ပုံပြင်တွေလာမပြောနဲ့

ပုံပြင်တွေလာမပြောနဲ့

မိမိဘ၀မှာ စွမ်းဆောင်ခဲ့တဲ့ အောင်မြင်မှုအပေါ်မှာ ထိုက်တန်တဲ့ ဆုလာဘ် မရရှိခဲ့ဘူးလို့ တွေးထင်သူ တွေ ဒီကမ္ဘာမှာ အတော်များပါတယ်။ ရန်ကုန် ဘဆွေပြောသလို ပြောရရင် “မင်းလိုလူစား အများကြီးဟေ့”လို့ ပြောရမလိုပါပဲ။ တစ်ခါတစ်ခါ ကျတော့လည်း

“အေးဗျာ၊ ခုလိုဖြစ်လာလိမ့်မယ် လို့ ကျုပ်ဖြင့် လုံးဝမမျှော်လင့်ခဲ့ဘူး၊ ခင်ဗျား သိပါတယ်ဗျာ တစ်ချိန်က ကျွန်တော် ဘာလုပ်ခဲ့တယ်ဆိုတာ” လို့ ပြောပြီး အတိတ်ကိုတမ်းတကာ ၀မ်းနည်းကြေကွဲနေတတ်ပါသေး တယ်။

ကျွန်တော်တို့အနေနဲ့ အတိတ်က အောင်မြင်မှုနဲ့ ကင်းကင်းရှင်းရှင်း ရှိနေဖို့လိုပါတယ်။ မနေ့က ရွှေထီး ဆောင်းခဲ့ရတဲ့ ပုံပြင်ကို ဘယ်သူမှလည်း စိတ်ဝင်စားမှာ မဟုတ်ပါဘူး။ တစ်ချိန် တုန်းက သူဌေးကြီးဖြစ်စေ၊ ဘုရင်ကြီး ဖြစ်စေ ဒီနေ့ဘာမှမဟုတ်ရင် ဘာမှ အသိအမှတ်ပြုကြတော့မှာ မဟုတ်ပါ ဘူး။ ဒါကိုအပြစ်တင်နေလို့ မရပါ။ လူ့သဘာဝပဲလို့ သဘောထားရပါ လိမ့်မယ်။

ဘ၀ခရီးလမ်းကို လျှောက်လှမ်း ခြင်းဟာ ကံအကြောင်းတရားနဲ့လည်း သက်ဆိုင်ပတ်သက်ပါတယ်။ အေးစက်နေတဲ့ အာလူးဟင်းကို ဘယ်သူမှမစားချင်ကြပါ။ မနေ့က အောင်မြင်မှုအပေါ် ဘယ်သူမှ မနေထိုင်ချင်ကြပါ။ လူတစ်ယောက် ဟာ သူ့ဘ၀မှာ အအောင်မြင်ဆုံး စာအုပ်တစ်အုပ်ကို ရေးသားခဲ့ပါ တယ်။ ဒီနောက်တော့ သာမန်စာအုပ် တစ်အုပ်ကို ရေးသားခဲ့ပါတယ်။ဒီနောက် လက်ကမ်းစာစောင် ရေးခဲ့ တယ်။ နောက်တော့ သူဟာ တစ်ခါက ရရှိဖူးတဲ့အောင်မြင်မှုအကြောင်းကို လူတွေကြားမှာ ပြန်လည်တူးဖော်ရင်း ဘ၀ပျက်ခဲ့ရပါတယ်။ ဒီလိုလူစားမျိုး ကျွန်တော်တို့ဘ၀ထဲမှာ ဘယ်နှခါ လောက် တွေ့ခဲ့ကြဖူးပြီလဲ။ မနေ့ တစ်နေ့ကရရှိခဲ့ဖူးတဲ့ အောင်မြင်မှု အပေါ်သာ သာယာဖက်တွယ်ပြီး စားမြုံ့ပြန်နေမယ်ဆိုရင် ဒီကနေ့ မိမိတို့ သေဆုံးသွားကြပါလိမ့်မယ်။*****တစ်ခါက စစ်ဘက်အရာရှိ တော်တော်များများဟာ စစ်ဗိုလ်ချုပ် နပိုလီယံထံ ချဉ်းကပ်ပြီး လူငယ် ဗိုလ်ကြီးတစ်ယောက်ကို ရာထူးတိုးပေး ဖို့ တင်ပြခဲ့ကြပါတယ်။ ဒီတော့ နပိုလီယံက

“သူ့ကို ဘာဖြစ်လို့ ရာထူး တိုးပေးစေချင်တာလဲ” လို့မေးပါတယ်။
လူငယ်ဗိုလ်ကြီးဟာ မကြာမီရက် အတွင်းက တိုက်ပွဲမှာ သူမတူအောင် သတ္တိဗျတ္တိနဲ့ ရင်ဆိုင်အောင်ပွဲဆင် နိုင်ခဲ့လို့ဖြစ်ပါတယ်။ ဒါကို အရာရှိတွေ တင်ပြကြတော့ နပိုလီယံက အတန် ကြာအောင် စဉ်းစားပြီး
“ကောင်းပါတယ်၊ ဒါပေမဲ့ ပြောပါဦး နောက်နေ့တွေကျတော့ ရော သူဘာတွေလုပ်သလဲ” လို့ မေးပါတယ်။ အရာရှိတွေက ဘယ်လို ဘယ်ပုံ ပြန်ဖြေကြောင်းကိုတော့ မသိရပါ။ ဒါပေမဲ့ အဆိုပါ လူငယ် ဗိုလ်ကြီး အကြောင်းကတော့ နောက်ထပ် တစ်စုံတစ်ရာမျှ မကြားရ တော့ပါဘူး။

ကမ္ဘာလောကမှာ လူစားနှစ်စား ရှိပါ တယ်။
ထူးထူးခြားခြားကိစ္စများကိတစ်ခါ တစ်ရံ ထုတ်ဖော်ပြသတတ်တဲ့ လူစားမျိုးနဲ့၊ နေ့စဉ်နဲ့အမျှ အကောင်း ဆုံးတွေကိုချည်း လုပ်ဆောင်ပြဖို့ အားကိုးအားထားပြုနိုင်သူတွေ ဖြစ်ပါတယ်။ တစ်နည်းပြောရရင် အောင်မြင်မှုတစ်စုံတစ်ရာ ရယူဖူးရုံနဲ့ သာယာယစ်မူးနေတတ်သူ၊ ကောက် ရိုးမီးလို ဟုန်းခနဲထတောက်ပြီး ပွဲပြီးမီးသေဖြစ်သွားသူ၊ ဖြေးဖြေးနဲ့ မှန်မှန် ပုံမှန်ဆောင်ရွက်သူတို့ဖြစ်ပါ တယ်။

လူတော်တော်များများဟာ တစ်ခါလောက်လက်စွမ်းပြပြီးတာနဲ့ လေးငါးဆယ်ရက်စာ ဖူလုံသွားပြီလို့ တွေးထင်နေရင်တော့ ပြာပုံထဲ ရောက်သွားပါလိမ့်မယ်။ ဒီနေ့ရရှိတဲ့ ဆုလာဘ်ဟာ ဒီနေ့လုပ်ဆောင်မှု အတွက်ပဲဖြစ်ပါတယ်။ ဒီနေ့  ချစ်ခြင်း မေတ္တာက ဒီနေ့အတွက်ပဲ တန်ဖိုးရှိပါ တယ်။
“မနေ့က ငါသူ့ကို ဘယ်လောက် ထိ ချစ်ခဲ့ရသလဲဆိုတာ သူမသိဘူး လား၊ ဒါနဲ့တောင် သူက ဘာ့ကြောင့် ငါ့ကိုပြန်မချစ်နိုင်ရတာလဲ”လို့ ပြောလို့မရပါ။ ဒီနေ့ အချစ်ခံချင်ရင် ဒီနေ့ ချစ်တတ်ရပါမယ်။ မနက်ဖြန် အချစ်ဟာ ဒီနေ့ ဒီနေရာမှာ မရှိသေး ပါ။ မနေ့က အချစ်ကလည်း ကျန်ရစ် ခဲ့ပြီ ဖြစ်ပါတယ်။

ဒီနေ့ အလုပ်လုပ်လို့ ဒီနေ့ အကျိုးခံစားရခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ မနေ့ကအောင်မြင်မှု ကို ငှားယူပြီး အဓိပ္ပာယ်ပြည့်ဝတဲ့ ဘ၀မှာ ဆက်လက်နေထိုင်လို့မရပါ။ မနေ့က အောင်မြင်မှုအတွက် ဂုဏ်ယူ သင့်တာတော့ မှန်ပါတယ်။ဒါပေမဲ့ ကျွန်တော်တို့ရဲ့ အသိတရား၊ ကျွန်တော်တို့ရဲ့မာနနဲ့ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်ရုပ်ပုံလွှာ များကို အတိတ်က အောင်မြင်မှု အပေါ်မှာသာ ယစ်မူးနေဖို့ မဟုတ်ပါ။ ဒါဆိုရင် အေးစက်နေတဲ့ အာလူးဟင်း ကျွေးသလိုမျိုးပဲ ဖြစ်နေပါလိမ့်မယ်။ မိမိတို့အနေနဲ့ နောက်ထပ်အထင်ကရ အောင်မြင်မှုတစ်ရပ် စွမ်းဆောင်နိုင်ဖို့ လိုပါတယ်။ ဒါပေမဲ့ ဒီလိုမစွမ်းဆောင် နိုင်ဘူးဆိုရင် ဒီနေ့အောင်မြင်မှုရရှိဖို့ ဒီနေ့ပဲ ထပ်မံကြိုးစားလုပ်ဆောင်ရပါ လိမ့်မယ်။ လှေကားခါးလယ်မှာ ထိုင်နေပြီး ကိုယ်တက်လှမ်းခဲ့တဲ့ လှေကားထစ်တွေအပေါ် ကျေနပ်အားရနေရုံနဲ့ မပြီးပါ။ ရှေ့ဆက်တက်ရမယ့် လှေကားထစ် တွေကို တစ်ထစ်ခြင်း၊ တစ်ထစ်ခြင်း ဆက်လက်တက်သွားဖို့ လိုပါတယ်။

ဒီနေ့ မေတ္တာထားပါ။ ဒီနေ့ ရယ်မောပျော်ရွှင်ပါ။ ဒီနေ့ မျှဝေ ခံစားပါ။ ဒီနေ့မှာပဲနေပါ။ ဒီနေ့ အားထုတ်မှုအတွက် ရလာမယ့် ဆုလာဘ်ကို လက်ခံပါ။ ဒါဆိုရင် ကျွန်တော်တို့အနေနဲ့ ဒီကနေ့ရဲ့ ခွန်အားပြည့်ဝတဲ့ အစားအစာများကို စားသောက်နေထိုင်နိုင်ပါလိမ့်မယ်။

အေးစက်စက်အာလူးဟင်းကို စားရသလိုမျိုး ဘုရင်ဖြစ်တုန်းက ရွှေထီးဆောင်းခဲ့ရတဲ့ပုံပြင်ကို ပြန်လည်တမ်းတနေဖို့ မလိုတော့ပါ။
Credit to  အောင်သစ် (HR Journal)

Post Author: Ko Sai