တစ်ခုမှ မလပ်သော တစ်ခုလပ်များ

တစ်ခုမှ မလပ်သော တစ်ခုလပ်များ

အများစုက တစ်ခုလပ်ဆိုတဲ့ ဘဝကို လက်မခံရဲ ချမပြရဲကြတာ တွေ့ရပါတယ်…..တစ်ချို့ကတော့ မိမိဆွေမျိုးအသိုင်းအဝိုင်းအလယ်မှာ ရှက်ရွံ့အားငယ်လို့ လူတောမတိုးရဲ….. တစ်ချို့ကျတော့လည်း နောက်ထပ် အိမ်ထောင်တစ်ခု တည်ဆောက်ဖို့စဉ်းစားတဲ့အခါမှာ ကိုယ့်ရဲ့ အရင်အတိတ်ကို ချပြဖို့ သတ္တိမရှိလို့ ဖုံးဖိဖို့ ကြိုးစားရင်း အမြဲတမ်း လိမ်ညာနေရတဲ့ အဖြစ်ကိုရောက်…..

တကယ်ဆို အဲ့ဒီလို ကိုယ့်ဘဝအမှန်ကို ချမပြရဲတာ အရမ်းကို မှားတယ်လို့ ကျွန်မ ယူဆပါတယ်….. တစ်ခုလပ်…. ဘာဖြစ်လဲ….. ဘာရှက်စရာ….. အားငယ်စရာ လိုလဲ…..????? ကိုယ့်အမှား/ ကိုယ့်အပြစ်မရှိဘဲ ကွဲခဲ့တဲ့ အိမ်ထောင်ရေးဆို ပိုတောင် ဂရုစိုက်ဖို့ မလိုဘူးလို့ ယူဆပါတယ်….

ဒါပေမယ့် ခက်တာက မြန်မာ့လူမှုပတ်ဝန်းကျင်မှာ အချို့အချို့သော သူတွေက တစ်ခုလပ်တို့ / မုဆိုးမတို့ ဆိုတာကို အထင်သေးစရာ၊ နှိမ်ချစရာအဖြစ် မြင်နေဆဲ ရှိသေးတာပါ….

မြန်မာကားတစ်ချို့မှာ “တစ်ခုလပ်နဲ့ ညားပါစေ၊ မုဆိုးမနဲ့ ညားပါစေ” ဆိုတဲ့ ပြက်လုံးမျိုးတွေကို တွင်တွင်ကျယ်ကျယ် သုံးနေကြတာ တွေ့ရပါတယ်

တစ်ခုလပ်၊ မုဆိုးမတွေလည်း လူသားတွေပါ။ လောကဓံကို တစ်ယောက်တည်း ကြံ့ကြံ့ခံ ရင်ဆိုင်နေတဲ့ အားနွဲ့တဲ့မျိုးနွယ်ဝင် မိန်းမသားတွေပါ….. သူတို့နောက်မှာ အဖေကို မှီခိုလို့မရလို့ အမေကို မှီခိုနေကြတဲ့ သားငယ်သမီးငယ်တွေလည်း ရှိနေနိုင်တယ်….. ။

သူတို့ဘဝ ဘယ်လောက် ခက်ခဲ ပင်ပန်းပါစေ အချို့အချို့သောယောက်ျားတွေတောင် လျစ်လျူရှုထားတဲ့ တာဝန်ကြီးတွေကို ပုခုံးထက်မှာထမ်းရင်း လောကဓံကို သတ္တိရှိရှိ ရင်ဆိုင်နေကြတယ်ဆိုရင် အဲ့ဒီပြက်လုံးမျိုးတွေ ထုတ်သင့်ကြပါရဲ့လား?????

ဘာလို့များ အိမ်ထောင်ကွဲသွားတဲ့ အမျိုးသမီးတွေကို တစ်ခုလပ်လို့ ခေါ်ကြတာပါလဲ….. အမှန်ဆို သူတို့ဘဝကို သူတို့ ပြန်ပိုင်ဆိုင်ခွင့်ရပြီး လွတ်မြောက်သွားကြတာပါ။သားသမီးကျန်ခဲ့တဲ့ ကျွန်မတို့လို အမျိုးသမီးတွေဆိုရင် တစ်ခုမှ မလပ်တဲ့အပြင် သူများထက် တစ်ခုတောင် ပိုသာပါသေးတယ်။

အနည်းဆုံးတော့ မြင်ယုံနဲ့ အားအင်တွေ သတ္တိခွန်အားတွေ တိုးပွားစေတဲ့ မျက်နှာလေးတစ်ခုရှိတယ်။စိတ်ဓာတ်ကျတိုင်း ဆုပ်ကိုင်အားယူလို့ရတဲ့ လက်သေးသေးလေးတစ်စုံရှိတယ်။ကိုယ့်ရင်သွေးလေး အိပ်နေတဲ့အချိန် သူ့မျက်နှာလေးကြည့်ရင်း သူ့ကို တိုင်တည်ပြီး ဘဝအမောတွေရင်ဖွင့်ပြလို့ရတယ်။

ကဲ ဘယ်နေရာ လပ်လဲ…..????? အိမ်ထောင်မကျခင် အချိန်တုန်းက တစ်ယောက်တည်း ရုန်းကန်လှုပ်ရှားရတဲ့ ဘဝထက်စာရင် ပြည့်စုံပိုလျှံလို့တောင်နေပါသေးတယ်။ဒီလိုပြောလို့ “ရှင်က ပြည့်စုံနေတာပဲ”လို့ ပြောလာနိုင်ပါတယ်။

ကျွန်မ ၂ နှစ်ကျော် ၃ နှစ်နီးပါး စိတ်ဓာတ်အကြီးအကျယ် ကျနေတဲ့ အချိန်တွေမှာ ငိုလိုက်၊ မျက်ရည်တွေသုတ်လိုက်၊ တစ်ယောက်တည်း အံကြိတ် မျက်ရည်ကျလိုက်….. သားလေး အိပ်နေတဲ့အချိန် ဖက်ပြီး တိတ်တိတ်လေးငိုလိုက်နဲ့ တစ်ယောက်တည်း အားတင်းပြီး ဖြတ်သန်းခဲ့ရဖူးပါတယ်။ဒါကြောင့် ကိုယ်ချင်းစာစိတ်နဲ့ ပြောပြနေတာပါ။

နောက်တစ်ခုက တစ်ခုလပ်ဆို အလွယ်ရမယ်ထင်နေတဲ့ တစ်ချို့ယောက်ျားတွေ….. (အကုန်လုံးကို မဆိုလိုပါ, အချို့ပါ) သူတို့မသိတာက ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နေတဲ့ တစ်ခုလပ်အမျိုးသမီးငယ်တွေဟာ သာမာန်ထက်ပိုပြီး အိမ်ထောင်ရေး ကိစ္စတွေကို စိတ်ကုန်တတ်ကြတာပါ။ ကိုယ့်အပေါ် တကယ်ကောင်းတဲ့သူတွေ့လာခဲ့ရင်တောင် အလျင်စလို မဆုံးဖြတ်ဘဲ အရင်ထက်ပိုပြီး အချိန်ယူ စဉ်းစားတတ်ကြပါတယ်။

နိဂုံးချုပ်ပြောရရင် တစ်ခုလပ်ဆိုတာ ပညတ်ချက်နာမ်တစ်ခုပါပဲ။ တစ်ကယ်တော့ ကိုယ့်ခံယူချက်၊ ရပ်တည်ချက်ပေါ်မှာပဲ မူတည်ပါတယ်။ငါ့ဘဝကိုငါ တည်ဆောက်ခွင့်ရသွားပြီ၊ အချိန်ခဏလေး ပင်ပန်းမယ်၊ ငါရအောင် ဖြတ်ကျော်မယ်လို့ တွေးလိုက်ရင် ကိုယ့်မှာ ဘာလိုအပ်ချက်ကွက်လပ်မှ မရှိဘူးဆိုတာ သိလာပါလိမ့်မယ်။

Credit_Nang Tmt

Post Author: Ma Ma Lay