စီးပွားရေးလုပ်ငန်းတချို့ ဘာကြောင့် ငွေကျပ်တယ်လို့ ပြောနေကြလဲ

စီးပွားရေးလုပ်ငန်းတချို့ ဘာကြောင့် ငွေကျပ်တယ်လို့ ပြောနေကြလဲ

ဘဏ်တွေမှာ ငွေတွေစုပုံသွားပြီး ပြင်ပမှာ ငွေကြေးစီးဆင်းလည်ပတ်တဲ့ အင်အားနည်းပါးသွားတယ်။

လက်ရှိအချိန်မှာ ပြည်တွင်းငွေကြေးလည်ပတ်စီးဆင်းမှု နှေးကွေးနေတာ၊ စီးဆင်းတဲ့ငွေကြေးအင်အားနည်းပါး လာတာတွေကြောင့် ငွေရှာဖွေရတာခက်ခဲသည်ထက်ခက်ခဲလာပြီး အကျပ်အတည်းတွေနဲ့ရင်ဆိုင်နေကြရတယ်။

ရွှေလင်ဗန်းစက်မှုဇုန် ဥက္ကဋ္ဌ Unique HTT ကုမ္မဏီမန်နေးဂျင်း ဒါရိုက်တာ ဦးအေးသောင်းက ငွေကြေးအကျပ်အတည်းက အခုမှစဖြစ်တာမဟုတ်ပါဘူး၊ မနှစ်ကစပြီး သိသိသာသာဖြစ်လာတာပေါ့နော်၊ နံပါတ်(၁)ဘဏ်တွေက ငွေထုတ်ချေးမပေးနိုင်တာ၊ နံပါတ်(၂) အိမ်ခြံမြေ စီးပွားရေးအကျဘက် ကို ရောက်လာတာ၊ အဲဒီအတွက် အိမ်ခြံမြေမှာ ရင်းနှီးမြှုပ်နှံမယ့်အစားဘဏ်တွေမှာစုတဲ့ သဘောမျိုးဖြစ်သွားပါတယ်၊ ဘဏ်တွေမှာ ငွေတွေစုပုံ သွားပြီး ပြင်ပမှာ ငွေကြးစီးဆင်းလည်ပတ် တဲ့ အင်အားနည်းပါးသွားတယ်လို့ ပြောပါတယ်။

ငွေကြေးလည်ပတ်တဲ့အထဲမှာ စားသောက်ကုန်မှန်သမျှကလည်း လိုသလောက်ပဲဝယ်သုံးတယ်။ အပိုအလျှံဝယ်ထားတာတွေမရှိကြတော့လို့ ငွေကြေးစီးဆင်းမှုကတန့်လာတယ်။ ကောက်ပဲသီးနှံတွေကလည်း ပစ္စည်းတော့ရှိတယ်။ ငွေပေါ်မလာဘူး။ ဥပမာ ပဲ၊ နှမ်း၊ ပြောင်း၊ ဝါ အကုန်လုံးကိုတရုတ်၊ ကုလားမဝယ် ကြတော့ ငွေဖြစ်ရမယ့်အချိန် ငွေမဖြစ်ဘဲနဲ့ ပစ္စည်းပဲကျန်ရစ်တယ်။ အဲသည်တော့ ငွေကြေးလည်ပတ်မှုက နည်းနည်းလေးခက်လာ တယ်။ ငွေပေးငွေယူလုပ်ရတဲ့ နေရာတွေမှာအခက်အခဲဖြစ်ကုန်တယ်။ နိုင်ငံမှာဘဏ်စနစ်တွေ အားနည်းနေတာကြောင့်လည်း ငွေကြေးလည်ပတ် တာကိုခက်ခဲစေတယ်လို့ဆိုပါတယ်။
ဘဏ်စနစ်
အဓိကကတော့ စီးပွားရေး မတောင့်တင်းတော့ စီးပွားရေးလုပ်ငန်းတွေ ရင်းနှီးမြှုပ်နှံချင်သူနည်းပါးလာတယ်။ စီးပွားရေးလုပ်ငန်းတွေ၊ အိမ်ခြံမြေတွေမှာ ရင်းနှီးမြှုပ်နှံမယ့်အစား ဘဏ်တွေမှာအပ်နှံတာများလာတယ်။ အငြိမ်းစားတွေနဲ့ ပိုက်ဆံရှိတဲ့ သူတွေဟာတစ်နှစ်၁၀ရာခိုင် နှုန်းဝန်းကျင်ရတဲ့ သေချာတဲ့ အလုပ်ကိုရွေးချယ်ကြတယ်။ အပြင်မှာ အလုပ်လုပ်ရင်တစ်နှစ်၁၀ရာခိုင်နှုန်း ဖို့ မလွယ်ပါဘူး။ နိုင်ငံတကာ အတိုးနှုန်းတွေထက်မြင့်တဲ့ဘဏ်တွေမှာ ပဲ အပ်နှံကြပါတယ်။ အဲသည်အပ်နှံလာတဲ့ ငွေတွေကိုဘဏ်ကပြန်ချေးပေးဖို့လိုအပ်ပါတယ်။ ဒါပေမဲ့ စီးပွားရေးကျဆင်းနေတဲ့အချိန်မှာ ဘယ်သူ့ကိုမှယုံယုံကြည်ကြည်နဲ့ မချေးပေးနိုင်ပါဘူး။ စိတ်ချရတဲ့အပေါင်အနှံ စည်းမျဉ်းစည်းကမ်းတွေနဲ့ခိုင်မာအောင်လုပ်နိုင်မှသာချေးငွေရရှိနိုင်တာဖြစ်တယ်။ အဲဒါ ကြောင့်ဘဏ်ကိုအပ်နှံတဲ့ ငွေသာများပြီး ဘဏ်ကပြန်ချေးတဲ့ အနေအထားကအလွန်နည်းပါးသွားတယ်။

ဘုရင့်နောင်မှာရှိတဲ့ ကုန်သည် တော်တော်များများကတော့ ချက်လက်မှတ် (Cheque) သုံးကြပါတယ်။ ဒါပေမဲ့ ဘဏ်တစ်ခုနဲ့တစ်ခုလင့်ခ်ချိတ်မထားတဲ့အခါ ဟိုဘဏ်နဲ့ သည်ဘဏ်ငွေတွေထုတ်လိုက်ပြန်သွင်းလိုက်လုပ်နေရပါတယ်။ ဘယ်ဘဏ်မဆိုဘဏ်ထဲမှာ ပိုက်ဆံရှိရင်ချက်ကိုပေးလိုက်လို့ အွန်လိုင်းမှာကောက်ကြည့်လိုက်လို့ သေချာတယ်ဆိုရင် ငွေကိုပြောင်းပေးလို့ရရပါမယ်။ အရင်က နေ့ချင်းပြီးဆောင်ရွက်ပေးနိုင်တဲ့ ဗဟိုဘဏ်က လည်း နေ့ချင်းမပြီးလို့ နေ့ကူးသွားတာတွေကိုမလိုလားကြတော့ပါဘူး။ နိုင်ငံတကာမှာ ခလုတ်နှိပ်လိုက်ရုံနဲ့ ပြီးသွားတာတွေပါ။ ဘဏ်စနစ်တွေကို ဗဟိုဘဏ်ကဂရုစိုက်လုပ်ပေးဖို့ လိုအပ်သလို နိုင်ငံတကာနဲ့ ငွေပေးငွေယူလုပ်တဲ့ ကိစ္စတွေမှာ မြန်ဆန်ဖို့လိုအပ်ပါတယ်။

နိုင်ငံတကာ အတွေ့အကြုံရှိတဲ့ ဘဏ်တွေနဲ့ ဆွေးနွေးလုပ်ကိုင်ဖို့တွေလိုအပ်ပါတယ်။ နိုင်ငံတကာမှာ အွန်လိုင်းကတ်စနစ်နဲ့ သွားနေပြီ။ ငွေစက္ကူဆိုတာ မလိုအပ်တော့ဘဲ ဖုန်းထဲမှာထည့်၊ ကတ်ထဲမှာ ထည့်သုံးနိုင်နေပြီ။ သည်မှာတော့ လူကြိတ်ကြိတ်တိုးတန်းစီကြရတုန်းပါ။ ငွေကြေးက ဖောင်းပွတော့သယ်ယူကြရတဲ့နေရာမှာလုံခြုံစိတ်ချမှုကလည်း အားနည်းပါတယ်။

ငွေကြေးမလည်ပတ်တဲ့အခါ
ငွေကြေးလည်ပတ်မှုဟာ ဘက်ပေါင်းစုံက အခက်အခဲတွေနဲ့ ရင်ဆိုင်လာရတယ်။ မလည်ပတ်နိုင်တဲ့အခါ ကုန်သည်လောကမှာခေါက်ပြန်ပေး တွေ ရပ်တန့်သွားတယ်။ အရင်က ယုံကြည်မှုအပေါ် မူတည်ပြီး ခေါက်ပြန်ပေးတွေပေးတယ်။ ငွေကြေး မလည်ပတ်နိုင်တော့လက်ငင်းဝယ်ရတာမျိုးတွေ ဖြစ်လာတယ်။ ရှိတဲ့ငွေနဲ့ မဖြစ်မနေသုံးရတာကိုပဲ ဝယ်ရတော့တယ်။ ကြိုတင်ဝယ်ထားတာတွေမရှိတော့ဘူး။

ရောင်းတဲ့သူကလည်း နောက်ထပ်ဝယ်ဖို့ အကြွေးရောင်းပေးတာတွေမရှိတော့ဘူး။ ငွေကိုကြိုပေးပြီးတော့မှ ပစ္စည်းပေးဆိုတဲ့ ယုံကြည်မှုကိုခိုင်မာအောင်တည်ဆောက်ရတာတွေဖြစ်လာတယ်။ အဲဒါတွေဟာ ငွေကြေးစီးဆင်းမှုကို လျော့ကျသွားစေတယ်။ စီးပွားရေးလုပ်ငန်းတွေဖွံ့ ဖြိုးဖို့ရာမှာ အနှောင့်အယှက် အဟန့် အတားတွေဖြစ်လာတယ်။

အိမ်ခြံမြေ
အိမ်ခြံမြေဈေး ကျဆင်းတာဟာ ပြည်သူတွေရဲ့ ပိုင်ဆိုင်ထားပြီးသားပစ္စည်းတွေတန်ဖိုးကျဆင်းတာပါ။ ဥပမာ တစ်ကျပ်တန်ပစ္စည်းဟာ ပား ၉၀လောက် ဖြစ်ရင် အရေးမကြီးပါဘူး၊ ပြား ၅၀ ဖြစ်သွားရင် ဒုက္ခရောက်ပါမယ်။ ချမ်းသာတဲ့သူက တစ်ကျပ်ကနေ ၅၀ ပြားဖြစ်သွားလို့ကိစ္စမရှိပေမဲ့ဆင်းရဲသားရဲ့ တစ်ကျပ် က ၅၀ပြားဖြစ်သွားရင် ဒုက္ခရောက်မှာပါ။ အဲဒါကြောင့် အိမ်ခြံမြေ ဈေးနှုန်းတွေတအားကျဆင်းအောင်လုပ်နှုန်းတွေတအားကျဆင်း အောင်လုပ်တာဟာလည်း မမှန်ကန်ပါဘူး။ ကုန်ဈေးနှုန်းတက်တာက ဈေးကွက် သဘောထားအရ ဖြစ်ပါတယ်။ အမေ ကန်မှာ အဲသည်လို လုပ်ဆောင်ချက်တွေကြောင့် ဘဏ်တွေပြိုလဲသွားဖူးပြီး တရုတ်ပြည်မှာလည်း စီးပွားရေးတွေထိုးဆင်းသွားလို့ အိမ်ခြံမြေဈေးနှုန်းတွေအများကြီး ကျဆင်းမသွားအောင် အစိုးရက ဝိုင်းဝန်းထိန်းသိမ်းပေးတဲ့အတွက် စီးပွားရေးပုံမှန်ပြန်ဖြစ်လာပါတယ်။

လက်ရှိပြည်တွင်းမှာလည်း ဆောက်လုပ်ရေးပစ္စည်းတွေဈေးတက်နေတယ်။ အိမ်ခြံမြေကဆက်တိုက်ကျဆင်းနေရင် ဆောက်လုပ်ရေးလုပ်ငန်းတွေ ရပ်တန့်သွားရမှာပါ။ ဆောက်လုပ်ရေးလုပ်ငန်းဟာ ကဏ္ဍပေါင်းစုံကို ထိန်းထားတာပါ။ ဆောက်လုပ်ရေးလုပ်ငန်းတွေရပ်တန့်ရင် အခြားဆက်စပ်တဲ့ကဏ္ဍတွေလည်း ရပ်သွားရမှာဖြစ်တယ်။ အဲဒါ ကြောင့် လိုအပ်ချက်နဲ့ကိုက်ညီမှုရှိအောင် ထိန်းကျောင်း လုပ်ဆောင်သင်တာတွေဖြစ်တယ်။ တည် ဆောက်ရေးလုပ်ငန်းတွေနဲ့ ပတ်သက်ပြီးစဉ်းစားတဲ့အခါ ကိုယ့်မှာငွေကြေးအင်အားမရှိဘူး ဆို တာရယ် ဆောက်လုပ်ရေးပစ္စည်းတွေကို ပြည်တွင်းမှာမထုတ်လုပ်နိုင်ဘဲ ပြည်ပကနေ တက်ဈေးပေးပြီး တင်သွင်းနေရတယ်ဆိုတာကို တွက်ချက်ရပါမယ်။ အဲသည်လိုမတွက်ချက်ဘဲ ဇွတ်တိုးလုပ်ဆောင်တာတွေကလည်း ငွေကြေးအများကြီးပြန်မပေါ်ဘဲမြှုပ်ထားသလိုဖြစ်ပြီး ငွေကြေး လည်ပတ်နိုင်မှု လျော့နည်းသွားစေပါတယ်။

ငွေကြေးစီးဆင်းမှု ပုံမှန်ဖြစ်စေဖို့ ဆိုတာက အစိုးရ တစ်ခုတည်းကို အားကိုးလို့မရပါဘူး။ ပိုက်ဆံရှိတဲ့သူ၊ အာဏာရှိတဲ့သူနဲ့ နည်းပညာရှင်တွေပူးပေါင်း ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဗဟိုဘဏ်ကို နိုင်ငံတကာကလို လုပ်ပိုင်ခွင့်တွေပေးရပါမယ်။ ဆင်းရဲချမ်းသာကွာဟမှုနည်းပါးအောင် စနစ်တွေပြောင်းဖို့လိုသလိုရှိတဲ့ ဥပဒေတေါအသက်ဝင်အောင်လုပ်ဖို့အရေးယူရမယ့် ကိစ္စတွေကိုတိတိကျကျ ပြတ်ပြတ်သားသားဆောင်ရွက်ရမှာဖြစ်တယ်လို့ ဦးအေးသောင်းက ဆိုတယ်။

ပြည်ပထုတ်ကုန်
စီးပွားရေး ပညာရှင်တစ်ဦးဖြစ်တဲ့ ဦးသိန်း ဌေးကတော့တစ်နိုင်ငံလုံး ငွေကြေးစီးဆင်းမှုအားနည်းနေတာ၊ ငွေကြေးလည်ပတ်မှုနှေးကွေးနေတာဟာ ပြည်ပထုတ်ကုန်(exp- ort)အားနည်းနေတာကြောင့်ဖြစ်တယ်။ အစိုးရက ဦးဆောင်ပြီး ပုဂ္ဂလိက လုပ်ငန်းရှင်တွေအားလုံးကြိုးစားနေကြပေမဲ့ နှေးကွေးနေဆဲဖြစ်တယ်လို့ဆိုပါတယ်။
ရောင်းတဲ့ဝယ်တဲ့ စက်ဝန်းဟာလှည့်နေရပါတယ်။ အကြောင်းကြောင်းကြောင့်ငွေကိုထုတ်သုံးဖို့ကျတော့ ဝင်ငွေကရှိမှဖြစ်ပါမယ်။ အထွေထွေဝင်ငွေ က ပြည်တွင်းမှာလယ်ယာကို အခြေခံတဲ့စီးပွားရးအများစုဟာ ပြည်ပထုတ်ကုန်အား နည်းတော့ဝင်ငွေနည်းပါတယ်။ ဝင်ငွေနည်းတော့အသုံးတွေကို ဆင်ခြင်ရတော့ ငွေစီးဝင်တာနည်းပါးလာပါတယ်။ ကုန်ဈေးနှုန်းကလည်း အကျဘက်မရှိတော့ ဝယ်လိုအားကျဆင်းပါတယ်။

အဲဒါကြောင့် ငွေကြေးရှိတဲ့သူတွေကလည်း နံပါတ်(၁) လုံခြုံစိတ်ချစေတာနဲ့ နံပါတ်(၂) အထိုက်အလျောက်အကျိုးအမြတ်ရတာတွေကြောင့်ဘဏ်တွေမှာအပ်နှံတာများလာပါတယ်။ စီးပွားရေး အရ ၁၀ ရာခိုင်နှုန်းဝန်းကျင်အကျိုးအမြတ်ရတာဟာ နည်းပါးတယ်ဆိုပေမဲ့ပျောက်ပျက်မသွားဘူး။ လုံခြုံစိတ်ချစေတာတွေကြောင့်အတိုးရတဲ့စုငွေအပ်တာများပါတယ်။ စာရင်းရှင်အပ်ငွေက အတိုးမရတော့အပ်နှံတာမရှိသလောက်ပါပဲ။ အတိုးနဲ့ ဘဏ် မှာ အပ်နှံတာများပေမဲ့ ဘဏ်ကနေပြန်ချေးတာနည်းပါတယ်။ အဲသည်အတွက် ဘဏ်ကချေးတဲ့ အတိုးနှုန်းလျှော့ချဖို့လိုတယ်။ သိပ်ဖွံ့ဖြိုးတဲ့ နိုင်ငံတွေမှာငွေချေးရင် တစ်နှစ်ကိုတစ်ရာခိုင်နှုန်းအောက်မှာပဲရှိတယ်။ ဥပမာဂျပန်မှာဆိုရင်အတိုးနှုန်းမပေးရသလောက်နဲ့ ငွေချေးလို့ရတယ်။

ဒါပေမဲ့ သူ့ထုံးစံစည်းမျဉ်းစည်းကမ်းအတိုင်းအပေါင်ပစ္စည်းရှိရပါမယ်။ မြန်မာနိုင်ငံမှာက အပေါင်ပစ္စည်းပါရင်တောင်မှ ချေးငွေသာမန်ဆိုရင် ၁၂ ရာခိုင်နှုန်းရယ်၊ အာမခံတစ်ရာခိုင်နှုန်းရယ်၊ ၁၃ ရာခိုင် နှုန်းလောက်ပေးနေရတယ်။ အပေါင်ပစ္စည်းမပါရင်ချေးငွေရဖို့မလွယ်ပါဘူး။ အဲဒါကြောင့် အသေးစားချေးငွေကလည်း အပေါင်မဲ့ဆိုရင်များများစားစားမရနိုင်တော့ ငွေကြေးစီးဆင်းလည်ပတ်မှုအားနည်းနေပါတယ်။

ဘယ်တော့လဲ
အတိုးနှုန်းလျှော့ချဖို့ကို သတိထားကြည့်ရင် ဟိုးလွန်ခဲ့တဲ့လေးငါးနှစ်လောက်ကတည်းက ပြောနေကြတာပါ။ အဲသည်လေး ငါးနှစ်အတွင်းမှာဘာမှ သိသိသာသာ ပြောင်းလဲတာမရှိပါဘူး။
ဖြေရှင်းဖို့ နည်းလမ်းတစ်ခုအနေနဲ့ကတော့ ပြည်ပနိုင်ငံတချို့ဆီကနေအတိုးနှုန်းသက်သက်သာသာနဲ့ အတိုးနှုန်းမရှိသလောက်နဲ့ဆိုင်းငံ့ချေးငွေ တွေရနိုင်ပါတယ်။ အဲဒါတွေကိုအစိုးရကနေ ပုဂ္ဂလိကအသေးစားအလတ်စားတွေကိုပြန်ပေးနိုင်ဖို့လိုတယ်။

လက်ရှိမှာတော့ ရတဲ့ငွေကများများမရှိတော့ နိုင်ငံ့စီးပွားတစ်ခုလုံး ဝုန်းခနဲ ပြောင်းလဲမသွားနိုင်ဘူး။ ရတဲ့ငွေကလည်း စည်းကမ်းစည်းမျဉ်းတွေအရ များများစားစား မရနိုင်သေးပါဘူး။ ငွေကြေးအကျပ်အတည်းတွေဘယ်တော့ ချောင်လည်လာမလဲဆိုတာကတော့ အားလုံးရဲ့မျှော်လင့်ချက်တစ်ခု ဖြစ်နေပါတယ်။

Author – အောင်ထွန်းဦး
Credit. Kumudra

Post Author: Ma Ma Lay