ဝါသနာ ကို ဘယ်လို ရှာ ရ မှာ

ဝါသနာ ကို ဘယ်လို ရှာ ရ မှာ

” ဒီလို စဉ်းစားကြည့်ကွာ ညီရာ … ညီ အခုလောလောဆယ် ကိုယ် တကယ် လုပ်ချင်တာ ဖြစ်ချင်တာ ဘာလဲဆိုတာ မသိရင် ညီ ဘာ ဝါသနာ ပါလဲ ? ဒါမှ မဟုတ် ကိုယ် ဘာကို စိတ်ဝင်စားသလဲ ဆိုတာ ကိုယ့်ဘာသာ သေချာ ပြန်စဉ်းစားကြည့်ပါလား ? ”

” အဲဒီ ဘာ ဝါသနာ ပါလဲ ဆိုတာကို ကို စဉ်းစားလို့ မရတာ အကို ။ ကျွန်တော် ထင်တာ ကျွန်တော်က ဘာမှ ဝါသနာ မပါသလိုပဲ ။ ဒီလို ပဲ သူများတွေ လုပ်တဲ့ ကောင်းမယ် ထင်တာလေးတွေ လိုက်လုပ်ကြည့်တယ် ။ ဒါပေမယ့် ကြာလာတော့ ပျင်းလာပြီး မလုပ်ချင်လို့ ရပ်ပစ်လိုက်မိတာပဲ ။ ”

” အင် .. ဒါမှ ပြဿနာပဲ ။ အင်း လေ ဒါမျိုးဖြစ်နေတာ ညီ တစ်ယောက်တည်းတော့ မဟုတ်ပါဘူး ။ လူငယ်အတော်များများ အကို တွေ့ဖူးပါတယ် ။ အကို တို့ တုန်းကတော့ ကံကောင်းခဲ့တယ် ကွ ။ ကိုယ် လုပ်ချင်တာ ကိုယ် ဖြစ်ချင်တာ ဘာလဲ ဆိုတာကို ကိုယ် ကိုယ်တိုင် သိခဲ့တယ် ။ အခြေအနေ အကြောင်းကြောင်းကြောင့် အဲဒီ ဟာကို ချက်ချင်း ရွေးချယ်ပြီး မလုပ်နိုင်ခဲ့ဘဲ ပိုပြီး ဖြစ်သင့်မယ် ထင်တာ တစ်ခုကို ရွေးချယ် လုပ်ကိုင်ခဲ့ရတယ် ။ ဒါပေမယ့် တစ်ချိန်မှာ ကိုယ် လုပ်ချင်တာ ကိုယ် ဖြစ်ချင်တာတွေကို ဖြစ်ခွင့်ရတော့မယ်လို့ ယုံကြည်မှု ထားပြီးတော့ လေ့လာစရာရှိတာတော့ လေ့လာနေခဲ့မိတယ် ။

အရမ်း ပင်ပန်းလို့ ကိုယ်ဖြစ်ချင်တာကို တွဲပြီး တောင် မလေ့လာနိုင်တော့တဲ့ အခါမျိုးလည်း ရှိပါတယ် ။ ဒါပေမယ့် တတ်နိုင်သလောက် စိတ်က အဲဒီလုပ်ချင် ဖြစ်ချင်တာကို စိတ်ကူးညွတ်နေ မြင်နေခဲ့မိတယ် ။ ဒါကြောင့်ပဲ အချိန်တန်တော့ ကိုယ် လုပ်သင့်တယ်ထင်ပေမယ့် မလုပ်ချင်တဲ့အရာတွေကို လုပ်စရာမလိုတော့ဘဲ ကိုယ် လုပ်ချင်တာတွေကိုပဲ အဓိက လုပ်နိုင်တဲ့ နေရာ … ဒါမှ မဟုတ် ကိုယ် လုပ်ချင်တာတွေနဲ့ အနီးစပ်ဆုံးအရာတွေကို ရွေးလုပ်နိုင်တဲ့ နေရာကို ရောက်လာခဲ့တာပဲ ။

” အကို က တော့ ဟုတ်တာပေါ့ အကို ။ အကို လုပ်ချင်တာ ဖြစ်ချင်တာက အကို့ စိတ်ထဲမှာ ပြင်းပြင်းပြပြ ရှိနေတာကိုး ။ ကျွန်တော့် လို ဘာမှ စိတ်ထဲမှာ ရှိမနေဘဲ ယောင်လည်လည် ဖြစ်နေတာမျိုး ကျတော့ ဘယ်လို လုပ်မတုန်း ”

” အဲဒီမှာ ညီ့ကို အကို တစ်ခု သတိပေးချင်တာ ရှိတယ် ။ ညီ့ စိတ်ကို ညီ သေချာ ပြန်ကြည့်ဖို့ပါ ။ ညီ လုပ်ချင် ဖြစ်ချင်နေတဲ့အရာကိုတကယ်ပဲ ရှာလို့ မတွေ့တာလား ? ဒါမှ မဟုတ် ညီ လုပ်ချင် ဖြစ်ချင်နေတဲ့အရာက လက်ရှိအခြေအနေမှာ ညီနဲ့ အလှမ်းဝေးလွန်းနေလို့ အဲဒါကို မလုပ်ချင်မဖြစ်ချင်တော့ဘူးလို့ ကိုယ့်စိတ်ကို ကိုယ် ထင်လာအောင် လှည့်စားလိုက်မိတာလား ဆိုတာပေါ့ ။ အကိုတို့ ကိုယ်တိုင် လည်း ဖြစ်ခဲ့ဖူးတာတွေ ရှိလို့ ပြောတာပါ ။

တစ်ခါတလေ မှာ ဖြစ်တတ်တာက … အရာ တစ်ခုကို အကို တို့ လိုချင်တယ် ။ ဒါပေမယ့် မရနိုင်လောက်ဘူး လို့ထင်တယ်။ ဒါမှ မဟုတ် ရနိုင်အောင် လုပ်ရမယ့် ဟာတွေ / ပေးဆပ်ရမယ့် ဟာတွေကို ရှောင်ရှားချင်တယ် ။ ဒါနဲ့ ပဲ ဒီ အရာကို မလိုချင်ပါဘူး/ မလုပ်ချင်ပါဘူးလို့ ကိုယ့်ဘာသာကိုယ် ဖြေတွေး တွေးတတ်လာတယ် ။ ကြာတော့ အဲဒီ ဖြေတွေးတွေက ကိုယ့် စိတ်ထဲမှာ နက်နက်ရှိုင်းရှိုင်း စွဲထင်သွားပြီး တကယ်ပဲ အဲလို ယုံကြည်မိလာတယ် ။

အကို ပြောတာ ညီ သဘော ပေါက်ရဲ့လား မသိဘူး ။ အလွယ် ပြောရရင်တော့ မစားရတဲ့ စပျစ်သီးကို ချဉ်တယ်လို့ တွေးပါများရင်း စပျစ်သီးဟာ ချဉ်ပါတယ်ကွာလို့ တကယ်ပဲ စိတ်ထဲမှာ ယုံသွားတာ ။ညီ့ စိတ်ထဲမှာ အဲလို ဖြစ်နေမှာ စိုးတယ် ။ ညီ ကိုယ့်ကိုကို သေချာ စဉ်းစား သုံးသပ်ကြည့်ပါဦး ။ မျက်စိမှိတ်လိုက် / အသက်ကို ဝအောင် ရှု / ပြီးရင် ဖြည်းဖြည်းချင်းစဉ်းစားကြည့် ။ ညီ့ရင်ထဲမှာ အဲလို အရာမျိုးတွေများ ရှိနေလား … ?

စိတ်ကို မြင်အောင်သေချာကြည့် ညီ ။ စိတ်ဟာ နဂိုက မူရင်း အချက်အလက်ထက် စာရင် စိတ်ထဲမှာ တွေးတာ ကြာတာကို ယုံသွားတတ်တဲ့သဘောရှိတယ် ။ကိုယ့် စိတ်ကို ကိုယ် မြင်အောင် သေချာကြည့် ။ ”

– အလုပ် တစ်ခုခုကို လုပ်နေရင်းနဲ့ အချိန်ကုန်လို့ ကုန်သွားမှန်း မသိလိုက်တာမျိုး

– လုပ်နေရင်းနဲ့ ဘာ ငွေကြေး အကျိုးအမြတ်မှ မရနေဘူးဆိုရင် တောင် လုပ်ရတာကို ပျော်နေတာမျိုး

– မလုပ်ခင် ၊ လုပ်ဆဲ ၊ လုပ်ပြီးချိန်မှာတောင် ဒီ အလုပ်အကြောင်း တွေးပြီး ပျော်နေတာမျိုး /ကိုယ့်ကိုကိုယ် ကျေနပ်နေတာမျိုး ဒါမျိုး ရှိသလား ? ဒါတွေဟာ ညီ့ ဝါသနာ ၊ ညီလုပ်ချင်ဖြစ်ချင်တာတွေ ပဲ ညီ ။

ညီ လွင် ဟာ ကျွန်တော် ပြောသလို မျက်လုံးကိုမှိတ် အသက်ကို မှန်မှန်ရှုရင်း ခဏကြာအောင် စဉ်းစားပါတယ် ။ သူ့ ကို ဒီအချိန်မှာ အာရုံပျံ့လွင့်မှာစိုးလို့ စကားတွေ ထပ်ပြောမနေဘဲ ဒီ အတိုင်းပဲ ကျွန်တော်စောင့်ကြည့်နေပေးလိုက်တယ် ။ ခဏကြာတော့ သူလည်း မျက်စိ ပြန်ဖွင့်လာပြီး ကျွန်တော့်ကို စကား ပြန် စပြောတော့တယ် ။

” အကို ပြောသလို စဉ်းစားကြည့်တော့ ကျွန်တော့် ခေါင်းထဲကို ဝင်လာတာ တစ်ချို့တော့ ရှိတယ်ဗျ ။ ကျွန်တော် လုပ်ချင်တဲ့ ၊ လုပ်ရရင် ကိုယ့်ကိုကိုယ် ကျေနပ်ပျော်ရွှင်နေတယ်လို့ ထင်တာလေးတွေပေါ့ ။ ဒီလို ခဏလေးစဉ်းစားတာတောင် နည်းနည်း ပေါ်လာရင် အချိန်ယူပြီး စဉ်းစားရင်တော့ ပို ပေါ်လာမှာပေါ့နော် အကို ။ ”

” အင်း ဟုတ်တာပေါ့ ညီရ ။ ညီ အခု အကို့ဆီက ပြန်သွားပြီးရင် အိမ်မှာလည်း အေးအေးဆေးဆေး အချိန်ယူပြီး ပြန်စဉ်းစားဦး ။ ဘာလို့ဆို ဒီ အဆင့်က အရေးကြီးတယ် ။ ကိုယ် တကယ်ဘာလိုချင်တယ် ဘာဖြစ်ချင်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်းသိမှ ရှေ့ဆက် လုပ်စရာရှိတာတွေကို ထိထိရောက်ရောက် ဆက်လုပ်လို့ရမှာ ။ ဘယ်လို အရည်အချင်းတွေ ဖြည့်ဆည်းဖို့ လိုတယ် ။ ဘယ်လို အခက်အခဲတွေ တွေ့လာရင် ဘယ်လို ဖြေရှင်း ကျော်လွှားနိုင်မယ် စသဖြင့်ပေါ့ ”
” ဟုတ် အကို ။ ကျွန်တော် သေချာ ပြန်စဉ်းစားမယ် ။ ပြီးရင် အကိုနဲ့ ပြန်လာတိုင်ပင်မယ်နော် အကို ။ ”

” အေးပါ ရပါတယ် ။ ဒါပေမယ့် အကို အခုကတည်းက ကြိုပြီး တစ်ခုတော့ ပြောထားချင်တယ် ။ အကို ဟာ ညီ့ကို ဖြစ်တန်ချေတွေ ဖြစ်နိုင်ချေတွေကို အကြံပေးနေတာ သက်သက်ပဲ ။ ညီ့ အစား ဘာမှ ဝင်ပြီး ဆုံးဖြတ်ပေးလို့မရဘူးနော် ။ ဖြစ်နိုင်ရင် ညီ့ ဘဝ အနာဂတ် အတွက် ဆုံးဖြတ်သူဟာ ညီ ကိုယ်တိုင်ပဲ ဖြစ်ရမယ် ။ မိဘ ၊ ဆွေမျိုး ၊ ဆရာသမား တွေ ကစလို့ သူငယ်ချင်း အဆုံး ဘယ်သူမှ မဖြစ်သင့်ဘူး ။ ညီ ကိုယ်တိုင်ပဲ ဖြစ်သင့်တယ် ။ ဒါလေးတော့ ခေါင်းထဲမှာ သေချာလေး ထည့်ထား ။

မိဘ ၊ ဆရာသမားတွေ ဆီက အကြံဉာဏ်တောင်းရမယ် ။ သူတို့က ကိုယ့်ထက် ပညာဉာဏ် ဒါမှမဟုတ် ဘဝ အတွေ့အကြုံ ပိုပြီးရှိတာကိုး ။ သူတို့ဆီက အမြင်တွေကို ယူသင့်တာပေါ့ ။ ဒါပေမယ့် ဆုံးဖြတ်တဲ့ အခါတော့ ကိုယ်တိုင် ပဲ သေသေချာချာ ဆုံးဖြတ်ရမှာပဲ ။ အကို့ ကိုလည်း အားမကိုးနဲ့ ။ ဘယ်သူ့ကိုမှလည်း မျက်လုံးစုံမှိတ်ပြီး အားမကိုးလိုက်နဲ့ ။ ကိုယ့် ဘဝ အခြေအနေကို ကိုယ်ပဲ ရင်ဆိုင် ဖန်တီးရမှာ ။ တခြားလူတွေကလည်း သူတို့ ဘဝနဲ့ သူတို့ ရှိနေကြမှာ ။ အဲဒါလေးတော့ ခေါင်းထဲ ထည့်ထား ညီ ။ ”

” ဟုတ် အကို ကျွန်တော် ကြိုးစားကြည့်ပါမယ် ။ ”

“ ဟ ငါ့ညီ စေတနာနဲ့ တစ်ခု ထပ်ပြောလိုက်ဦးမယ် ။ မင်း အဲ့ လေသံကို ပြင်ဦးဟ ကြိုးစားကြည့်ပါမယ် မဟုတ်ဘူး ။ ” ကြိုးစား မယ် ” ဒါပဲ ။ ကြိုးစားကြည့်ပါမယ် ဆိုတဲ့လေသံက ပျော့နေတယ်။ စမ်းလုပ် ကြည့်မယ် ။ မရ ရင် ရူးချင်ယောင် ဆောင်ပြီး လက်လျှော့လိုက်မယ် ဆိုတာမျိုး လေသံ ပေါက်နေတယ် ။ ဒီ အတိုင်းအလကားနီးပါး ရနေတဲ့ လေတောင် ပျော့နေရင် တကယ် လက်တွေ့ လုပ်တဲ့အခါ အခက်အခဲအဟန့်အတားတွေနဲ့ တကယ် နဖူးတွေ့ ဒူးတွေ့ ကြုံလာရင် မင်းဘယ်လို လုပ်မလဲ ?

လေသံကို မာထား လိုက် … ကျွန်တော် ကြိုးစားမယ် ။ ဒါပဲ ။ ”

ညီ လွင် တစ်ယောက် ကျွန်တော့်ကို မျက်လုံးပြူးကြည့်ရင်း ရယ်ပါတယ် ။

” ဟား ဟား ဟား … အင်း ပါ အကိုရာ ။ ကျွန်တော် အကို ပြောဖူးတာကို မေ့သွားလို့ပါ ။ အိုကေ ။ ကျွန်တော်ပြန်ပြင် လိုက်မယ် ။ ကျွန်တော် ကြိုးစားမယ် အကို ။ ဒါပဲ ။ ကျွန်တော် မရ ရအောင်ကြိုးစားမယ် ။ ”
” အေး အဲလို လုပ်စမ်းပါဟ ငါ့ညီ ရ ”

ကျွန်တော်လည်း သူ့စကားကို အားရဝမ်းသာ ထောက်ခံအားပေးလိုက်မိပါတယ် ။ သူ့ မျက်လုံးတွေမှာလည်း မျှော်လင့်ချက် အရောင် တစ်ချို့ တွေ့နေမိတယ် ။ သူ့ အတွက် တစ်ခုခု ပေးနိုင်လိုက်ပြီလို့ ယုံကြည်လို့ ကျွန်တော့်ကို ကျွန်တော်လည်း ကျေနပ်နေမိတယ် ။

တကယ်တမ်းတော့ ကျွန်တော်တို့ တွေဟာ ကိုယ် စိတ်ချမ်းသာရာ ပျော်ရာကို လုပ်နေရ မှ ဘဝမှာ ရှင်သန်ရတာ အဓိပ္ပာယ်ရှိတယ်လို့ ခံစားနေရမြဲ မဟုတ်လားဗျာ ။

ကိုဇင်ဇေ (မြန်မာ့ အိပ်မက်)

Post Author: Ma Ma Lay