ဒါနအခြေခံတဲ့ သမထ၀ိပဿနာ

ဒါနအခြေခံတဲ့ သမထ၀ိပဿနာ

စာအုပ်လေးတစ်အုပ် ဖတ်ဖူးတဲ့အထဲ မယ် လူတစ်ယောက်ဟာ နားမကြားဘူး၊ နားလေးနေတယ်၊ ဘာဖြစ်လို့ ဒီလူ ဒီရောဂါဖြစ်တာလဲ? ဘာဖြစ်လို့ ဒီနားရောဂါဖြစ်ရသလဲဆိုတော့ ဟိုဘ၀တုန်းကတဲ့, အလှူခံလာတာကို မကြားချင် ယောင်ဆောင်နေလို့ ဖြစ်တာတဲ့၊ ကဲ အဲဒီတော့ ကိုယ်လှူနိုင်သလောက်တော့ နည်းနည်းလေး ဖြစ်ဖြစ် လှူလိုက်၊ မကြားချင်ယောင် မဆောင်နဲ့တဲ့၊ နားလေးတတ်တယ်တဲ့၊ အဲဒါ ဘုရားဟော တာတော့မဟုတ်ဘူး။

Many Mansions ဆိုတဲ့ စာအုပ်ကို ချမ်းမြေ့ဆရာတော်ကြီးက “အနောက်တိုင်းမှ ဘ၀ပြဿနာ” အမည်နဲ့ ဘာသာပြန်ထားတဲ့ စာအုပ်လေးတစ်အုပ်ရှိတယ်၊ အဲဒီစာအုပ်လေးကို ဖတ်ကြည့်၊ ဒေါက်တာဂီနာစာမီနရာ ရေးတာ၊ အဲဒီစာအုပ်ဖတ်ကြည့်လို့ရှိရင် ကံအကြောင်းတွေ တွေ့ရလိမ့်မယ်၊ သူတို့က ကံယုံတဲ့သူတွေ မဟုတ်ဘူး၊ အိပ်မွေ့ချပြီးတော့ ရောဂါကုတာ၊

အဲဒီ အိပ် မွေ့ချတဲ့အချိန်မှာ သူမြင်တာတွေပြောတာ၊ သူ့စိတ်ထဲမှာ ပေါ်တာတွေ ပြောတာ၊ သူက သိလို့ ပြောတာမဟုတ်ဘူး၊ အိပ်မွေ့ချတဲ့အချိန်အတွင်းမှာ ဘေးကလူက မေးတာ “ဒီလူ ဘာကြောင့် ဒီ ရောဂါဖြစ်တာတုန်း” ဆိုတော့ – သူပြောတာက, “တစ်ချိန်တုန်းကတဲ့ အလှူခံလာတာကို မကြား ချင်ယောင်ဆောင်နေလို့ ဖြစ်ရတာ”လို့ ပြောတယ်။
အဲဒီတော့ ဒီစာအဓိပ္ပါယ်ရှိရဲ့လား၊ အကုသိုလ်မဟုတ်ဘဲနဲ့ အကျိုးပေးတာ ဖြစ်နိုင်ရဲ့လား ဆိုရင် ဖြစ်နိုင်တယ်၊ မြတ်စွာဘုရားဟောတဲ့ သုတ္တန်တစ်ခုရှိတယ်၊ ၀ဏိဇ္ဇသုတ် သို့ ခေါ်တယ်၊ အဲဒီ သုတ်ကို ကြည့်ရင်တော့ သူပြောတာ ဖြစ်နိုင်တယ်နော်။

ဝဏိဇ္ဇသုတ် မှာ အရှင်သာရိပုတ္တရာက မြတ်စွာဘုရားကို မေးလျှောက်တယ်၊ ကုန်ရောင်း ကုန်ဝယ်ကိစ္စတွေနဲ့ ပတ်သက်တယ်ပေါ့၊ မင်္ဂလာဈေးဆိုတော့ အရောင်းအ၀ယ်လုပ်နေကြတာ၊ အဲဒါ သတိထားစရာပေါ့နော်၊ ပစ္စည်းကို အရောင်းအ၀ယ်လုပ်တဲ့အခါမှာ လေးမျိုးလေးစား ကွဲသွား တယ်တဲ့။

(၁) တစ်ယောက်က အရောင်းအ၀ယ်လုပ်တာ အရှုံးပေါ်တယ်၊ (၂) နောက်တစ်ဦးက တော့ ထင်သလောက်မရဘူး၊ မမြတ်ဘူး၊ ထင်သလောက်ဖြစ်မလာဘူး၊ (၃) နောက်တစ်ယောက် ကျတော့ မှန်းထားတဲ့အတိုင်း ရတယ်တဲ့၊ (၄) နောက်တစ်ယောက်ကျတော့ မှန်းတာထက် ပိုရ တယ်တဲ့။

ဒီပစ္စည်းတစ်ခုတည်းကိုပဲ အရောင်းအ၀ယ်လုပ်တာနော်၊ အဲဒီလို ပစ္စည်းတစ်မျိုးတည်းမှာ အရောင်းအ၀ယ်လုပ်တာ လူ ၄-ယောက် ဘာဖြစ်လို့ ဒီလိုဖြစ်ရတာလဲ?

ပစ္စုပ္ပန်အကြောင်းတော့ ရှိချင် ရှိမယ်၊ မြတ်စွာဘုရားက ပစ္စုပ္ပန်အကြောင်းကို မဖြေဘူး၊ ကံ နဲ့ဆက်စပ်ပြီး ဖြေတာ၊ အဲဒါ အင်္ဂုတ္တရနိကာယ်ဝဏိဇ္ဇသုတ် မှာ ပါတယ်၊ ၀ဏိဇ္ဇဆိုတာ ကုန်သွယ်မှု ဆိုတဲ့ အဓိပ္ပါယ်ရတယ်၊ ကုန်ရောင်းကုန်ဝယ်မှု၊ အဲဒီမှာ ဖြေထားတာတွေ သတိထားစရာလေးပေါ့။

ပုဂ္ဂိုလ်တစ်ယောက်ဟာ ကုန်ပစ္စည်းကို ရောင်းတယ်တဲ့၊ ပျက်တယ်၊ ရှုံးတယ်၊ ဘာဖြစ်လို့လဲ? သူဟာ သံသရာမှာ ကျင်လည်ခဲ့တုန်းက သူတော်စင် တစ်ဦးဦးကို ချဉ်းကပ်ပြီး “အရှင်ဘုရား လိုတာရှိရင် အမိန့်ရှိပါ”ဆိုပြီးတော့ ဖိတ်ကြားတယ်၊ ဖိတ်ကြားပေမယ့် လိုတဲ့အခါ ကျတော့ မလှူဘူးတဲ့ အဲဒီလို မလှူလို့ဖြစ်တာတဲ့။

ကဲ ခုနက မကြားချင်ယောင်ဆောင်တာမျိုး ဖြစ်နေပြီ၊ မလှူတာ အကုသိုလ်တော့ မဟုတ်ဘူးနော်၊ ကံတရားဟာ ဆန်းကြယ်တယ်ဆိုတဲ့အကြောင်းပြောတာ၊ ကိုယ်လုပ်တာဟာ အကောင်းအဆိုးအကုန်တွက်လို့ ရအောင်နော်၊ အကုသိုလ်ဖြစ်မှလို့မဟုတ်ဘူး၊ ဒီဟာလည်း ကြည့် – မဖြည့်ဆည်းဘူး၊ ကိုယ်ပြောတဲ့အတိုင်း ဖြည့်ဆည်းမှု မလုပ်ဘူး၊ ဒါကြောင့် ရှုံးတာ၊ ဒါက ဘုရား ဖြေထားတဲ့စကားနော်၊ သူက ကုန်သွယ်လုပ်ငန်းလုပ်တဲ့အခါကျတော့ ပျက်စီးတယ်၊ မအောင်မြင် ဘူးတဲ့၊ ဘာဖြစ်လို့တုန်း၊ သူ့ကတိအတိုင်း မတည်ခဲ့လို့ပေါ့၊ ဒါက တစ်ခု။

နောက်တစ်ယောက်ကျတော့ သူလည်း ဒီလိုပဲ ဖိတ်မန်ထားတယ်၊ သို့သော် ယထာဓိပ္ပါယ – လိုသလောက်ကို သူက မဖြည့်ဆည်းဘူးတဲ့၊ ဒါကြောင့်မို့ သူထင်သလောက် အမြတ်မရဘူးတဲ့၊ ကြည့် – ဆက်စပ်နေပုံလေးကိုပြောတာ လူဆိုတာ ကံနဲ့ချည်းပဲဆိုတော့ ဒီဟာ တကယ်မှန်တယ်။

နောက်တစ်ယောက်ကျတော့ လိုချင်တဲ့အတိုင် ရတယ်တဲ့၊ လိုချင်တဲ့အတိုင်း ဖြစ်တယ်၊ သူက ၀န်ခံထားတဲ့အတိုင်း လိုသလောက်ဖြည့်ဆည်း လှူဒါန်းပေးတယ်၊ ဒါကြောင့် သူက လိုချင် တဲ့အတိုင်း ရတယ်တဲ့။

နောက်တစ်ယောက်ကျတော့ လိုတာထက် ပိုပြီးတော့ သူက ဖြည့်ဆည်းလှူဒါန်းတယ်တဲ့၊ ဒါကြောင့်မို့ လိုတာထက် ပိုရတယ်တဲ့၊ တကယ်စဉ်းစားကြည့်ရင်၊ ဒီ ၄-ယောက်ဟာ ဘယ်လိုလုပ် အတူတူဖြစ်နိုင်မှာတုန်း? မဖြစ်နိုင်ဘူးပေါ့၊ သူတို့ ၄-ယောက်ရဲ့ လုပ်ရပ်ချင်းဟာ တူမှ မတူတာကိုး၊ တစ်ယောက်က လုံးဝ ကတိပျက်တယ်၊ တစ်ယောက်က ကတိရဲ့တစ်ဝက်လောက်ပဲ လုပ်တယ်၊ တစ်ယောက်ကျတော့ ကတိအတိုင်းလုပ်တယ်၊ ဟိုတစ်ယောက်ကျတော့ ကတိပေးတာထက် ပိုလုပ် တယ်ဆိုတော့ ဒီ ၄-ယောက်ကို အတူထားမယ် ဆိုရင်တော့လည်း “နွားထီးငါးကျပ် နွားမ ငါးကျပ်” ဖြစ်တော့မယ်ပေါ့။

အဲဒီလို ကံတရားဟာ မတူဘူးဆိုတော့ သတိထားဖို့ လိုတယ်လို့ ပြောရမှာပေါ့နော်၊ အဲဒီတော့ ဒီဘ၀မှာ လုပ်စရာတွေ အများကြီးရှိတယ်၊ ကုသိုလ်ကောင်းမှုလုပ်ကြတာ မှန်တယ်၊ လုပ်ကြတယ်၊ အရေးကြီးတာက ကုသိုလ်ကောင်းမှုလည်းလုပ်၊ စရိုက်ဆိုးတွေလည်းပြင်၊ နှုတ် မကျိုးစေနဲ့နော်၊ ကိုယ်အမူအရာ အချိုးကျပါစေပေါ့၊ နောက်ဆုံး မျက်နှာအမူအရာကစပြီးတော့ ပြုံးမရ ရယ်မရတဲ့ မျက်နှာမျိုးမဖြစ်အောင် သတိထားရမယ်၊

တစ်ချို့ တကယ့်ကို ဘယ်လိုမှ ပြုံးမရ တဲ့မျက်နှာမျိုး ရှိသေးတယ်၊ ဇီးကွက်မျက်နှာမျိုးလို၊ ဘယ်ပြုံးရမလဲနော်၊ ဘယ်လိုမှ ပြုံးမရတဲ့ မျက်နှာမျိုး၊ အဲဒါမျိုး မဖြစ်စေနဲ့နော်။

မေတ္တာနှလုံးသားနဲ့ သူများကို အကျိုးစီးပွားလိုလားတဲ့စိတ် မွေးတာက ပိုက်ဆံလည်း မကုန် ဘူးနော်၊ ကုန်ကျစရိတ် ဘာမှမရှိဘူး၊ မေတ္တာထားနိုင်လို့ရှိရင် အများကြီး ကုသိုလ်ဖြစ်တယ်၊ အဲဒီ စိတ်ကလေးတောင် မထားနိုင်ဘူးဆိုရင် ဖြစ်လေရာဘ၀မှာ အတွန့်တွေအတက်တွေ မျက်နှာမှာ ပေါ်နေမှာပဲ၊ စိတ်ထဲ အတွန့်အတက်များရင် မျက်နှာမှာလည်း အတွန့်အတက်တွေ ဖြစ်ကုန်မျာပဲ။

မြတ်စွာဘုရားရဲ့ အဆုံးအမကို Mind Centred Teaching လို့ခေါ်တယ်။ စိတ်ကို ဗဟိုပြု ပြီး ဆုံးမတာ၊ အဲဒါကို သတိထားဖို့နော်၊ အရာရာကို စိတ်ဓာတ်နဲ့ တိုင်းတာရတယ်၊ စိတ်ကောင်း နှလုံးကောင်း မွေးမြူရာမှာ ဒါအရေးကြီးတယ်၊ ဘယ်သူ့အပေါ်ဖြစ်ဖြစ် စိတ်ကောင်းနှလုံးကောင်း ထားရမယ်၊ လူတွေက စိတ်ကောင်းနှလုံးကောင်းထားရင် အရှုံးပေးတယ်လို့ ထင်နေကြတယ်၊ အဲဒါ က အထင်မှားနေကြတာ၊ မိစ္ဆာဒိဋ္ဌိပဲနော်။

အဲဒီမိစ္ဆာဒိဋ္ဌိကို အကြောင်းပြုပြီး ဆိုးကျိုးတွေဖြစ်တယ်၊ မိစ္ဆာဒိဋ္ဌိ အခေါ်ခံရတယ်လို့ ကြိုက် ချင်မှကြိုက်မှာ၊ မှားတာကိုမြင်နေရင် မိစ္ဆာဒိဋ္ဌိပဲလေ၊ ဘာကိစ္စပဲဖြစ်ဖြစ် အယာထာဝဒိဋ္ဌိ မမှန်မကန် မြင်တာ၊ အမှန်ကို မမှန်ဘူးလို့မြင်တာ မိစ္ဆာဒိဋ္ဌိပဲ၊ ဘုရားဟောတဲ့ မိစ္ဆာဒိဋ္ဌိ ဆိုတာ အဲဒါပြောတာနော် အဲဒီတော့ မှန်မှန်ကန်ကန်မြင်ပြီး ကိုယ့်ကို ကိုယ်ဆင်ခြင်သုံးသပ်ရမယ်၊

ကိုယ့်ကိုကိုယ် အကောင်း ဆုံးဖြစ်အောင် ပြင်ဆင်နိုင်ဖို့ မြတ်စွာဘုရားရဲ့ အဆုံးအမကိုရဖို့လိုတယ်၊ ရဖို့ဆိုတာ သာသနာနဲ့ ကြုံမှသာရတာလေ၊ အင်မတန်မှ ခဲယဉ်းတယ်၊ မမျှော်မှန်းနိုင်လောက်အောင် ခဲယဉ်းတာနော်၊ မတော်တဆရနေတာကို အဟုတ်ကြီးထင်နေလို့ရှိရင်တော့ အခါကောင်းတွေ လွတ်သွားမှာပဲ၊ ဒါက သေချာတယ်၊ အမြဲတမ်းအမှန်တရားဆိုတာ သိခွင့်ရတာ မဟုတ်ဘူး။

ဘုရားပွင့်တဲ့အချိန်တောင် တကယ့်ကို လက်တစ်ဆုပ်စာလူလေးတွေသာ အမှန်တရားကို သိခွင့်ရတာ၊ ကံကောင်းလွန်းလို့ အမှန်တရား သိခွင့်ရတာ၊ ပြောမယ်ဆိုရင် ကမ္ဘာ့လူသားတွေထဲက အလွန်သေးငယ်တဲ့ အပြောက်အစက်ကလေးကသာ ဘုရားရဲ့ အဆုံးအမကို ရကြတာ၊ ဦးရေများ ပြားလှတဲ့လူသားတွေဟာ ဒီအဆုံးအမကို မရကြဘူးဆိုတာ သေချာတယ်။

အလေးအနက်စဉ်းစားကြည့် – သူတို့က ဘယ်လိုအဆုံးအမတွေ ရတုန်း၊ လုပ်ချင်တာလုပ်၊ ဘုရားရှေ့မှာ ဒူးထောက်လိုက်လို့ရှိရင် အကုန်လုံးပြည့်စုံတယ်နော်၊ တိရစ္ဆာန်ဆိုတာ မိုးကျောပေး ထားတဲ့ သတ္တ၀ါတွေဖြစ်တယ်၊ လူတွေစားဖို့ ဖန်ဆင်းပေးတာဆိုတဲ့အတွေးတွေနော်၊ သတ်ပြီးတော့ ဘုရားကို ပူဇော်တယ်ဆိုရင် အမြတ်ဆုံးပဲဆိုတဲ့ အတွေးဟာ အတော့်ကို ကြောက်စရာကောင်းတဲ့ အတွေးပဲ၊ ဒီအဆုံးအမအတိုင်း လိုက်နာရင်တော့ တွေးဝံ့စရာတောင်မရှိဘူး၊ ဘ၀ဖြစ်တိုင်း ဇက်ပြတ် သေရတာ၊ ဒါ အတိတ်ဘ၀တုန်းက လုပ်ခဲ့တဲ့လူတွေပဲ ဖြစ်မှာနော်။

တစ်ခါ တစ်ခါ စဉ်းစားကြည့်မိတယ်၊ လမ်းသွားတဲ့အခါမှာ ကြက်တွေကို ခြေထောက် တွေမှာ စုချည်ပြီး ဇောက်ထိုးဆွဲသွားတာ၊ အရှင်တွေပဲနော်၊ ဒါက “ပြုသူအသစ်၊ ဖြစ်သူအဟောင်း” ဆိုတဲ့အတိုင်း သူတို့တစ်ချိန်က သူများကို အဲဒီလို ဆွဲခဲ့တာဖြစ်လောက်တယ်၊ အခု သူတို့အလှည့် ရောက်နေပြီ၊ အတုံ့အလှည့်ဆိုတာ လာတာပဲ၊ မရဘူးနော်။
မေးခွန်းထုတ်ဖို့ကောင်းတယ်၊ ဆိုင်တွေ ဆိုင်တွေမှာ ရေးထားတာ “ဘယ်သူ့အလှည့်လဲ ဟေ့” လို့ အဲဒီတော့ ကိုယ်က ကောင်းတာတွေချည်းပဲ လုပ်ထားလို့ရှိရင် ကောင်းတာတွေက ကိုယ့် အလှည့်ချည်းပဲဖြစ်မှာပေါ့၊ မကောင်းတာလုပ်ထားလို့ရှိရင်တော့ ကိုယ့်အလှည့် လာလိမ့်မယ်နော်။

အကုသိုလ်တွေရဲ့ အကျိုးခံစားရမယ့်အလှည့်ဟာ ကြောက်စရာကောင်းမယ့် အလှည့်ပဲ ခံနေရတဲ့သူက အဟောင်းခံရတယ်လို့မှတ်၊ လုပ်တဲ့သူကသာ အသစ်လုပ်နေတာ၊ လာလိမ့်မယ်, အလှည့်ဆိုတာ ရောက်လာမှာပဲ၊ ကိုယ့်အလှည့် သူ့အလှည့်ဆိုတာရှိတယ်လေ၊ အဲဒါကြောင့်မို့ “ဒီ ဘ၀မှာ စရိုက်ဆိုးတွေ နှုတ်ကျိုးနေတာတွေ ဒါတွေကို ဖယ်ရှားပြီးတော့ အကောင်းဆုံးဖြစ်အောင် တို့တစ်တွေ ကြိုးစားရမယ်”လို့ ဒီလို ပြောတာနော်။

အခုလို ကုသိုလ်ကောင်းမှု အတူတူပြုကြတယ်၊ပြုဖေါ်ပြုဖက်တွေနဲ့ ကုသိုလ်ကောင်းမှု လုပ်တယ်၊ သံဃာတော်တွေကို ဆွမ်းကပ်မယ်ဆိုတဲ့ဆန္ဒ၊ သံဃိတဒါနအလှူကို လှူမယ်ဆိုတဲ့ ဆန္ဒ တွေကို စုလိုက်ပြီးတော့ အတူတကွလုပ်ကြတယ်၊ ဒီအချိန်မ၏ှာ စေတနာတွေက တူတယ်၊ စေတနာတူသည့်အတွက်ကြောင့် ဖြစ်လေရာဘ၀မှာ အတူတူ အကျိုးပေးတတ်တယ်ပေါ့၊ အဲဒီလို အတူတူအကျိုးပေးတဲ့အထဲမယ် ဆန္ဒ ၀ီရိယ စိတ္တ ၀ီမံသ လို့ခေါ်တဲ့ အဓိပတိ တပ်တဲ့ ပုဂ္ဂိုလ်က ပို ပြီးတော့ ထူးချွန်သွားမှာပဲ၊ အလတ်တန်းစားရှိတဲ့ပုဂ္ဂိုလ်က အလတ်တန်းစားဖြစ်မှာပဲ၊ ညံ့နေတဲ့ ပုဂ္ဂိုလ်က အညံ့ထဲမှာ ပါမှာပဲ။

အတိတ်ဘ၀တုန်းက ကုသိုလ်ကောင်းမှုအတူလုပ်ခဲ့ကြသည့်အတွက်ကြောင့် အခုမင်္ဂလာ ဈေးမှာ အတူတူဈေးရောင်းကြရတာနော်၊ မွေးတာက မင်္ဂလာဈေးမှာမဟုတ်ဘူး၊ ဒါပေမယ့် လာပြီး လုပ်လုပ်ကြတော့ အတူတူဖြစ်နေကြတယ်၊ ဒါကြောင့်မို့ အခုလည်း ကုသိုလ်ကောင်းမှု အတူတူ လုပ်ကြတော့ နောင်ဘ၀လည်း အတူတူဖြစ်ကြရဦးမှာပဲ၊ အတူတူ ဖြစ်ဖို့ သေချာနေတယ်၊ မှတ်မိတာ မမှတ်မိတာကတော့ တခြားပေါ့၊ အမှတ်မိဖို့ကတော့ များတာပေါ့နော်။

သာသနာမှာ ပထမဆုံး ဘိက္ခုနီဝတ်ခွင့်ရတာ မိထွေးတော်ဂေါတမီ ၊ သူနဲ့အတူပါလာတာ က သာကီဝင်မိဖုရားငါးရာ၊ မိထွေးတော်ဂေါတမီအမှူးပြုတဲ့ မိဖုရားငါးရာဟာ ကုသိုလ်ကောင်းမှု လုပ်လာကြတုန်းကလည်း အတူတူလိုက်လာကြတာ၊ အတူတူလုပ်လို့လည်း ဘ၀မှာ အတူတူဖြစ် ကြတယ်၊ အမှန်ကတော့ သူတို့ဟာ တစ်အိမ်ထောင်စီ နေကြတာ နောက်တော့ ပေါင်းမိသွားကြ တယ်၊ ဘိက္ခုနီဝတ်တဲ့အခါ အတူတူဖြစ်သွားကြတယ်။

ဆိုလိုတာက သံသရာမှာ ခရီးသွားလည်းအတူတူ၊ ကုသိုလ်ကောင်းမှုလုပ်လည်း အတူတူပဲ၊ စုန်ချည်ဆန်ချည်ဖြစ်တတ်တယ်၊ ဘာဖြစ်လို့ ဒီလို တူရသလဲဆိုတော့ ခုနက စေတနာတူ ဆန္ဒတူည ပေါင်းပြီးတော့ ကုသိုလ်တစ်ခုကို ဦးတည်ပြီး လုပ်ကြလို့ ဒါကြောင့်မို့ တူကြတာတဲ့။

ပါမောက္ခချုပ်ဆရာတော်ဘုရားဟောကြားသော“ ဒါနအခြေခံတဲ့ သမထ၀ိပဿနာ”တရားဒေသနာမှကောက်နှုတ်ချက်
AshinNandamabhivamsa

Post Author: Ma Ma Lay