အမှန်တကယ် အရည်အချင်းနဲ့ ပြိုင်ဆိုင်ပါ

အမှန်တကယ် အရည်အချင်းနဲ့ ပြိုင်ဆိုင်ပါ

စီမံဘဏ္ဍာ ဝန်ကြီးက ပညာရေးဥပဒေကို စောင့်ဖို့မလိုပဲ ပုဂ္ဂလိက တက္ကသိုလ်တွေ ဖွင့်ခွင့် ပြုမယ် ဆိုတဲ့ သတင်းထွက် လာပါတယ်..။ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဆီကို အဆိုပြုလွှာ တင်ရမယ် လို့လဲ ပါပါတယ်..။ ဖြစ်မယ် မဖြစ်ဘူး ဆိုတာထက် ပညာရေးအတွက် ယှဉ်ပြိုင်မှု ကောင်း တစ်ခုတော့ ဖြစ်လာမှာပါ..။

နှစ်ဆယ်ရာစုရဲ့ နောက်ဆုံး ဆယ်စုနှစ်လောက်ကနေ စခဲ့တဲ့ “အလွတ်ကျက် အလွတ်ဖြေ” ဆိုတဲ့ Secondary ပညာရေး ရယ် “ ဒီလောက်ကျက် ဒီလောက်ဖြေ” ဆိုတဲ့ Tertiary ပညာရေး ကနေ တဆင့် တက်တော့မယ့် အလားအလာပါ..။ “အာဂုံဆောင်” တဲ့ အဆင့်ကနေ “တွေးတောဆင်ခြင်” တဲ့ သင်ကြားရေး စနစ်ဆီကို သွားနိုင်တော့မယ့် လမ်းစ တစ်ခုပါ..။

“ပုဂ္ဂလိက” ဆိုတဲ့ ဝေါဟာရ ကို အဓိပ္ပါယ် ဖွင့်ရင် “ပြိုင်ဆိုင်ခြင်း” ဆိုတဲ့ ဒဿနကို ရမှာပါ.။ ဒါဆိုရင် “ပုဂ္ဂလိက” မဟုတ်တဲ့ ကိစ္စရပ်တွေက ပြိုင်ဆိုင်မှု မရှိဘူး လို့ မဆိုလိုပါဘူး..။ “Slow and Steady Wins the Race” ဖြေးဖြေးနဲ့ မှန်မှန် ဆိုတာက ပုဂ္ဂလိက မဟုတ်တဲ့ နယ်ပယ်တွေရဲ့ လက်သုံးစကား ဖြစ်ပါတယ်..။

ပုဂ္ဂလိက နယ်ပယ်ကတော့ လမ်းဖွင့်ပေးလိုက်တာနဲ့ အသားကုန် နောက်လှည့်မကြည့်စတမ်း ပြေးကြလေ့ရှိပါတယ်..။ ဒါကြောင့် သက်လုံကောင်းကောင်းနဲ့ ပြေးနိုင်လေလေ အကျိုးရှိလေလေပါပဲ..။ တစ်ခေတ်တစ်ခါ တုန်းကတော့ “ငွေရှိမှ” “အဝင်အထွက်ကောင်းမှ” “သတင်းကြိုရမှ” စတဲ့ အားသာချက် Advantage တွေ ရှိဖို့ တကယ်ပဲ လိုအပ်ခဲ့ပါတယ်..။

MCC ရဲ့ဥက္ကဋ္ဌ ကြီး ဦးတင်ဝင်းအောင် အမှတ်တရ ပြောလေ့ရှိတဲ့ စကား တစ်ခွန်းကို ပြန်ပြောပြချင်ပါတယ်..။ မြန်မာနိုင်ငံမှာ ကုမ္ပဏီတွေ ဖွဲ့ခွင့် ပေးပြီ ဆိုတဲ့ ပထမဆုံး နေ့မှာ ကျွန်တော် အဲဒီရုံးမှာ သွား တန်းစီခဲ့ပါတယ်..။ ရုံးမဖွင့်ခင် တော်တော်စောစော ကတည်းက ရောက်နေတာပါ..။ တန်းစီသူတွေထဲမှာ ကျွန်တော် နံပါတ် ၁ ထိပ်ဆုံးကပါပဲ..။ ရုံးဖွင့်လို့ မှတ်ပုံလဲ စတင်ရော ကျွန်တော့ ကုမ္ပဏီရဲ့ မှတ်ပုံတင် နံပါတ်က ခုနစ် ဖြစ်နေပါတော့တယ်..။ ပထမဆုံးနေ့မှာအရင်ဆုံးရောက်ပြီး ရှေ့ဆုံးက တန်းစီပါသော်လည်း နံပါတ်ခုနစ် သာ ရနိုင်တဲ့ ခေတ်တစ်ခေတ် အမှန်တကယ်ပဲ ရှိခဲ့ဖူးပါတယ်..။

အခုတော့ ခေတ်ပြောင်းပြီလို့ ပြောနိုင်ပါပြီ..။ ပြောင်းသွားတဲ့ ခေတ်က “ကိုယ်လုပ်မှ ကိုယ်ရ” မယ့် ခေတ်ပါ..။ အရင်တုန်းကလို “ကိုယ်မလုပ်ရပဲနဲ့ ရ” တဲ့ ခေတ်မျိုး မဟုတ်တော့ဘူး လို့ ဆိုနိုင်ပါတယ်..။ ငယ်သန္ဓေ သေမှပျောက် ဆိုတဲ့ အတွေးအကြံ Attitude အဟောင်း တချို့ ကျန်နိုင်ပါသေးတယ်..။ ရောဂါပေါင်းစုံ တပြိုင်တည်း ပျောက်အောင် ကုဖို့ ကတော့ “သမားတော်ဇီဝက” ပဲ တတ်နိုင်ပါလိမ့်မယ်.။

နည်းပေါင်းစုံ .. အကြံဉာဏ် ပေါင်းစုံ နဲ့ နိုင်ငံတော်ကို ရှေ့ဆက်သွားဖို့.. အနည်းဆုံး ဒေသတွင်း နိုင်ငံတွေနဲ့ ရင်ပေါင်တန်းနိုင်ဖို့ ကြိုးစားတဲ့ အခါမှာ ပညာရေးက အဓိကပါ..။ ပညာကောင်းကောင်း မတတ်သူတွေကို ပညာကောင်းကောင်းတတ်သူတွေ ကြည့်လေ့ မြင်လေ့ ရှိတဲ့ အကြည့် အမြင်က နားလည်သူတွေကို အခံရခက်စေပါတယ်..။ ကမ္ဘာလုံးဆိုင်ရာ ဖြစ်ထွန်းမှု (Globalization) နဲ့ အတူ ကမ္ဘာ့ပညာရေးဟာ နေ့စဉ်နဲ့ အမျှ ပြောင်းလဲနေပါတယ်..။
အဲဒီ အပြောင်းအလဲကို မီအောင် လိုက်နိုင်ဖို့က သက်လုံကောင်းဖို့ သိပ်ကို လိုအပ်ပါတယ်..။ လိုက်ရင်း မောခဲ့ရတာ ကြာနေပါပြီ..။ ဘယ်သူ့ကြောင့် ဘယ်ဝါ့ကြောင့် လို့ အပြစ်တင်နေလို့လဲ မပြီးပါဘူး.။ အဲဒီ ဘယ်သူ ဘယ်ဝါ ဆိုတဲ့ ပုဂ္ဂိုလ်တွေဟာလဲ သူ့ခေတ်သူ့အခါမှာ ကောင်းမယ်ထင်လို့ လုပ်ခဲ့ကြတာပါ..။

ဒါကြောင့်မို့ အခု အခွင့်သာ အခါသင့် တဲ့ အခိုက်မှာ ပြေးရင်းလွှားရင်း အမောဆို့ပြီး နောက်ကျကျန်ခဲ့လို့ မျက်ခြေပြတ်သွားခဲ့တဲ့ ပညာရေးကဏ္ဍ ကို သွေးသစ်လောင်း အားသစ်ဖြည့် ရမယ့်အချိန် ရောက်လို့လာပါပြီ..။

အခုဖွင့်ခွင့်ပေးမယ့် ပုဂ္ဂလိက တက္ကသိုလ် တွေ ဆိုတာကလဲ တော်ရုံတန်ရုံ အရင်းအနှီးနဲ့ မရပါဘူး..။ Million Dollar Project တွေဖြစ်မှာပါ..။ ဒါကြောင့်မို့ ဒီနယ်ပယ် ထဲကို ဝင်ရောက်ပြိုင်ဆိုင်ရမှာကလဲ ငွေပင်ငွေရင်း အလုံအလောက် စိုက်ထုတ်နိုင်တဲ့ သူဋ္ဌေးသူကြွယ်များသာ ဖြစ်ကြမှာပါ..။ အဲဒါကို လဲ လက်ခံ ကြိုဆိုရမှာပါ..။ တကယ့် အဆင့်မီ တဲ့ တက္ကသိုလ် ဖြစ်ဖို့ First Impression ကနေ စကြရမှာပါ..။

မြေစမ်း ခရမ်းပျိုးမယ်.. နဲနဲနဲ့ စ မယ်။ “တဖြည်းဖြည်းကြီးထွားလာပါလိမ့်မယ်” ဆိုတဲ့ အတွေးဟာ မမှားပါဘူး..။ ဒါပေမယ့် အခုပြိုင်ပွဲမှာ တကယ်လုပ်ရမှာကတော့ .. အရှင်မွေး နေ့ချင်းကြီးအောင် လုပ်ကြရမှာပါ..။ Leapfrog ဆိုတဲ့ ခုန်ပျံကျော်လွှား နည်းစဉ်တွေကို သုံးကြရမှာပါ..။ ဒါမှ အချိန်တို အတွင်းမှာ ကိုယ့်ရှေ့က ရောက်နေကြတဲ့ အိမ်နီးချင်းနိုင်ငံတွေက တက္ကသိုလ်တွေကို ကျော်မတက်နိုင်ရင်တောင်မှ သူတို့ နောက်ကျောကို မြင်သာအောင် လိုက်မီနိုင်မှာပါ..။ အဲဒီလို မလိုက်နိုင်ရင် ရှေ့က ပြေးသွားနှင့်သူတွေရဲ့ ခြေနင်းချက်ကြောင့်ဖြစ်လာတဲ့ ဖုန်လုံးထဲမှာပဲ လမ်းပျောက် နေဦးမှာပါ..။

ဒီပြေးပွဲဟာ အခက်အခဲကျော် ပြေးပွဲဖြစ်သလို.. ပန်းတိုင်ကလဲ ဝေး ပါတယ်..။ ဒီနေ့ ကမ္ဘာ့ နိုင်ငံအသီးသီးမှာ အောင်မြင်ကျော်ကြားစွာ ရပ်တည်နေကြတဲ့ တက္ကသိုလ် တွေဟာ ကျောင်းသား ကျောင်းသူတွေဆီက ကောက်ခံရရှိတဲ့ ကျောင်းဝင်ကြေးနဲ့တင် ရပ်တည်နိုင်ကြတာ မဟုတ်ပါဘူး..။ သူတို့ အောင်မြင်အောင် ရပ်တည် နိုင်တာဟာ “သုတေသန” ကြောင့်သာဖြစ်ပါတယ်..။ သုတေသန တစ်ခု အောင်မြင်သွားရင် တက္ကသိုလ်ကြီး တစ်ခု လည်ပတ်ရတဲ့ သန်းပေါင်းများစွာသော ကုန်ကျစရိတ်တွေကို ကာမိစေပါတယ်..။

ဒါကြောင့် ရေရှည် အကျိုးအမြတ်ကို မမျှော်လင့်ပဲ အချိန်တိုတိုအတွင်း ကျောင်းသူ ကျောင်းသားတွေ ဆီက ရမယ့် ကျောင်းစရိတ်နဲ့တင် တက္ကသိုလ်တစ်ခု ရပ်တည် လည်ပတ် ပြီး ရင်းနှီးမြှုပ်နှံသူတွေ ချမ်းသာလာလိမ့်မယ်လို့ ထင်ရင် ဒီနယ်ပယ် ထဲမှာ မမြှုပ်နှံစေချင်ပါဘူး..။

ပြီးတော့ တက္ကသိုလ် တစ်ခု ထူထောင်ရတာဟာ ဈေးကွက်ထဲမှာ ပစ္စည်းအသစ်တစ်မျိုးထိုးဖေါက်ရောင်းချသလို ကြော်ငြာကောင်းကောင်း .. မော်ဒယ်လ် လှလှ နဲ့ ဆွဲဆောင်တိုင်းလဲ ရတာမျိုးမဟုတ်ပါဘူး..။ အမှန်တကယ် အရည်အချင်းနဲ့ ပြိုင်ဆိုင်ရတာပါ..။ ရင်းနှီးမြှုပ်နှံ ရတာ အဓိက နှစ်ပိုင်းရှိပါတယ်..။

“ဗဟိဒ္ဓ ရင်းနှီးမြှုပ်နှံမှု” Tangible Asset ဖြစ်တဲ့ တည်နေရာ.. အကျယ်အဝန်း..ပတ်ဝန်းကျင်.. အဆောက်အဦ.. သင်ထောက်ကူပစ္စည်း စတာတွေ လိုအပ်သလို “အဇ္ဈတ္တ ရင်းနှီးမြှုပ်နှံမှု” Intangible Asset ဆိုတဲ့ ပညာရှင် ရရှိမှု.. သင်ကြားမှု စနစ်ခေတ်မီကောင်းမွန်မှု ပညာရှင်တွေရဲ့ အရည်အသွေးပြည့်ဝမှု ဆက်ဆံရေး.. စည်းကမ်းထိန်းသိမ်းရေး ကောင်းမွန်မှု စတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ အများကြီးလိုအပ်ပါတယ်..။

အဲဒီလို ရင်းနှီးမြှုပ်နှံမှုတွေ ဟန်ချက်ညီမှ ပုဂ္ဂလိက နယ်ပယ်မှာ အောင်မြင်နိုင်မှာပါ..။ ဗဟိဒ္ဓရင်းနှီးမြှုပ်နှံမှု အားကောင်းရင် ပြည်တွင်းမှာပဲ ယှဉ်ပြိုင်ရုံပါပဲ..။ အဇ္ဈတ္တရင်းနှီးမြှုပ်နှံမှု အားကောင်းမှသာ တက္ကသိုလ်ရဲ့ ထွက်ကုန် (Product) ဖြစ်တဲ့.. ဘွဲ့ရရုံ မဟုတ်ပဲ ပညာအမှန်တကယ် တတ်တဲ့ နိုင်ငံတကာ တန်းမီတဲ့ ထူးချွန်သူတွေ ထွက်ပေါ်လာမှာ ဖြစ်ပါတယ်..။

ထူးချွန်သူတွေကို မွေးထုတ်နိုင်ပြီ ဆိုရင်တော့ ကိုယ့်တိုင်းပြည် အတွက်လဲ ဂုဏ်ယူနိုင်သလို ကိုယ့်တက္ကသိုလ်ရဲ့ ဂုဏ်သတင်းဟာလဲ မွှေးပျံ့လာမှာ မလွဲပါဘူး..။

ကောင်းလွန်း

Post Author: Ma Ma Lay