ဦးနှောက်စွန့်စားခန်း

ဦးနှောက်စွန့်စားခန်း

ဦးအောင်သင်း

စာပေမှာ ကလေးတစ်ယောက် စိတ်ဝင်စားတာက ပထမဆုံး ကလေးပုံပြင်၊ ပြီးတော့ ဆယ်ကျော်သက်အရွယ် ရောက်လာတဲ့အခါ အဖမ်းစားဆုံးက အချစ်ဝတ္ထုနဲ့ စွန့်စားခန်းဝတ္ထုပဲ။ ဒါပေမဲ့ တကယ်တော်တဲ့သူတွေက အဲဒီမှာ ရပ်နေမှာမဟုတ်ဘူး။ တကယ်တော်တဲ့သူတွေက စာပေမှာဆိုရင် အချစ်ဝတ္ထုနဲ့ စွန့်စားခန်းဝတ္ထု၊ ရုပ်ရှင်မှာဆိုရင် အချစ်ကားနဲ့ စွန့်စားခန်းကား၊ စတန့်ကားတွေကို ကြိုက်ခဲ့တာမှန်ပေမယ့် တကယ် ယဉ်ကျေးမှုမြင့်လာတဲ့အခါကျတော့ အတွေးအခေါ်နဲ့ပတ်သက်တာတွေ ကြိုက်လာတယ်။ စာပေတွေကို အလေးအနက်ဖတ်လာတယ်။ နောက်တော့ အဲလိုကလေးတွေက ခေါင်းဆောင်တွေ ဖြစ်လာတာပဲ။ ပြောချင်တာက လူငယ်တစ်ယောက်ဟာ တစ်နေရာတည်းမှာ ရပ်နေတာမဟုတ်ဘူး။ လူငယ်တွေမှာ ပြောင်းလဲနေတယ်။ ပြောင်းလဲရာမှာ တိုးတက်သော ပြောင်းလဲမှုဖြစ်ရင် နောက်ပိုင်းမှာ အဲဒီလူငယ်တွေက ခေါင်းဆောင်တွေဖြစ်လာတာပဲ။

လူငယ်တွေဟာ ကျောင်းစာကိုပဲဖတ်ရင် ကျောင်းစာတော်တာပေါ့။ အပြင်စာပါဖတ်ရင် အပြင်မှာပါ အမြင်ကျယ်လာတာပေါ့။ အမြင်ကျဉ်းတဲ့သူက နောက်လိုက်ဖြစ်မှာပဲ။ အမြင်ကျယ်တဲ့သူက ခေါင်းဆောင်ဖြစ်လာတာပဲ။ ခေါင်းဆောင်က လူတိုင်းဖြစ်လာတာမဟုတ်ဘူး။ လူ့လောကထဲမှာ ခေါင်းဆောင်က အင်မတန်ရှားတယ်။ သူများထက် စူးရှတဲ့အတွေးအခေါ်၊ ကောင်းမွန်တဲ့အတွေးအခေါ် ရှိတဲ့သူက ခေါင်းဆောင်ဖြစ်လာတာပဲ။

လူငယ်တွေအနေနဲ့ အတုခိုးရာမှာ အ၀တ်အစားလောက်ကိုပဲ အတုခိုးမနေဘဲ တကယ့်ကို အတုခိုးအပ်တဲ့ စိတ်ဓာတ်၊ ပညာတွေကို အတုခိုးပြီး ကြိုးစားတဲ့သူက တက်သွားတာပဲ။ ပညာတော်တာကို ဂုဏ်ယူတဲ့ကလေးရှိတယ်။ အဲဒါကို အားမကျဘဲ အ၀တ်အစားနဲ့ပတ်သက်ပြီး ဂုဏ်ယူတဲ့သူလည်း ရှိတယ်။ အဲဒါက လူငယ်ဘ၀မှာ အဆုံးအဖြတ်ပေးတယ်။ တချို့လူငယ်တွေက စာဖတ်တာကအစ အတွေးအခေါ်ပါတဲ့ စာကို အစောကြီးကတည်းက ဖတ်တယ်။ အဲဒါကို ဦးနှောက်စွန့်စားခန်းလို့ ခေါ်တယ်။ အ၀တ်အစား စွန့်စားခန်းထက် ဦးနှောက်စွန့်စားခန်း လုပ်တဲ့သူက အချိန်တန်တော့ လောကကိုဦးဆောင်သွားတာပဲ။

လူငယ်တွေဟာ အတွေးအခေါ်ပါတဲ့ စာပေကိုဖတ်တဲ့ အလေ့အကျင့်လုပ်ပါ။ အတွေးအခေါ် ရင့်ကျက်တဲ့ ပုဂ္ဂိုလ်ကြီးတွေရဲ့ အတွေးအခေါ်ကို သွေးကူးယူပါ။ ပညာသင်တယ်ဆိုတာ စဉ်းစားကြည့်ရင် လက်ဆင့်ကမ်းပြီး ကျိုးကြောင်းဆင်ခြင်မှုယူတာပဲ။ အဲဒီတော့ လူတွေဟာ တစ်ဦးရဲ့ အတွေ့အကြုံ၊ တစ်ဦးရဲ့စဉ်းစားဆင်ခြင်မှုကို လေ့လာရတယ်။ ယူရတယ်။ အဲဒီထဲမှာ အကောင်းဆုံးနည်းက စာဖတ်တဲ့နည်းပဲ။ စာဖတ်တဲ့နည်းမှာ အပေါစား၊ အပေါ့စားစာအုပ်တွေမဟုတ်ဘဲနဲ့ ဦးနှောက်ကို အလေးအနက်စိန်ခေါ်တဲ့စာမျိုးတွေကို ဖတ်ရမယ်။

Credit to Eternal Light

Post Author: Ko Sai