၂၁ ရာစု စာသင်ခန်းများ အခင်းအကျင်း

၂၁ ရာစု စာသင်ခန်းများ အခင်းအကျင်း

ဒီဆောင်းပါးလေးက မောက္ခပညာရေးဆိုက်မှာ တင်ထားတာလေးပါ။ သဘောကျလို့ ပြန်လည်ဝေမျှလိုက်ပါတယ်။ လက်ရှိမှာတော့ ဒီဆောင်းပါးထဲကအစီအစဉ်တွေက ကျွန်တော်တို့နိုင်ငံနဲ့ ဘာမှမဆိုင်သလို ဖြစ်နေသေးပေမယ့် နောက်တချိန်မှာဖြစ်မလာဘူးလို့ ဘယ်သူပြောနိုင်မလဲ မဟုတ်ဘူးလား…။

၂၁ ရာစုစာသင်ခန်းဆိုတာ ကွန်ပျူတာတွေ၊ မိုဘိုင်းဖုန်းတွေ၊ တက်ဘလက်တွေယူလာရင် ပြီးပြီလို့ မယူဆသင့်ဘူး။ ယနေ့ခေတ် စာသင်ခန်းတွေ တည်ဆောက်ဖွဲ့စည်းမှုတွေမှာ နည်းပညာတပ်ဆင်ရေး၊ နည်းပညာ အထောက်အကူပြုရေး၊ နည်းပညာဖြင့် သင်ယူမှုထိရောက်စေရေးဆိုတာတွေကို ထည့်သွင်း စဉ်းစား လာကြတယ်။ အနာဂတ်အတွက် စာသင်ခန်းတွေတည်ဆောက်မယ်ဆိုရင် ဘာတွေကို ထည့်သွင်းစဉ်းစားသင့် ပါသလဲ။

၁။ ရုပ်ပိုင်းဆိုင်ရာမှ စတင်ခြင်း

စာသင်ခန်းအမိုး မြင့်မားရမယ်။ အလင်းရောင် လုံလောက်စွာရခြင်း၊ အလင်းရောင် အနည်း၊ အများကို အလွယ်တကူထိန်းချုပ် နိုင်ခြင်းရှိရမယ်။ တံခါးပိတ်စာသင်ခန်းထက် တံခါးဖွင့် စာသင်ခန်းဖြစ်ရမယ်။ စာသင်ခန်း ဆိုတာ တစ်ပြေးညီထက် နိမ့်ရာမှ မြင့်သွားတဲ့ အနေအထားမျိုးဖြစ်ရမယ်။ ကျောင်းသားနဲ့ ဆရာ အလွယ်တကူ ဝင်ထွက်သွားလာ၊ ကူးလူးနိုင်အောင် စာသင်ခုံတွေကို စီစဉ်ထားရမယ်။

နည်းပညာကိုထည့်သွင်းခြင်းဟာ ဒုတိယအဆင့်ဖြစ်သင့်ပြီး၊ နည်းပညာတွေရောက်လာရင်ဆိုတဲ့အဆင့်ကို ပထမဦးစားပေး စီစဉ်ထားရမယ်။ စာသင်ခန်းကို ပုံစံအမျိုးမျိုး စိတ်ကြိုက်ပြောင်းရွှေ့ သင်ကြားနိုင်အောင် စာသင်ခုံတွေကို စီစဉ်ထားနိုင်ရမယ်။

၂။ စာသင်ခန်းဆိုတာ လင်းနေရမယ်

အစဉ်အလာကျောင်းတွေမှာ blackboard ဟာ အဓိက ဆုံချက်ဖြစ်တယ်။ ၂၁ ရာစုမှာ blackboard ကနေ whiteboard တွေဖြစ်လာတယ်။ ပရိုဂျက်တာတွေသုံးလာတယ်။ အလင်းရောင်ဆိုတာ ပရိုဂျက်တာသုံးလို့ မလိုအပ်ချိန်မှာ ခေတ္တမှိန်ထားတာပဲဖြစ်ရမယ်။ မြေဖြူအစား remote control တွေက အရေးပါလာလိမ့်မယ်။

၃။ တစ်ယောက်ထိုင်ထက် အများထိုင် စာသင်ခုံတွေဖြစ်ရမယ်

ကျောင်းသားတစ်ယောက် စားပွဲတစ်လုံး၊ ကုလားထိုင်တစ်လုံးဆိုတဲ့ခေတ်ကုန်ပြီ။ ၂၁ ရာစုမှာ စုပေါင်းထိုင်၊ စုပေါင်းဆွေးနွေး၊ စုပေါင်းအဖြေရှာဖို့လိုတယ်။ ဒါကြောင့် အဖွဲ့လိုက်ထိုင်နိုင်အောင် စီစဉ်ပေးဖို့လိုတယ်။ ပစ်စဘတ်တက္ကသိုလ်မှာ စာသင်ခုံတွေကို လခြမ်းပုံစံ စီထားတယ်။ တစ်ဖွဲ့မှာ ၆ ယောက်ထိုင်ရတယ်။ စာသင်ခုံ အလုံအလောက်ဖြစ်ဖို့ အရေးကြီးတယ်။

၎။ သင်နိုင်သူ အလုံအလောက်ရှိရမယ်

ဆရာတွေရဲ့အခန်းကဏ္ဍကိုတော့ ချက်ချင်းဖျောက်နိုင်ဦးမယ် မထင်ပါဘူး။ စာသင်ခန်း၊ စာသင်ခုံ၊ စာသင်ဆရာ၊ သင်ထောက်ကူပစ္စည်း၊ ကွန်ပျူတာ အလုံအလောက်ရှိရမယ်။ စာသင်ခန်းတိုင်းမှာ လက်မ ၇၀ HD LCD multi-touch TV သို့မဟုတ် မော်နီတာတစ်လုံးရှိရမယ်။

လူတိုင်း ကွန်ပျူတာမကိုင်နိုင်ရင်လည်း ကွန်ပျူတာနဲ့ အကျွမ်းဝင်နိုင်တဲ့ နည်းပညာတစ်ခုကို လူတိုင်းရရှိနိုင်အောင် ဖန်တီးပေးထားရမယ်။ သင်နိုင်သူဆိုရာမှာ သင်နိုင်တဲ့ဆရာအပြင် နည်းပညာကိုလည်း ဆရာကိုယ်စားသုံးနိုင်တာကို သတိပြုရမယ်။

၅။ အလွယ်ဆုံးနဲ့ အထိရောက်ဆုံးဖြစ်အောင် ကြံဆောင်မယ်

Laptop တွေ၊ iPad တွေကိုင်လာမယ်ဆိုရင် ဖတ်စာအုပ်တွေ၊ စာရွက်တွေ၊ စက္ကူတွေမလိုတော့ဘူး။ အစပိုင်းမှာ ကျောင်းသားရော၊ ကျောင်းပါ ရင်းနှီးမြှုပ်နှံမှုတစ်ခု ကြီးမားစွာလုပ်လိုက်ရမယ်။ အမေရိကန် တက္ကသိုလ်တွေမှာ laptop မပါ ကျောင်းမလာရဆိုတာတွေ၊ ကျောင်းသားတစ်ယောက် iPad တစ်လုံးကျောင်းတွေ ထူထောင်လာကြပြီ။

စိန့် လီယိုတက္ကသိုလ်က ဆရာတိုင်း စာသင်ဖို့လာရင် USB သုံး flash drive ၅ ချောင်းလောက်ယူလာရတယ်။ စာသင်နေတုန်း ကျောင်းသားတွေဆီက အိမ်စာတွေကို drive ထဲ ထည့်ပေး ထားဖို့ စာသင်ခန်းထဲမှာ သုံးကြတယ်။ စာသင်ခန်းထဲက စာသင်ခုံတိုင်းမှာ လျှပ်စစ်ဓာတ်အား ရနိုင်တဲ့ ပါဝါခုံတွေတပ်ဆင်ထားပေးတယ်။

၆။ ဆရာ-ကျောင်းသားဆက်သွယ်ရေးဆိုတာ အချိန်မရွေး၊ နေရာမရွေးဖြစ်နေရမယ်

အစဉ်အလာကျောင်းတွေမှာက ကျောင်းလွှတ်လိုက်ရင် ဆရာနဲ့ ကျောင်းသား ဆက်ဆံရေးဟာ ပြီးဆုံး သွားတတ်တယ်။ ၂၁ ရာစုမှာ အွန်လိုင်း၊ အင်တာနက်၊ အီးမေးလ်တွေဆိုတာ ဆရာနဲ့ကျောင်းသားအတွက် အချိန်အကန့်အသတ်မရှိ ဆက်သွယ်နိုင်လာတယ်။ ကျောင်းဆိုတာ လူမှုရေးနဲ့ အသင်းအဖွဲ့များအသွင် လာရောက် လှုပ်ရှားဖို့ နေရာတစ်နေရာလို့ သတ်မှတ်လာကြတယ်။

အားကစားလုပ်ချင်လို့၊ သူငယ်ချင်း တွေနဲ့တွေ့ချင်လို့၊ လူမှုရေးလုပ်ငန်းတွေလုပ်ချင်လို့ ကျောင်းကိုလာတာ။ ဘာတွေဖတ်ရမယ်၊ ဘာတွေ လုပ်ရမယ်ဆိုတာ ဆရာက အွန်လိုင်းကတစ်ဆင့် ညွှန်ကြားပြီးသား။ ကျောင်းသားကလည်း အွန်လိုင်းက ပို့ပြီးနေပြီ။ ကျောင်းဆိုတာ စာသင်ဖို့လာတယ်ဆိုတဲ့သဘောထက် ပိုတဲ့ အသွင်ဆောင်လာတယ်ဆိုတာ မျက်မှောက်ခေတ် ဆရာတွေ သဘောပေါက်သင့်တယ်။

ပြောင်းလဲမှုတွေကို ပြောင်းလဲနိုင်တဲ့ နေရာတွေမှာ ပြောင်းလဲသင့်သလောက် ပြောင်းလဲနေကြပါတယ်။ ခေတ် စနစ်ရဲ့ လိုအပ်ချက်အရ အမီလိုက်နိုင်မှ ခေတ်မီဖွံ့ဖြိုးတိုးတက်အောင် လုပ်နိုင်ပါလိမ့်မယ်။ ပါးစပ်ကအော်၊ ဆိုင်းဘုတ်တွေနဲ့ကြော်ငြာရုံနဲ့ အလိုလိုတော့ ရောက်မသွားနိုင်ဘူးဆိုတာ သိထားကြရမယ်။ အိုင်စီတီဖြင့် ခေတ်မီအောင် လုပ်နေကြတယ်ဆိုတာ အပြောမဟုတ်၊ အလုပ်နဲ့ လက်တွေ့ပြနိုင်မှ ရပါတယ်။

Credit to Maukkha.org

Post Author: Ma Ma Lay