ ထမင်းစားပြီးသောက်နေတဲ့ အားဆေးတွေက ဆေးလား၊ အစာလား၊ ကဲ … ဖြေဗျာ၊ ဘယ်လိုဖြေချင်လဲ။ပိန့်ညောင်ထင်တယ်၊ ရွှေပြည်ကြီးသားတွေ ၉၀ ရာခိုင်နှုန်းကျော်က အားဆေး ဆိုမှတော့ ဆေးပေါ့လို့ ဖြေမယ် ထင်သာပဲ၊ ဟုတ်လား ဗျာတို့ရေ …

ပညာအလိုအရ အကြမ်းဖျဉ်းပြောရရင် အဲ့ဒါတွေကို ဆေးလို့ မသတ်မှတ်ကြဘူးဗျ၊ အဲ့တော့ ဘာလဲ၊ အစားအစာလား၊ သူက ထမင်းတွေ ခေါက်ဆွဲတွေမှ မဟုတ်တာ၊ အစားအစာလို့ သတ်မှတ်စရာလား၊ ဆေးလုံးတွေ ဆေးတောင့်တွေ ဆေးပြားတွေလေ လို့။

ရှင်းမှကို ပိုရှုပ်ကုန်မှာလားမသိဘူး၊အဲ့ဒီလို ဗီတာမင် အားဆေးလုံး အားဆေးတောင့်တွေက ဆေးမဟုတ်သလို သမားရိုးကျအစားအစာလည်း မဟုတ်တာတော့ သေချာပါတယ်၊ သူတို့က ကြားထဲက ဟိုမရောက် သည်မရောက်တွေ၊ အဲ့တော့ သူတို့ကို သပ်သပ်အုပ်စုတစ်ခု ခွဲထားတာကောင်းတယ်၊ ဆေးနဲ့ အစာကြားက အူကြောင်ကြားအုပ်စုပေါ့၊ အခု ဥပမာပေးထားတဲ့ ဗီတာမင်အပါအဝင် အခြားကွိစိကွစတွေ အများကြီးရှိတယ်။

သူတို့ကို မြန်မာလို ဘယ်လိုခေါ်ရင်ကောင်းမလဲ၊ အမျိုးမျိုးခေါ်ကြတယ်၊ ဘာသာရပ်ဆန်တဲ့ အသုံးအနှုန်းကို သင့်သလို ဘာသာ ပြန်ကြတယ်၊ ဖြည့်စွက်စာတဲ့၊ ဓါတ်စာတဲ့။သိုးဆောင်းလိုလည်း အမျိုးမျိုးခေါ်ကြတယ်၊ food supplements တဲ့၊ dietary supplements တဲ့၊ health supplements တဲ့၊ သူနဲ့ မရိုးစွဲလေး ဆင်တူတဲ့ functional foods ဆိုတာလည်းရှိသေးတယ်၊ တူတော့ မတူဘူး၊ ပြီးမှ နည်းနည်းထပ်ရှင်းမယ်။

ရွှေပြည်ကြီးသားတွေက ဘာနေနေ အတောင့်လေးတွေ အလုံးလေးတွေ အပြားလေးတွေပုံစံ လုပ်ထားရင် အဲ့ဒါအကုန် ဆေးလို့မှတ်ထားလိုက်တာပဲ၊ အဲ့ဒီမှာ ဇာတ်လမ်းတွေ စရှုပ်တာပဲ၊ဗီတာမင်ဆေးလုံးတွေကို ရွှေပြည်သားတွေက ဆေးလို့သတ်မှတ်ပေမဲ့ နိုင်ငံတကာနဲ့ ပညာရပ်အလိုအရကတော့ သူတို့က ဆေး (medicine) မဟုတ်ပါဘူးတဲ့၊ အဲ့လိုဟာတွေကို health supplements လို့ အများဆုံး ခေါ်ကြပါတယ်၊

food supplements တို့ dietary supplements တို့လည်းခေါ်ပါတယ်၊ ကြုံသလိုပါပဲ၊ သူ့အရပ်နဲ့ သူ့ဇာတ်၊ တစ်ကျောင်း တစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်းဆိုသလိုပါပဲ။အဲဒီတော့ အဲ့ food supplements ဆိုတာ ဘယ်လိုဟာတွေလဲ လေ့လာကြည့်ရအောင်၊ဗီတာမင်တွေ သတ္ထုဓါတ်တွေ အမိုင်နိုအက်ဆစ်ဓာတ်လို ဟာမျိုးတွေ (သဘာဝဖြစ်ဖြစ် ဖန်တီးတာပဲဖြစ်ဖြစ်) ကို အလုံး အတောင့် အပြား အတောင့်ပျော့ အရည်ပုံစံတွေနဲ့ လုပ်ထားပြီး လူတွေနေ့စဉ်စားသောက်နေတဲ့ အစားအသောက်တွေက ရတဲ့ အာဟာရဓါတ်တွေကို ထပ်မံဖြည့်တင်းဖို့၊ လူတွေရဲ့ ကျန်းမာတဲ့ ဇီဝဖြစ်စဉ်တွေကို ပုံမှန်ဖြစ်နေအောင် ကျန်းမာရေးကို ထောက်ကူအောင် ထိန်းသိမ်းပေးမည့် ပစ္စည်းတွေကို ခေါ်ပါတယ်။

အဲ့ဒီထဲမှာ အပေါ်က ပြောခဲ့တာတွေတင်မကဘဲ အပင်နဲ့ တိရိစ္ဆာန် (လူမပါ) ကရတဲ့ သဘာဝထွက်ပစ္စည်းတွေ၊ အဲ့ဒါတွေဆီကနေ အဆီအနှစ်ထုတ်ထားတာတွေနဲ့ လုပ်တဲ့ပစ္စည်းတွေလည်း ပါပါတယ်။

ဒီနေရာမှာ တစ်ခုပြောစရာရှိတာက အဲ့လိုပစ္စည်းတွေဖြစ်စေဦးတော့ ပိုးသတ်ထားပြီး လူ့အသွေးအသားထဲကို ထိုးသွင်းရမည့်ဟာတွေဆိုရင်တော့ အကျုံးမဝင်ပါဘူး၊ ဆိုလိုတာက ပါးစပ်ကသောက်ရတဲ့ ဟာတွေကိုပဲ ပြောတာလို့ ဆိုလိုတာပါ။ ထိုးလိုက်ရင်တော့ ဆေးဖြစ်သွားပါမယ်။

နည်းနည်းတော့ ရှုပ်ပါတယ်၊အနှစ်တွေကို ထုတ်ကြည့်ရင် ဖြည့်စွက်စာခေါ်ခေါ် ဓါတ်စာခေါ်ခေါ် အဲ့ဒီ food
supplements တွေဆိုတာ လူ့ကျန်းမာရေးကို အထောက်အကူဖြစ်အောင် သောက်သုံးဖို့အတွက် ပမာဏနည်းနည်းနဲ့ ထိရောက်အောင်ထုတ်ထားတဲ့ ဆေးပုံစံ အလုံး အတောင့် အပြား အရည်များဖြစ်ကြပါသတဲ့။

သို့သော် အဲ့ဒီ ဖြည့်စွက်စာဆိုတာ ရောဂါဝေဒနာ တစ်စုံတစ်ရာ ရောဂါအခြေအနေ တစ်ရပ်ရပ်ကို ကုသနိုင်ခြင်း၊ ပျောက်ကင်းစေနိုင်ခြင်း၊ သက်သာစေခြင်း၊ ရောဂါတစ်စုံတစ်ရာကို ကာကွယ်ပေးနိုင်ခြင်း၊ ရောဂါရှာဖွေရန် အသုံးပြုနိုင်ခြင်း ဆိုတာမျိုးတော့ မရှိစေရပါဘူးတဲ့၊ အဲ့လို အစွမ်းသတ္တိတွေ ရှိတယ်ဆိုရင် ဒါဟာ ဖြည့်စွက်ဓါတ်စာ ဘဝကနေ ဆေးအဖြစ် ဘဝပြောင်းသွားမှာ ဖြစ်ပါတယ်။

ဥပမာ နောက်တစ်ခု ပေးပါဦးမယ်၊ ဗီတာမင် အားဆေး ဆိုပါတော့၊ ဖြည့်စွက်ဓါတ်စာပဲ၊ ဒါက လူတွေနေ့စဉ်စားတဲ့အထဲမှာ ပါတတ်ပေမဲ့ လုံလောက်အောင် ပါချင်ပါမယ်၊ ပါချင်မှလည်းပါမယ်၊ ဒါကြောင့် လိုတာ ထပ်ဖြည့်တဲ့အနေနဲ့ သောက်ကြတယ်၊ ဒါ ကျန်းမာရေးကောင်းအောင် ကျန်းမာရေးကို ထောက်ကူနိုင်အောင်။

ဒီဗီတာမင်ဓါတ်တွေ တစ်မျိုးခြင်းမှာ လူတစ်ယောက်တစ်နေ့ ဘယ်ရွေ့ဘယ်မျှလိုတယ်ဆိုတာ နိုင်ငံလူမျိုးအလိုက် ပြုစုသတ်မှတ်ထားတာတွေရှိတယ်၊ လူတစ်ယောက် တစ်နေ့တာလိုအပ်ချက် (Recommended Daily Allowance – RDA) ဆိုပြီးရှိတယ်၊ ဗီတာမင် တစ်မျိုးခြင်း သတ်မှတ်ထားပြီးသားရှိတယ်။

ကျန်းမာရေးကို ထောက်ကူဖို့ ဖြည့်စွက်ဓါတ်စာအနေနဲ့ သောက်ရမယ်ဆိုရင် RDA ပမာဏအောက် (< 100% RDA) မှာပဲ သောက်ဖို့လိုမှာပေါ့၊ အဲဒီတော့ အဲ့ဒီ ဗီတာမင် ဖြည့်စွက်ဓါတ်စာတွေကို ထုတ်ရင် သက်ဆိုင်ရာ RDA ကို မကျော်စေဘဲ ထုတ်လုပ်ရမှာပေါ့၊ ကျော်လည်း အပိုပဲလေ၊ တန်ဆေး လွန်ဘေးလို့လည်းဆိုတယ် မဟုတ်လား၊ ဒါ အရေးကြီးတယ်။

ဒါပေမဲ့ ဒီဗီတာမင်ဆေးပြားတွေက အမြဲတစေတော့ သို့ကလို မဟုတ်ချေဘူး၊ တခါတလေမှာ တချို့ဗီတာမင်ဆေးတွေမှာ တစ်မျိုး နှစ်မျိုးလောက်ကို RDA ထက်ကျော်ပြီး အများကြီးထည့်ထား တတ်ကြတယ်၊ High potency vitamins တွေပေါ့၊ အဲ့လိုဟာတွေကျတော့ ရည်ရွယ်ချက်က တစ်မျိုးဖြစ်တတ်တယ်၊ အဲ့လိုအများကြီးထည့်ထားတဲ့ ဗီတာမင်ဓါတ်ကို ချို့တဲ့နေသူတွေကို ချို့တဲ့နေတဲ့ရောဂါတွေ ပျောက်ကင်းအောင် ကုသဖို့နေရာမှာသုံးဖို့ ဖြစ်တတ်တယ်၊

ဗီတာမင်စီတွေ အများကြီးထည့်ပြီး ထုတ်ထားတဲ့ ဆေးပြားတွေကလည်း ခန္ဓာကိုယ်နဲ့ စိတ်ဖိစီးမှုတွေကို သက်သာအောင်ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ထုတ်ထားတာမျိုးလည်း ဖြစ်နေတတ်ပြန်တယ်၊ အဲ့လိုဆိုရင်ကျတော့ food supplements ဖြည့်စွက်ဓာတ်စာရဲ့ အဓိပ္ပါယ် ပင်ကိုယ်သဘောတရား နဲ့ လွတ်သွားပြီ၊ အဲဒီကျတော့ ဖြည့်စွက်ဓါတ်စာ မဟုတ်တော့ပဲ သူက ဆေး (medicine) စာရင်းဝင်ဖြစ်သွားရော၊ အဲ့လိုလည်း နှစ်လုံးတည်းနဲ့ ဘောင်းဘီကြပ်တတ်တယ်။

အဲ့ဒါကြောင့် ဒီ health supplements/ food supplements ဆိုတဲ့ ဖြည့်စွက်ဓါတ်စာတွေရဲ့ တံဆိပ်တွေ ဘူးခွံတွေပေါ်မှာ သူ့ရဲ့ပင်ကိုယ်သဘောကို ငြိစွန်းစေတဲ့ ရေးသားဖော်ပြချက်တွေ လုပ်လို့မရဘူး၊ အမေရိကန်နိုင်ငံ အပါအဝင် အချို့နိုင်ငံတွေမှာဆိုရင် ဘူးခွံပေါ်မှာ “ဒီပစ္စည်းသည် ရောဂါတစ်စုံတစ်ရာကို ကုသ ကာကွယ် ပျောက်ကင်း သက်သာစေခြင်း မရှိပါ” လို့ ထည့်ရေးခိုင်းထားတယ်၊ ဟိုဟာ ကောင်းတယ်၊ လန်းတယ်၊ မအိုဆေး၊ လုံးဝစိတ်ချရတယ်၊ အဲ့လို အသုံးအနှုန်းတွေလည်း ဖော်ပြခွင့် မရှိဘူး။

ထိန်းချုပ်ကွပ်ကဲတဲ့အပိုင်းဖက်ကကြည့်ရင်လည်း နိုင်ငံအတော်များများမှာက ဒီလိုဖြည့်စွက်စာတွေကို လွတ်လွတ်လပ်လပ် ဈေးကွက်တင်ရောင်းချလို့ ရတယ်၊ FDA လို အဖွဲ့အစည်းတွေမှာ ကြိုတင်မှတ်ပုံတင်ခြင်း၊ ခွင့်ပြုချက်လျှောက်ထားရယူခြင်းတွေ လုပ်စရာမလိုဘူး၊ အေးဆေးပဲ၊ ကိုယ့်ပစ္စည်းကိုယ်တော့ တာဝန်ယူရမှာပေါ့၊

ရွှေပြည်ကြီးမှာသာ ဖွတ်အန်ပဒပ်က ဖျင်မနိုင်ဘဲ ပဲကြီးဟင်းစားနေတာ၊ ရွှေပြည်ကြီးသားတွေအပါအဝင် ဌာနအဖွဲ့အစည်းတွေကလည်း တစ်ခုခုဆို ဖွတ်အန်ပဒပ်က ထောက်ခံချက်ရှိရဲ့လား ဆိုတာချည့်မေးချင်နေကြတာ၊ အားကိုးကြတာများ ပြောပါသယ်၊ ဖွတ်အန်ပဒပ်ထောက်ခံချက်မရှိရင်ပဲ မကောင်းတော့ သလိုလို ရောင်းခွင့်မရှိတော့သလိုလို၊ ဖမ်းတော့မယ်တဲ့ ဆီးတော့မယ်တွေ လုပ်ချင်ကြသေးတာလေ၊ ပွဲပဲ။

အဲ့ဒီတော့ ဒီလိုပစ္စည်းတွေကို တာဝန်ရှိတဲ့ FDA လိုအဖွဲ့တွေက မထိန်းတော့ဘူးတဲ့လား၊ လွှတ်ပေးထားတာလား၊ အဲ့လိုတော့လည်းမဟုတ်သေးဘူး၊ ဈေးကွက်မတင်ခင်သာ ခွင့်ပြုချက်မလိုတာ၊ FDA က သူ့အစီအစဉ်နဲ့သူ ဒီပစ္စည်းတွေရဲ့ ဘေးကင်းမှုကို စောင့်ကြည့်ပါတယ်၊

လိုအပ်ရင် လိုအပ်သလို အရေးယူဆောင်ရွက်ပါတယ်၊ ဒီဖြည့်စွက်ဓါတ်စာတွေရဲ့ သုံးစွဲထိန်းချုပ်မှုသဘောက ထုတ်တဲ့သူက ကိုယ့်ပစ္စည်းကိုယ် တာဝန်ယူ၊ အလွန်အကဲတွေလည်း မဟုတ်တာ မကြော်ငြာနဲ့၊ သောက်ချင်တဲ့သူလည်း ကိုယ့်အတွက် လိုမယ်ထင်တာ ကိုယ်နဲ့ကိုက်မယ်ထင်တာ ကိုယ်သောက်၊ ကျန်တာ ကိုယ့်ဒေါသနဲ့ ကိုယ်ပဲ၊ တစ်ခုခုထူးခြားဖြစ်စဉ် ပေါ်လာရင်တော့ FDA က ဝင်လာမယ်၊

မပေါ်ခင်မှာလည်း စောနကပြောသလို သူ့အစီအစဉ်နဲ့သူတော့ စောင့်ကြည့်နေလိမ့်မယ်၊ ဈေးကွက်တင်ဖို့အတွက်တော့ သူကစီစစ်မနေဘူး၊ သူ့ဆီကလည်း ခွင့်ပြုချက် တောင်းနေစရာမလိုဘူး၊ အပြန်အလှန်အားဖြင့် FDA ကလည်း ဝန်ကင်းအောင် သူကြိုတင်တာဝန်ယူ မထားဘူးဆိုတာကို စားသုံး/သောက်သုံးသူတွေ သိအောင် တံဆိပ်ပေါ်မှာ ဘူးခွံပေါ်မှာ “ဒီပစ္စည်းကို FDA က ဆန်းစစ်ထားခြင်းမရှိပါ” ဆိုတာကို ပြူးနေအောင် ဖော်ပြခိုင်းတယ်၊ ဥပဒေအားကောင်းတဲ့ နိုင်ငံမျိုးတွေမှာပါ။

ဒီဖြည့်စွက်စာနဲ့ ပတ်သက်ရင် ဒေသတွင်းမှာရော နိုင်ငံတကာမှာ တစ်ပြေးညီ စည်းမျဉ်းစည်းကမ်းတွေ မရှိသေးဘူး၊ လုပ်နေကြတုန်းပဲ၊ အခုအထိတော့ တစ်ကျောင်းတစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်းနေကြတုန်းပဲ၊ရွှေပြည်ကြီးကတော့ သိတယ်မလား၊ သူများထက် ထူးလိုက်ရမှ၊ ရွှေပြည်ကြီးသားတွေ အားကိုးထိုက်အောင် ကြိုလည်းစီစစ်တယ်၊ စောင့်လည်းကြည့်ပေးတယ်၊

ဒါပေမဲ့ ခိုင်မာတဲ့ ဥပဒေတော့ မရှိသေးဘူး၊ လုပ်ရဦးမယ်၊ ဒီပစ္စည်းတွေကို ထိန်းကွပ်တာကို မြန်မာဖွတ်အန်ပဒပ်က လုပ်နေတယ်၊ ဒါပေမဲ့ ဒေသတွင်းမှာ (အာဆီယံမှာ) ဒီကိစ္စကို မြန်မာနိုင်ငံကိုယ်စား တာဝန်ယူထားတဲ့ အဖွဲ့အစည်းက ဖွတ်အန်ပဒပ် မဟုတ်ဘူး၊ ကဲ .. မကောင်းဘူးလား၊ သူများတွေ ဒီကိစ္စကို တစ်ကျောင်း တစ်ဂါထာရွတ်တာလောက်တော့ ပိန့်ညောင်တို့ဆီက ပျင်းတယ်၊ တစ်ကျောင်းတည်းနဲ့ကို နှစ်ဂါထာ သုံးဂါထာ ရွတ်ပစ်တာ၊ ဘာမှတ်နေလဲ၊ တေဝါးမယ်၊ ရှင်ဝါးမယ်၊ မတေမရှင် ဖစ်ဝါးမယ်။

ရှည်နေပေါ့၊ အသေးစိတ်တွေ ပြောနေလို့ကတော့ ဆုံးမှာကို မဟုတ်ဘူး၊ ချုပ်ရရင် ဒီလို ဆေးလုံး ဆေးတောင့်တွေ ဆေးပြားတွေက ဆေးမဟုတ်ဘူး၊ အစားအစာအုပ်စုထဲ ထည့်ရမည့်ဟာမျိုး၊ အစားအစာလားဆိုတော့လည်း ကံသေကံမ ပုံသေကားချလည်း မဟုတ်ဘူး၊ ဆေးလို့လည်း တခါတလေ မှတ်ရသေးတယ်၊ ဆက်ပြောရင် သင်္ကြန်ဆယ်ရက်ပိတ်တာထက် ဆိုးသွားနိုင်တယ်။

အဲ့တော့ မထူးပါဘူး၊ လွယ်လွယ်သာ မှတ်လိုက်ကြပါ၊အစာလည်း ဆေး၊ ဆေးလည်း အစာပါ လို့ ………

ပိန်ညောင်

Post Author: Ma Ma Lay