ကိုယ် ဘယ်လိုလူလဲ 

ကိုယ် ဘယ်လိုလူလဲ

ညီလွင် တစ်ယောက် ကျွန်တော့်ဆီ ရောက်လာပြီး သူသိချင်တာတွေကို အစ ဆွဲထုတ်ပြန်ပါတယ် ။” အကို ၊ အကို အရင် ရေးဖူးတဲ့ ကိုယ့်ကိုယ်ကို သိပါ ဆိုတာကို ရော နည်းနည်းလောက်ထပ်ရှင်းပြပေးပါလား အကို ။ ဒါကို ရော ကျွန်တော်တို့ ဘာလုပ်သင့်လဲ ရွေးချယ်ရာမှာ ထည့်သွင်းစဉ်းစားရမှာလား ? ”

” အင်း ဒါက ဒီလို ရှိတယ်ညီရ ။ အရင်က အကိုတို့ ဆွေးနွေး လိုက်တဲ့ အဓိက အချက် ၂ ချက် ရှိတယ်လေ ။

၁။ ကိုယ် ဝါသနာ ပါတာကို သေချာရှာဖို့ ( ကိုယ့်ကိုယ်ကို မညာမိဖို့ )

၂။ ကိုယ့် နဂို အားသာချက် ရှိနေပြီးသား ကို ရှာဖွေ ဖော်ထုတ်ဖို့ ဆိုတာတွေပေါ့ ။

တကယ်တမ်းတော့ ညီ ကိုယ့်ကိုယ်ကို သိရမယ် ဆိုတာဟာ ဒီ ၂ ချက်မှာ ကတည်းက အတိုင်းအတာ တစ်ခု အထိ ပါပြီးသား ဖြစ်နေတာပဲညီ ။ ဒီတော့ သီးသန့် ထပ် မစဉ်းစားလည်း ရတယ် ။ ဒါပေမယ့် နောက်ထပ် သိသိသာသာ ခွဲထုတ် စဉ်းစားကြည့်သင့်တဲ့ အမြင်ကို ညီသိချင်ရင်တော့ အကို ပြောပြချင်တာတစ်ခု ရှိသေးတယ် ။

” လုပ်ပါ အကို ။ ပြောမယ့်ပြော အကုန်သာ ပြောပါတော့ဗျာ ။ မှတ်နိုင်သလောက် မှတ်ပါ့မယ် ။ ”
” ဒီလို ညီရ ဒီ ရှုထောင့်က စိတ်ပညာ ဘက်ကိုတော့ နည်းနည်း ပိုရောက်တယ် ။ အကိုကလည်း စိတ်ပညာကို စိတ်ပါဝင်စားလို့ အတန်အသင့်လေ့လာထားတာလေးသာရှိတာ ။ ပညာရှင် မဟုတ်ဘူး ။ ဒီတော့ ကိုယ်နဲ့ ကိုက်သလောက်ကို ချင့်ယူပေါ့ကွာ ။ အကိုလည်း နည်းနည်း ပဲ ပြောပါ့မယ် ။ ကျန်တာ ကို သက်ဆိုင်ရာ ပညာရှင်တွေ ဆီကနေ ဆက်လေ့လာနိုင်အောင် ကြိုးစားပေါ့ ။ ”

” ဟုတ်ကဲ့ အကို ။ ပြောသာ ပြောပါ ။ ကျွန်တော့် အတွက်တော့ အကျိုးရှိမှာပါ ။ ”
” ဒီလို ညီရ ။ လောကမှာ လူအမျိုးမျိုး စိတ်အထွေထွေ ရှိတယ်ဆိုတာ ညီလည်း သိပြီးသားပါ ။ အဲလို လူအမျိုးမျိုး စိတ်အထွေထွေ ဆိုပေမယ့် စိတ်ပညာရှင်တွေက ခွဲခြမ်း စိတ်ဖြာရာမှာ ထိရောက်အောင် အဓိက အုပ်စုတွေ အဖြစ် အတွေးအခေါ် နဲ့ အမူအကျင့်တူတာတွေကို စုစည်းပြီး သက်သက်စီ ခွဲထုတ်လေ့ရှိကြတယ် ။ တစ်ချို့ သီအိုရီတွေက ၁၂ မျိုးလောက်ရှိတယ် ။ တစ်ချို့ က ၆ မျိုး လောက် ပဲထားတယ် ။

Personality Types လို့ ခေါ်ကြတယ် ။ ဒီနေရာမှာ ကိုယ်ရည်ကိုယ်သွေးလို့ပဲ အကို ဘာသာပြန် သုံးလိုက်ချင်တယ် ။ ဒီထဲမှာမှ အကိုက စိတ်ပညာရှင်လည်း မဟုတ် ။ ညီတို့ကလည်း စိတ်ပညာ အထူးပြုလေ့လာသူတွေ မဟုတ်သေးတာကြောင့် အဓိက ကျတဲ့ ကိုယ်ရည်ကိုယ်သွေး ပုံစံ ၂ မျိုးကိုပဲ အကို ဒီ နေရာမှာ အဓိက ဆွေးနွေးချင်တယ် ။ ဒါကတော့ Extrovert နဲ့ Introvert ဆိုတာတွေပဲ ညီ ။ လူ လှုပ် နဲ့ လူ ငြိမ် လို့ပဲ အကို အကြမ်းဖျဉ်း ဘာသာပြန်လိုက်ပါရစေ ။

အကြမ်းဖျဉ်း ပြောပြရင်တော့ Extrovert ဆိုသူတွေဟာ လူ့ပတ်ဝန်းကျင်နဲ့ ပိုပြီး လိုက်လျောညီထွေ နေနိုင်လေ့ရှိကြတယ် ။ သွက်သွက်လက်လက် တက်တက်ကြွကြွရှိတယ် ။ကိုယ့်ကိုယ်ကို ယုံကြည်မှုလည်း ရှိကြတယ် ။ လူများများ စုမိလေ သူတို့ ပျော်လေပဲ ။ လူတွေနဲ့ ပြောဆို ဆက်ဆံရတာကို နှစ်သက်တယ် ။ လူတွေ အများကြီးနဲ့ တွဲဖက် အလုပ် လုပ်ရတာကို ကြိုက်တယ် ။ ယေဘူယ အားဖြင့် ပျော်ပျော်နေတတ်တယ် ။ ဟာသ တွေ ခပ်များများပြောတတ်တယ် ။ သူများက ဟာသတွေပြောရင်လည်း အင်တိုက်အားတိုက်ကို သူက ရယ်တယ် ။ ဒီတော့ သူတို့ဟာ လူတွေကြားမှာ ပိုပြီး ထင်ပေါ်လေ့ရှိတယ် ။

ရုပ်ရှင်မင်းသား ၊ မင်းသမီးတွေ ၊ ဂီတ နဲ့ အက ပညာရှင်တွေ ၊ ဖက်ရှင် ဒီဇိုင်နာတွေ ၊ မော်ဒယ် တွေ ၊ တခြား ဖျော်ဖြေရေးသမားတွေ ၊ ပွဲ စီစဉ်သူတွေ ၊ အစီအစဉ် တင်ဆက်သူတွေ ၊ နိုင်ငံရေးခေါင်းဆောင်တွေဟာ များသောအားဖြင့် Extrovert တွေ ဖြစ်လေ့ရှိတယ် ။ စီးပွားရေးဘက်မှာဆိုလည်း Marketing သမားတွေ ၊ အရောင်း ကျွမ်းကျင်သူတွေ ဟာ Extrovert တွေ ဖြစ်လေ့ရှိကြတယ် ။ သူတို့က လူတွေနဲ့ ထိတွေ့ဆက်ဆံရတာကို ပျော်တာကိုး ။

အဲ … Introvert ကျတော့ သူတို့နဲ့ ပြောင်းပြန် ။ စကားနည်းတယ် ။ အေးအေးဆေးဆေး နေတတ်တယ် ။ Extrovert တွေလို နေရာတကာ ထင်ပေါ်အောင် နေတာမျိုး မလုပ်တတ်ဘဲ သူ့ကမ္ဘာလေးနဲ့ သူ သီးခြား ဖြစ်နေလေ့ရှိတယ် ။ သူတို့ရဲ့ အားသာချက်က တစ်ယောက်တည်းနေတာများတော့ စိတ်ကူးစိတ်သန်းကောင်းတွေ ရှိလေ့ရှိတယ် ။ ထွက်လာလေ့ ရှိတယ် ။ ဦးနှောက် နဲ့ နှလုံးသားကို ခန္ဓာကိုယ်ထက် အများကြီး ပိုပြီး အသုံးချတတ်သူတွေပေါ့ ။

ဒါပေမယ့် တစ်ခါတလေ မှာ လူတွေနဲ့ခွဲထွက်ပြီး တစ်ယောက်တည်း သီးသန့် နေတာများတော့ လူတောမတိုးတတ်တော့တာမျိုး ဖြစ်တတ်တယ် ။ တစ်ချို့ကတော့ ကိုယ့်ကိုယ်ကို သိပြီး ပြန် ပြင်ဆင်လို့ လူတွေနဲ့လည်း အဆင်ပြေလေ့ရှိတယ် ။ ဒါပေမယ့် သူ တကယ် နေချင်တာ သူ့အတွက် အဆင်ပိုပြေတာကတော့ အေးအေးဆေးဆေး တစ်ယောက်တည်း ၊ ဒါမှမဟုတ် ကိုယ်နဲ့ ရင်ဘက်ချင်းတူတဲ့လူ နည်းနည်းလောက်နဲ့ပဲ အချိန်တွေ ကုန်ဆုံးစေတာမျိုးပေါ့။

ဒီလို လူတွေက နိုင်ငံကျော် ၊ ကမ္ဘာ ကျော် စာရေးဆရာကြီးတွေ ၊ ကဗျာဆရာတွေ ၊ တီထွင် ပညာရှင်တွေ ၊ ဘာသာရေးခေါင်းဆောင်တွေ ၊ ငြိမ်းချမ်းရေးခေါင်းဆောင်တွေ ၊ နိုင်ငံရေး နဲ့ စီးပွားရေးမှာ နောက်ကွယ်ကနေ မဟာဗျုဟာ ချမှတ်သူတွေ ဖြစ်လာလေ့ရှိကြတယ် ။ Introvert / Extrovert မို့ လို့ ဒီ အလုပ်ပဲ လုပ်ရမယ် ၊ ဒီ အလုပ်မှာပဲ အောင်မြင်မယ်လို့တော့ အကို မဆိုလိုဘူးနော်ညီ ။

ဘာလို့ဆို နယ်ပယ် တစ်ခုထဲမှာပဲ သူ့နည်း သူ့ဟန်နဲ့ သူ အောင်မြင်နေကြတဲ့ Extroverts တွေရော Introverts တွေ ရော ရှိတယ် ။ ဥပမာ IT နယ်ပယ်မှာဆိုရင် Steve Jobs ရော Bill Gates ရော အောင်မြင်ကြတာပဲ ။ ဒါပေမယ့် Steve Jobs ကို Extrovert အနေနဲ့ သတ်မှတ်ကြပြီး Bill Gates ကိုတော့ Introvert အနေနဲ့ သတ်မှတ်ကြတယ် ။
အကို ယူဆတာကတော့ ဒီလို အောင်မြင်နေတဲ့လူတွေဟာ လိုအပ်ရင်လိုအပ်သလို ( သူတို့ရဲ့ ကိုယ်ရည်ကိုယ်သွေးဟန်နဲ့ မကိုက်တာမျိုး ဖြစ်ခဲ့ရင်တောင်) သူတို့ လုပ်သင့်တာတွေကို ချိန်ညှိပြီး လုပ်နိုင်စွမ်းရှိကြတယ် ။

ပြီးတော့ နောက်တစ်နည်းက သူတို့ ကို နောက်ကွယ်ကနေ ဖြည့်စွက်ပေးမယ့် ၊သူတို့နဲ့ တွဲပြီး လုပ်နိုင်တဲ့ အခြားလူတွေ ( အထူးသဖြင့် သူတို့နဲ့ ကိုယ်ရည်ကိုယ် သွေး မတူတဲ့လူတွေ ) ကို သူတို့နားမှာ ရံထားပြီး အလုပ်တွဲလုပ်နိုင်ကြတယ် ညီ ။ Extroverts တွေနားမှာ Introverts တွေ ရှိနေသလို Introverts တွေနားမှာလည်း Extroverts တွေ ရှိနေတာပေါ့ ။ ဒါဆိုရင်တော့ ပိုပြီး အောင်မြင်နိုင်တယ်လို့ အကိုတော့ မြင်မိတယ်ညီ ။

နောက်ပြီး နိုင်ငံရေးနဲ့ ငြိမ်းချမ်းရေးခေါင်းဆောင် တစ်ဦးဖြစ်တဲ့ “ဂန္ဒီ” ကြီးလို လူမျိုးဟာ သူ့ ပင်ကို စိတ်ရင်းက Introvert ဖြစ်ပေမယ့် လိုအပ်လို့ သမိုင်းက တောင်းဆိုလာတဲ့အခါ လူထုနဲ့ ထိတွေ့မှုများတဲ့ ဟောပြောလှုံ့ဆော်မှုတွေ လုပ်ရတဲ့ နိုင်ငံရေးခေါင်းဆောင် တစ်ယောက် ဖြစ်လာတာပဲလေ ။ ပင်ကို အချိန်မှာ အေးအေးနေပေမယ့် အဲလို ဟောရပြောရတဲ့ အချိန်မျိုးမှာလည်း အကောင်းဆုံး လုပ်နိုင်တာပဲ ။

ဒါမျိုး Introvert ဖြစ်ပေမယ့် Extrovert တွေရဲ့ အလုပ် တစ်ချို့ ( ဟောတာပြောတာ ၊ လူရှေ့ မှာ လူလုံးထွက်ပြီး ကျော်ကြားအောင်နေတာတွေ ) ကို လိုအပ်ရင် အကောင်းဆုံး လုပ်နိုင်သူတွေရှိသလို Extrovert ဖြစ်ပေမယ့် Introvert အလုပ် တစ်ချို့ ( စိတ်ကူး စိတ်သန်းကောင်းတွေရအောင် တွေးတာ ၊ တီထွင်တာ ၊ မဟာဗျုဟာ ဆွဲတာတွေ ) ကို လိုအပ်ရင် အကောင်းဆုံး လုပ်နိုင်သူတွေလည်း ရှိကြတယ် ။

ဒီ ၂ မျိုးလုံး အတော်လေး ရောနေတဲ့ လူလည်း ရှိနိုင်တာပါပဲ ။ Ambiverts လို့ ခေါ်ကြတယ် ညီ ။ ဒါပေမယ့် အကြမ်းဖျဉ်း အားဖြင့်တော့ ကိုယ့်မှာ တစ်ခုခုရဲ့ ဟန်က အားသာနေလေ့ရှိတယ် ။ဥပမာကွာ အကိုဆိုရင် အရွယ်ရောက်လာပြီးတဲ့အခါမှာ ကိုယ့်ကိုယ်ကို ပြန်ကြည့်တဲ့အခါ Introvert တစ်ယောက်လို့ပဲ မြင်မိတယ် ။ အရင်ကဆို လူ ထူထူကို ဘယ်လိုမှကို သည်းမခံနိုင်ဘဲ အရမ်း ရှောင်လေ့ရှိတယ် ။

Shopping Center တွေ စဖွင့်ကာစကဆို အဲလိုနေရာတွေကို ဝင်ရ ထွက်ရ လုပ်ရမှာကိုတောင် အရမ်းဝန်လေးခဲ့တာမျိုးပေါ့ ။ နောက်ကျတော့ လူဆိုတာ လူတောဝင်တိုးနိုင်လေ ကိုယ့်အတွက် အကျိုးရှိလေဆိုတာသိခဲ့လို့ လူတွေနဲ့ ပိုပြီး အရင်ကထက် အဆင်ပြေအောင် ရောနှောနေခဲ့ပေမယ့် စိတ်လျှော့လိုက်လို့ မူရင်း စိတ် အခြေအနေရောက်သွားရင် တစ်ယောက်တည်း ဒါမှမဟုတ် လူနည်းနည်းလောက်နဲ့ပဲ ဆက်ဆံချင်နေတာ အခု အချိန်အထိပဲ ။

ဒီတော့ ညီလည်း ကိုယ့်ကိုယ်ကို ဘယ်လို လူလည်း ဆိုတာ မြင်အောင်သေချာ သတိထားကြည့်ပေါ့ ။ ဥပမာ အားလပ်ချိန်မှာ ဘာလုပ်ရတာကို ပိုကြိုက်လဲ ။

– သူငယ်ချင်းတွေနဲ့ လျှောက်လည်ရတာကို လား ? ဒါမှမဟုတ် အိမ်မှာ အေးဆေး TV ကြည့် ၊ စာဖတ်တာလား ?

– အဖွဲ့အစည်း တစ်ခုမှာ အမြဲလိုလို ကိုယ်က ထထကြွကြွ လှုံ့ဆော် ဦးဆောင်လေ့ရှိသလား ? ဒါမှမဟုတ် အနောက်ကပဲ လိုတာတွေ လိုက်ဖြည့်ပေးပြီး မဖြစ်မနေလိုအပ်တော့မှ ဝင်ပါလေ့ရှိသလား ?

– စကားတွေ အများကြီး တရစပ်ပြောတတ်ပြီး ရယ်ရယ်မောမောနေတာများလား ? ဒါမှမဟုတ် လိုမှပဲ တစ်ခွန်းတစ်လေ ဝင်ထောက်ပြီး ပြောလေ့ရှိသလား ?

– ကိုယ် စိတ်မဝင်စားတဲ့ အကြောင်းအရာကိုလည်း သိပ်ပြီး စိတ်ထဲက လုပ်ယူစရာမလိုဘဲ စကားရောဖောရော ဝင်ပြောနိုင်တဲ့ အရည်အချင်းမျိုး/ အလေ့အကျင့်မျိုးရှိသလား ? ဒါမှမဟုတ် ကိုယ် စိတ်မဝင်စားရင် လုံးဝနီးပါး ဝင်မပြောနိုင်ဘဲ ကိုယ်တကယ် စိတ်ဝင်စားတဲ့ အကြောင်းအရာမှ စကားဝိုင်းထဲ ဝင်နိုင်တာမျိုးလား ?

စသဖြင့်ပေါ့ ။ ကိုယ့်ရဲ့ အပြုအမူ အတွေးအခေါ်တွေကို တစ်ချက်လောက် သေချာစောင့်ကြည့်ပေါ့ ညီ ။
ကိုယ့်ကိုယ်ကို Extrovert လား ? Introvert လား ? ( လူ လှုပ် လား ? လူ ငြိမ် လား ? ) သိမှ ကိုယ့်ရဲ့ ကိုယ်ရည်ကိုယ်သွေး နဲ့ ကိုက်မယ့် အလုပ်ကို ရွေးနိုင်မှာ ပေါ့ ညီ ။ ယေဘူယ အားဖြင့်တော့ Extrovert တစ်ယောက်ဟာ စာရင်းကိုင် လို အလုပ်မျိုး ၊ Graphic Designer လို ၊ Programmar လို အလုပ်မျိုး လုပ်ရရင် ဘယ်လိုမှ စိတ်ပါမှာ မဟုတ်ဘူး ။

သူ လုပ်နေရတဲ့ အလုပ်ကို မြန်မြန်ဆန်ဆန်ကို ငြီးငွေ့လာမှာပဲ ။ ဒီလိုပဲ Introvert တစ်ယောက် က Marketing ( ဈေးကွက် မြှင့်တင်ရေး ) ၊ PR ( လူထု ဆက်ဆံရေး ) လုပ်ရင် ၊ အရောင်း သမား ( Sales ) ၊ အကျိုးဆောင် စတဲ့ အလုပ်တွေ ဝင်လုပ်ရင် မလိုအပ်ဘဲ သူ့မှာ သူများထက်ပိုပြီး ဖိအားတွေ များနေသလို ခံစားနေရမှာပဲ ။ အေးအေးဆေးဆေးမရှိဘဲ အမြဲ ပူလောင်နေသလိုခံစားနေရပြီး စိတ်ဓာတ် ခွန်အားတွေ မလိုအပ်ဘဲ ကုန်ဆုံးနေရမှာပဲညီ ။

ဒီတော့ ဒီလိုမျိုး ကိုယ့်ရဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ အလုပ်အကိုင်ကို ကိုက်ညီအောင် မရွေးဘူးဆိုရင် ဖြစ်နိုင်တာက
၁။ အဲ့ ဒီ အလုပ်အကိုင်မှာ မအောင်မြင်ဖို့ များတယ် ။ ထိပ်ဆုံး နေရာတွေကို မရနိုင်ဘဲ အောက်ခြေ လောက်မှာပဲ လမ်းဆုံးသွားတာမျိုး ။ တစ်ချို့ လုပ်သက်ကြောင့်တာ အလယ်အလတ် ရာထူးမျိုး ရောက်ရင် ရောက်သွားမယ် ။ သိပ်ပြီးတော့ ထိထိရောက်ရောက် ထူးထူးခြားခြား စွမ်းဆောင်နိုင်တာမျိုး မရှိဘူးပေါ့ ညီ ။

ဒါမှမဟုတ် ရင်
၂။ အဲဒီ အလုပ်မှာတော့ အောင်မြင်မယ် ။ အရမ်းကို ရည်မှန်းချက်ကြီးပြီး ကြိုးစားနိုင်တဲ့လူမျိုးပေါ့ ။ သူ့ရဲ့ စိတ်ဓာတ် ခွန်အားနဲ့ ပြင်းပြတဲ့ စိတ်ဆန္ဒက သူ့ရဲ့ ကိုယ်တွင်းက ကိုယ်ရည်ကိုယ်သွေးအားကို ကျော်သွားတာပေါ့ ။ရှင်းအောင်ပြောရရင် အလုပ်နဲ့ အံဝင်ခွင်ကျဖြစ်အောင် ရုပ်ပိုင်း၊စိတ်ပိုင်းကို ဖိဖိစီးစီးကြိုးစားရင်း သူ့ရဲ့ နဂို ကိုယ်ရည်ကိုယ်သွေးပါ ပြောင်းသွားတာမျိုးပေါ့ ။ ( ဒါမျိုး ဖြစ်သွားရင်တော့ ကံကောင်းတယ် ပြောရမှာပဲ ။ )

ဒါပေမယ့် တစ်ခါတလေမှာ ဖြစ်သွားတတ်တာက လုပ်ငန်း အရသာ အောင်မြင်နေတာ ကိုယ့်ကိုယ်ကို မကျေနပ် ၊ မပျော်ရွှင်တာမျိုး ဖြစ်နေ ရတတ်တယ် ။ လုပ်ငန်း အောင်မြင်နေပေမယ့် ကိုယ့်ဘဝကို ကိုယ့် လူနေမှု ပုံစံကို မကျေနပ်တော့ အလိုလို နေရင်း စိတ်ရှုပ်နေတာမျိုး စိတ်ဖိစီးနေရတာမျိုးတွေ ဖြစ်တတ်သေးတယ် ။ တစ်ချို့ဆို စိတ္တဇ ဆန်ဆန် ခံစားရတာမျိုး ဖြစ်ပြီး စိတ်ကျန်းမာရေးမှာ အကြီးအကျယ် ထိခိုက်သွားတတ်တယ် ညီ ။ ( သတိကပ်ပြီး အသိလေးနဲ့ ထိန်းနိုင်ရင်တော့ သက်သာတာပေါ့ ညီ )

ဒါကြောင့် နိုင်ငံတကာမှာ ဆိုရင် Personality Tests ဆိုတာတွေ စစ်ဆေးလေ့ရှိကြတယ် ။ တကယ် အသေးစိတ်ဆိုရင်တော့ အကိုပြောခဲ့သလို ၆ မျိုး ၊ ၁၂ မျိုး အထိ ခွဲထုတ်လို့ရတာပေါ့ ။ ဒီလိုမျိုး ကိုယ်ရည်ကိုယ်သွေးပုံစံတွေကို သေချာ စစ်ဆေးပြီးမှ သူနဲ့ ကိုက်မယ့် အလုပ်ကို ရွေးချယ်ပေးတာမျိုးတွေ ၊ လမ်းညွှန်ပေးတာမျိုးတွေ လုပ်လေ့ရှိကြတယ် ။
ညီ့ကိုလည်း အကြံပေးချင်တာက ဖြစ်နိုင်ရင် ကိုယ့်ရဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့အလုပ်အကိုင်/ အသက်မွေးဝမ်းကြောင်း လုပ်ငန်းကို ကိုက်ညီအောင် ရွေးချယ်လုပ်ကိုင်ဖို့ပေါ့ကွာ ။ ဒါမှ အောင်လည်း အောင်မြင် ၊ ပျော်လည်း ပျော်ရွှင် ၊ဘဝဟာ ကျေနပ်စရာ အတိ ဖြစ်မှာပေါ့ ။ ”

ညီလွင် တစ်ယောက် ကျွန်တော် ပြောတဲ့ စကား အရှည်ကြီးကို နားထောင်ရင်း ငြိမ်သက်စွာ ငေးမောနေတယ် ။ ကျွန်တော် ထင်တာတော့ သူ တစ်ခုခုကို တွေးနေတာ နေမှာပေါ့လေ ။ကျွန်တော်ကိုယ်တိုင်လည်း ပြောစရာရှိတာ ပြောသွားပြီးတဲ့အခါမှာ ကျွန်တော့် အကြောင်းကို ကျွန်တော် ပြန် တွေးနေမိတယ် ။ကျွန်တော် ကိုယ်တိုင်ရော ဘဝမှာ အောင်မြင် ပျော်ရွှင် နေနိုင်ပြီလားလို့ ပေါ့ ။

ကိုဇင်ဇေ (မြန်မာ့ အိပ်မက်)

Post Author: Ma Ma Lay