ကိုယ့်ကိုယ်ကိုယ် ဆုံးမခြင်း 

ကိုယ့်ကိုယ်ကိုယ် ဆုံးမခြင်း

လောကမှာ သနားချင်ပေမယ့် သနားလို့ မရတဲ့ သတ္တဝါတွေဆိုတာရှိတယ်။ကံမပါရင် ဘုရားတောင် သနားပေးလို့ မရဘူး။ သူလုပ်ခဲ့တဲ့ ကောင်းတဲ့ကံ ပါမလာရင် သနားလို့ ကယ်ချင်တာတောင် ကယ်လို့မရဘူး။

အတိတ်က ဒါနမပါ မစ္ဆရိယ အားကြီးလွန်းတဲ့သူဟာ စားစရာမရှိလို့ တစ်ယောက်ယောက်က သွားကျွေးတာတောင်မှ အဲဒီအစားအသောက် သူ့ဆီရောက်တော့ ပျောက်ပျောက်သွားတာမျိုး အဖြစ်အပျက်တွေ ဗုဒ္ဓစာပေတွေမှာ အများကြီးတွေ့ရတယ်။

သနားစရာတော့ကောင်းတယ်၊ ကယ်လို့မတဲ့သူတွေ လောကမှာအများကြီး။ ကိုယ်ကမကယ်ချင်တာ မဟုတ်ဘူး။ သူ့အတိတ်ကံကိုက သူ့ကိုဖယ်နေတာ။ ကံမရှိရင် ပြန်ကြည့်တာတောင်မှ ဆန်မရှိတဲ့သူတွေ အများကြီး။ ဒါကို သူ့ကိုမသနားရကောင်းလားလို့ မကြည့်တဲ့သူကို အပြစ်ပြောလို့ မရဘူး။ သူ့ကံက သူ့ကိုပစ်ထားတာ။ ကိုယ်က ပစ်ထားတာ မဟုတ်ဘူး။

ဗုဒ္ဓဘာသာရဲ့ ကမ္မနိယာမ သဘောအရ သတ္တဝါတွေရဲ့ အကောင်းအဆိုးဆိုတာ သူလုပ်တဲ့အလုပ်တွေကပဲ ပုံဖော်ပေးသွားတာ။ စေတနာပါတဲ့ လုပ်ရပ်တိုင်းဟာ ကံမြောက်တယ်။ ကံမြောက်ရင် အခွင့်ကြုံရင် အဲဒီအကျိုးပေး သူ့ဆီရောက်လာမှာပဲ။

မကောင်းတဲ့ အလုပ်တွေမှာ စေတနာအားကြီးရင် မကောင်းတဲ့အကျိုး သူ့ဆီလာမှာပဲ။ ကောင်းတဲ့အလုပ်တွေမှာ စေတနာ အားကြီးရင် ကောင်းတဲ့အကျိုးသက်ရောက်မှု သူ့ဆီရောက်လာမှာပဲ။ ဒါဟာ သူ့ဘဝကို သူ့ကံက ဖန်တီးပေးတာပဲ။

ဆိုလိုတာက ကံတရားတွေရဲ့ အထောက်အပံ့ ပါမလာရင် ဘယ်လောက်ပဲ သနားသနား၊ ဘယ်လောက်ပဲ စောင့်ရှောက်စောင့်ရှောက် ရောက်ကိုမရောက်၊ ရကိုမရဘူးဆိုတဲ့ သဘောပဲ။ ဒါကို ကိုယ့်ကံမပါလို့ ကိုယ်အဆင်မပြေတဲ့အပေါ်မှာ ဘယ်သူ့ဘယ်သူကြောင့်ဆိုတာမျိုး ယိုးမယ်မဖွဲ့ဖို့မရှိဘူး။

ကိုယ်အဆင်မပြေတာ ကိုယ့်အကြောင်းတရားကြောင့်ပဲ။ သူ့အဆင်ပြေနေတာ သူ့အကြောင်းကောင်းခဲ့လို့ပဲ။ ဘယ်သူ့ဘယ်သူကိုမှ စောင်းဖဲ့နေဖို့ မရှိဘူး။ ကိစ္စတိုင်းမှာ အကြောင်းတရားရှိတယ်ဆိုတာ မမေ့ပါစေနဲ့။

မနာပ ဒါယီ အရှင်ဝိစိတ္တ

Post Author: Ma Ma Lay