fb မှာနာမည်ကြီးနေတဲ့ ဆီခဲ ဆိုတဲ့အကြောင်းလေး

fb မှာနာမည်ကြီးနေတဲ့ ဆီခဲ ဆိုတဲ့အကြောင်းလေး

ပိန့်ညောင် စာမရေးတာ အတော်ကြာနေပြီ၊ ဒီရက်ပိုင်းမှာ နိုင်နိုင်အေးကလည်း ရှုပ်နေတာနဲ့ ကိုယ်တွေလည်း စီးမျောလိုက်ပါနေတာနဲ့ ဘာစာမှ ကို မရေးဖြစ်ဘူး၊ အလုပ်တွေများနေတာရော စိတ်ရှုပ်နေတာတွေကြောင့်လည်းပါတယ်။
အခုတော့ နံနံဂျားမှာ ဆမီနာ တစ်ခုတက်ရင်း ခိုးရေးလိုက်တာ၊ နားကတော့ နားထောင်နေရတာပေါ့လေ၊

ဘာရေးရကောင်းမလဲစဉ်းစားတော့ အခုတစ်ခေါက် နိုင်နိုင်အေးတွေ အသံဆူလာစ အချိန်လောက်က ဖုစိပ်ပုတီးနဲ့ဆိုင်တဲ့ သတင်းတစ်ခု တက်လာတာ သတိထားမိတယ်၊ အဲဒါလေး နည်းနည်းရေးမယ် စိတ်ကူးတယ်၊ ပိန့်ညောင် နောက်ပိုင်းစာရေးတဲ့ကုန်ကြမ်းတွေက ဖေ့စဘုတ်ပေါ်က ရတာများတယ်၊ ဖေ့စုတ်ပေါ်မှာ ပိန့်ညောင်နဲ့ဆိုင်တဲ့ ဖုစိပ်ပုတီးသတင်းတွေ ကောလာဟလတွေ တက်လာရင် လိုက်ကြည့်ရတယ်၊

ကိုယ်နဲ့ဆိုင်တာကိုး၊ အဲ့ဒီ သတင်းကို အစ်အမှန်လား ကောလာဟလလား ခွဲခြားစီစစ်ရသလို ဘယ်လောက် လူတွေ စိတ်ဝင်တစား ရှိကြလဲ၊ ဒီအပေါ်မှာ သူတို့ စိုးရိမ်ရေမှတ် ဘယ်လောက်ရှိသလဲလည်း ကြည့်ရတယ်၊ အဲဒီအပေါ်မှာ ပိန့်ညောင် ဝင်ပြောဖို့သင့် မသင့်လည်းချိန်ရတယ်၊ ပြောဖို့ မုဒ်လည်းဝင်ဖို့က လိုသေးတာ။

အဲ့ဒီ တလောက တက်လာတဲ့ ဆီခဲအတုံးကြီးဆိုတဲ့ သတင်းနဲ့ ပတ်သက်တာလေး နည်းနည်းရေးပါမယ်။
အခု ရောက်နေတဲ့ မလေးရှားနိုင်ငံက စားအုန်းဆီတွေ ဆီခဲတွေ အများအပြားထုတ်လုပ်တဲ့ နိုင်ငံလည်းဖြစ်နေလို့ ဒီခေါင်းစဉ်ကို သတိရသွားတာ၊ မြန်မာနိုင်ငံကိုလည်း အဓိက တင်ပို့နေတဲ့ နိုင်ငံလည်းဖြစ်တယ်၊ (ကိုမျိုးနှစ်တို့နဲ့ ပေါင်းလိုက်ရင် ဒီအချိန်ဟာ ဇာတ်နာလို့ကောင်းအောင် လုပ်လို့ အကောင်းဆုံးပေါ့)။

တက်လာတဲ့ သတင်းက စားသောက်ကုန် ထုတ်လုပ်တဲ့ လုပ်ငန်းတစ်ခု (ဘာလုပ်ငန်းလဲတော့ မသိရ၊ ကြော်တဲ့ လှော်တဲ့ လုပ်ငန်းတစ်ခု ဖြစ်မယ်လို့တော့ ယူဆရတယ်) မှာ ဆီသုံးရမည့်နေရာ (ကြော်ခြင်း) မှာ ဆီထဲကို ဘာမှန်းမသိတဲ့ (ဆီခဲလို့ယူဆရတဲ့) ပလပ်စတစ်အပြာရောင်နဲ့ ပတ်ထားတဲ့ လေးထောင့်ဖြူဖြူ အတုံးအခဲကြီးကိုထည့်တာ တွေ့ရတယ်ပေါ့၊

အဲ့ဒါ မသမာတဲ့နည်းလမ်းတွေသုံးပြီး စားသုံးသူကို ဒုက္ခရောက်အောင်လုပ်နေတာ၊ လုပ်ငန်းရှင်တွေက ဝိသမလောဘသားတွေပဲ၊ စားသုံးသူမျက်နှာကို မကြည့်ဘူး၊ ငို့ဘသမားတွေ၊ တာဝန်ရှိတဲ့သူတွေကလည်း ဘလာ ..ဘလာ .. ဘလာ …..

ထုံးစံအတိုင်းပါပဲ …..တက်လာတဲ့ ပို့စ်မှာ ဓာတ်ပုံ ၃ ပုံလောက်ပါတယ်၊ ပို့စ်ရဲ့အဓိကဇာတ်ဆောင် ပလပ်စတစ်အပြာရောင်နဲ့ ပတ်ထားတဲ့ ဆီခဲဖြူဖြူအတုံးကြီးက ပုံတိုင်းပါတယ်၊ တစ်ပုံမှာက အဲ့ဒီအတုံးကြီးကို မိုးဗြဲဒယ်ကြီးရဲ့ဘေးမှာချထားတာတွေ့ရတယ်ဆိုတော့ ပို့စ်အရ ဒီအတုံးကြီးကို ဒီဒယ်အိုးထဲမှာ ထည့်ကြော်မယ်လို့ ယူဆရပါတယ်၊ အတုံးကြီးကိုကြော်တာမဟုတ်ဘူးနော်၊

တစ်ခုခုကြော်မည့်အထဲမှာ ဒီအတုံးကြီးကို ထည့်မှာပြောတာ၊ ပုံထဲက မိုးဗြဲဒယ်ထဲမှာတော့ ဘာမှန်းမသိတဲ့ ညိုညစ်ညစ်အရည်တွေ တွေ့ရတယ်၊ ယခင်ကြော်ထားပြီးသား လက်ကျန်ဆီတွေလည်း ဖြစ်နိုင်ပါတယ်၊ ကြော်မည့်ပစ္စည်းတွေတော့လည်း ပုံထဲမှာ မပါပါဘူး၊ မီးဖိုကလည်း မီးမရှိပါဘူး၊ မီးဖိုပေါ်ကို အိုးက ဒီအတိုင်းတင်ထားတာပါ၊ ဆိုလိုတာက လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်ဆဲပုံ မဟုတ်လို့ ဒီအိုးနဲ့ ဒီအတုံးကို မပြေးသော် ကန်ရာရှိ ဆက်စပ်ကြည့်မိတာကိုပဲ ပြောချင်တာပါလေ။

ဒယ်နဲ့ ပတ်ဝန်းကျင်အနေအထားကို သုံးသပ်ကြည့်ရတာတော့ သန့်ရှင်းမှုအားနည်းပါတယ်၊ စားသောက်ကုန်လုပ်ငန်းတစ်ခုအနေနဲ့ ကြည့်မယ်ဆိုရင်တော့ hygienic practice သန့်ရှင်းမှုကျင့်စဉ် အားနည်းတယ်ဆိုတာတော့ သိသာပါတယ်၊ အဲ့ဒါအသာထားလိုက်ပါ၊ ပို့စ်ရဲ့ အဓိကဇာတ်လိုက်ဖြစ်တဲ့ လေးထောင့်ဖြူဖြူအတုံးကြီးကိုပဲ အာရုံစိုက်ရအောင်ပါ၊ ပတ်ထားတဲ့ ပလပ်စတစ်အပြာရောင်ကို မချွတ်ရသေးဘူး၊ ပုံအရ နှစ်တုံးထပ်ထားသလို ထင်ရတယ်။

ပိန့်ညောင်ရဲ့ သုံးသပ်ချက်အရကတော့ ဒီအတုံးကြီးက ဖြစ်နိုင်တာ နှစ်ခုရှိတယ်၊ Palm stearin လို့ခေါ်တဲ့ စားအုန်းဆီမျိုးကွဲ တစ်ခုရယ် (သူကလည်း သာမန်အခန်းအပူချိန်မှာဆို အခဲပဲ)၊ Hydrogenated vegetable fat ခေါ်တဲ့ ဆီခဲရယ်၊ တစ်ခုခုတော့ တစ်ခုခုပဲ၊ ဖြစ်နိုင်ခြေတွက်ကြည့်ရတာတော့ Hydrogenated vegetable fat ဖြစ်ဖို့တော့ ပိုများတယ်။

အဲ့လို ကော်ဖီခရင်မာ မှာ ထည့်သုံးတာအပြင် ဒီဆီခဲမှာ အခြားအစားအသောက်အသုံးတွေလည်းရှိသေးတယ်၊ ပေါင်မုန့် ကိတ်မုန့်ဖုတ်တဲ့နေရာ၊ ကွတ်ကီးတို့ ဒိုးနပ်တို့ လုပ်တဲ့နေရာ၊ မွေးနေ့ကိတ် ပုံဖော်တဲ့နေရာ၊ မာဂျရင်း လုပ်တဲ့နေရာ၊ ကြော်တဲ့ ဖုတ်တဲ့ စားသောက်ကုန်တွေ ထုတ်တဲ့နေရာ၊ အစုံပါပဲ၊ သူက ပိုပြီးအကြော်ခံတယ် အရပ်လိုပြောရရင်။

ဈေးကွက်မှာ အတွေ့များတဲ့ ဆီခဲတွေက စားအုန်းဆီကို အခြေခံထားပြီး ထုတ်ထားတာတွေ၊ စားအုန်းဆီကို ဟိုက်ဒြိုဂျင်ဓာတ်ငွေ့သွင်းထားတာ၊ စားအုန်းဆီကို အရည်ပုံစံကနေ အခဲပုံစံဖြစ်အောင်လုပ်ထားတာ၊ ပိုပြီး အထားခံသွားတယ်၊ သယ်ရပိုးရလည်း ပိုလွယ်သွားတယ်၊ အရည်ပုံစံနဲ့တုန်းက စားသောက်ကုန်မှာ သုံးလို့မရတဲ့ အခြားအသုံးတွေလည်း သုံးလို့ ရလာတယ်၊ အရောင်ကတော့ အဖြူဆွတ်ဆွတ် အရောင်ပါပဲ။

နောက်ဆီခဲတစ်မျိုးဖြစ်တဲ့ Palm stearin အကြောင်းသွားကြည့်ရအောင်၊သူက စားအုန်းဆီနဲ့ တိုက်ရိုက်အမျိုးတော်တယ်၊ ဘယ်ကရသလဲဆိုတော့ ပြောပြမယ်၊ နားထောင်။စားအုန်းဆီအသီးကို ကြိတ်လိုက်ရင် စားအုန်းဆီရတယ်၊ ရှင်းတယ်၊ ဒါပေမဲ့ အဲ့ဒါက ဆီကြမ်းပဲ၊ သန့်စင်အောင် လုပ်ရသေးတယ်၊

အဲ့ဒီဆီကြမ်းကို crude palm oil ခေါ်တယ်၊ သန့်စင်လိုက်လို့ ရလာတဲ့ ဆီချောကို refined palm oil ခေါ်တယ်၊
အခု ပိန့်ညောင်တို့ နေ့စဉ်စားနေတဲ့ စားအုန်းဆီဆိုတာကိုကျ refined palm olein လို့ခေါ်တယ်၊ အခေါ်အဝေါ်တွေက နည်းနည်းတော့ နားရှုပ်စရာပဲ၊ အဲ့ဒီ refined palm olein ဆိုတာကို refined palm oil ကနေရတယ်၊ Palm oil ထဲမှာ နှစ်ပိုင်းပါတယ်လို့ ပြောရမယ်၊

အရည်အပိုင်းနဲ့ အခဲအပိုင်း၊ ဒီအတိုင်း သာမန်မျက်စိနဲ့ ကြည့်လို့ကတော့ အရည်ရယ် အခဲရယ်လို့ ခွဲမမြင်ရဘူး၊ ရောနေတာ၊ ဒါကို နည်းပညာသုံးပြီးခွဲထုတ်ရတယ်၊ သန့်စင်ပြီးသား palm oil ကို အပူချိန်တစ်ခုအထိရောက်အောင် အအေးခံလိုက်ရင် အခဲအပိုင်းက ဆီခဲအမှုန်လေးတွေအဖြစ်ပေါ်လာတယ်၊ အဲ့ဒါကို ဆီစစ်နဲ့ စစ်ထုတ်လိုက်ရင် palm oil မှာပါတဲ့ အရည်အပိုင်းရယ် အခဲအပိုင်းရယ် ဆိုပြီး ကွဲသွားတယ်၊ အရည်အပိုင်းကို palm olein လို့ခေါ်ပြီး အခဲအပိုင်းကို palm stearin လို့ခေါ်တယ်၊

အဲ့ဒီ palm stearin က သာမန်အခန်းအပူချိန်မှာဆိုရင် အခဲပဲ၊ ပလပ်စတစ်နဲ့ ထုပ်ထားလို့ရတယ်၊ နည်ပညာအလိုအရ ဆီထဲကနေခွဲထုတ်ခါစမှတော့ အပူချိန်ကြောင့် အရည်နှစ်လို ဖြစ်နေတယ်၊ အဲ့ဒါကြောင့် ထုတ်လုပ်တဲ့နေရာမှာ လေးထောင့်ဂျပ်ပုံးခွံထဲမှာ ပလပ်စတစ်အိတ်ခွံကို စွပ်ထားပြီး အဲ့ဒီ palm stearin အရည်နှစ်ကို လောင်းထည့်ချလိုက်ပြီး ပလပ်စတစ်အိတ်ကို ပိတ်ထားလိုက်ရင် အပူချိန်ကျသွား ဒါမှမဟုတ် အအေးခံလိုက်တဲ့အခါ အဲ့ဒီ ဂျပ်ဖာထဲက palm stearin အနှစ်တွေက ခဲသွားရောလေ၊ အဲ့ဒီတော့ ဂျပ်ဖာပုံစံအတိုင်း လေးထောင့် အဆီခဲကြီး ဖြစ်သွားတာပေါ့၊ ဓာတ်ပုံလေးတွေ နည်းနည်းထည့်ပေးလိုက်မယ်၊ မြင်သာအောင်လို့။

သူ့အရောင်ကတော့ နည်းနည်းဝါကျင့်ကျင့် အရောင်ရှိတယ်၊ ဒါကလည်း စားအုန်းဆီကြမ်းကို refined palm oil ရအောင် လုပ်တဲ့နေရာမှာ ဘယ်လောက်ပြင်းပြင်း သန့်ပစ်လိုက်တယ်ဆိုတဲ့ အပေါ်မူတည်ပါတယ်၊ refining process ပြင်းပြင်းလုပ်ထားရင် အဲ့ဒီ palm oil ကထုတ်တဲ့ palm stearin က အရောင်မပါပဲ ဖြူနေတတ်တယ်၊ ဒါဆို အဲ့ဒီ ဆီခဲက hydrogenated palm fat/hydrogenated vegetable fat နဲ့ အတူတူလိုပဲ ထင်ရတယ်၊ အမြင်နဲ့ ရုတ်တရက် ခွဲမရဘူး။

Palm stearin ကလည်း palm fat လိုပဲ စားသောက်ကုန် ထုတ်လုပ်တဲ့ နေရာအမျိုးမျိုးမှာ အသုံးပြုတယ်။အခုရှင်းပြတဲ့ ဆီခဲ နှစ်မျိုးက စားအုန်းဆီက လာတာချင်းတူတယ်၊ အခဲချင်းတူတယ် ဆိုပေမဲ့ ပါဝင်တဲ့ ဓာတ်သဘောချင်းတော့ မတူဘူး၊ အသေးစိတ် လိုက်ပြောပြနေရင် နားထွေးစရာအကြောင်းတွေ ဖြစ်လာမှာမို့ အဲ့ဒါတွေ မပြောတော့ပါဘူး။

ချုပ်ရရင် ဖေ့စုတ်သတင်းတစ်ခုမှာပါတဲ့ ဆီခဲဆိုတာ အပေါ်မှာပြောတဲ့ နှစ်ခုထဲက တစ်ခုခုပဲ၊ ဘယ်ဟာပဲဖြစ်ဖြစ် စားအုန်းဆီကလာတဲ့ဟာ ဆိုတာကတော့ သေချာသလောက်ရှိတယ်၊ စားသောက်ကုန်ထုတ်လုပ်တဲ့ နေရာအမျိုးမျိုးမှာသုံးတယ်၊ သူ့နေရာနဲ့ သူပဲ၊ သေချာတာတစ်ခုက ကြော်တဲ့ကိစ္စမှာ အရပ်သိ စားအုန်းဆီနဲ့ ရောသုံးရင် ပိုပြီး အကြော်ခံတယ်၊ အပူဒဏ်ကို ပိုခံနိုင်တယ်၊ ဒါပါပဲ၊ ကျန်းမာရေးကို အန္တရာယ်ဖြစ်တယ် မဖြစ်ဘူး ဘာညာဆိုတာတွေကလည်း စားအုန်းဆီနဲ့ မရိုးစွဲပဲ လို့သာ မှတ်လိုက်၊ အဲ့ဒီကပဲ လာတာကိုး။

ကဲ … အခုတော့ ဒါလောက်နဲ့ပဲ ရပ်လိုက်တော့မယ်၊တစ်ခုလောက်တော့ မေတ္တာရပ်ခံကြည့်လို့ ရမလား၊
ပိန့်ညောင်တို့ ရွှေပြည်ကြီးသားတွေက တစ်ခုခုဆို အုတ်အော်သောင်းတင်းတွေချည်း လုပ်တတ်ကြတာ၊ အဲ့ဒီအလေ့က အခု လတ်တလောဖြစ်နေတဲ့ နိုင်နိုင်အေးကိစ္စမှာ အထင်းသားကြီး ပေါ်လာနေတယ်၊ ဟုတ်လားမသိ မဟုတ်လားမသိ ဆင်ခြင်ဝေဖန် သုံးသပ်ဖို့မစဉ်းစား ဘာလာလာ ရှဲမယ်ဆိုတာချည့်ပဲ၊

ပိန့်ညောင်အမြင်မှာတော့ ဒီအလေ့အထဟာ တိုင်းပြည်အတွက် အနှုတ်လက္ခဏာဆောင်တဲ့ သဘောလို့ ရှုမြင်မိပါတယ်၊ ဘယ်သူပြောပြော အလွယ်တကူယုံတဲ့အပြင် ကိုယ့်ဝန်းကျင်ကလူတွေကိုပါ အတင်းဆွဲထည့် ယုံခိုင်းကြတော့တာ၊ ဒီ အားနည်းချက်ကို မရိုးမဖြောင့်သောသဘောနဲ့ တစ်ဖက်က အသုံးချသွားရင် ခံရမှာ ပိန့်ညောင်တို့လို သာမန်ရွှေပြည်ကြီးသားတွေပါပဲ။

ဒါကြောင့် မေတ္တာရပ်ခံချင်တယ်ဆိုတာက ပြောတိုင်းလည်းမယုံကြပါနဲ့၊ ပုတ်သင်ညိုဘဝကနေ ရုန်းထွက်ဖို့ ကြိုးစားပေးကြပါ၊ တစ်ခုခု ဆိုရင် ဘာမှမလုပ်ခင် အရင် စဉ်းစားပါ တွေးတောပါ ဆင်ခြင်ပါ၊ မိမိရဲ့ အသိဉာဏ်ပညာနဲ့ ဝေးလှမ်းတဲ့ ကိစ္စဆိုရင် သိသူ တတ်သူ ကျွမ်းကျင်သူကို မေးမြန်းတိုင်ပင်ပါ၊

သူတို့ပြောတာကို စောင့်နားထောင်ပါ၊ နောက်ဆုံးပြောချင်တာကတော့ မိမိ မကျွမ်းကျင် သေသေချာချာ မသိတဲ့ကိစ္စရပ်တွေမှာ ရမ်းသမ်းမရှဲပါနဲ့၊ မိမိက မသိလိုက်ပါဘဲလျက် တစ်ဖက်ရဲ့ အသုံးချခံဘဝကို အလိုလိုရောက်သွားနိုင်တယ် ဆိုတာလေးကို သတိရပေးပါ၊ ဆီခဲကိစ္စလည်း ဒီသဘောဆန်ဆန်ပါပဲ။

အမှိုက်ကစပြီး ပြဿဒ်လည်း မီးလောင်နိုင်ပါတယ်။ကာလာမသုတ္တံလေးကို မပြတ်ဆင်ခြင်ပွားများ နှလုံးသွင်းနိုင်ကြပါစေ ဆုတောင်းလျက် ……

ပိန်ညောင်
ကွာလာလမ်ပူ၊ မလေးရှား

Post Author: Ma Ma Lay