နှလုံးရောဂါအစ သောကပွားခြင်းက

နှလုံးရောဂါအစ သောကပွားခြင်းက

မိသားစုများ သင်္ဘောနစ်မြုပ်ရာတွင်ပါဝင်ပြီး အသက်ဆုံးရှုံးသွားသည့်သတင်းကို ကြားရပြီးနောက် ရင်ဘတ်ပေါ်တွင် လက်ဖြင့်ဖိပြီးလဲကျကာ သေဆုံးသွားသူ လူကြီးတစ်ဦးကို ငယ်စဉ်က တွေ့ဖူးပါသည်။ လေသင်ဓုန်းဖြတ်၊ နှလုံးရပ်ကာသေဆုံးသည်ဟု ပြောကြပါသည်။

ပြင်ပမှကြည့်လျှင် ဒဏ်ရာတစ်စုံတစ်ရာမရှိဘဲ နှလုံးရပ်လျှင် သေဆုံးသွားနိုင်သည်ကို ငယ်စဉ်ကမြင်ဖူးခြင်းဖြစ်ပါသည်။
ဟဒယဝတ္ထုဟုခေါ်သော နှလုံးတွင် တစ်လက်ဆွမ်း(လက်ခုပ်တစ်ခုပ်စာ)မျှရှိသောသွေးသည် တည်နေပြီး ခန္ဓာကိုယ်တစ်ခုလုံးသို့ လေ၏တွန်းအားဖြင့် စီးဆင်းလှည့်လည်နေသည်။ ထိုစီးဆင်းမှုအဟုန်ကို ဓာတ်ကြီးလေးပါးတွင်ပါဝင်သော ဝါယောဓာတ်က သင့်တင့်မျှတသောအဟုန်ဖြင့် တွန်းပို့လျက်ရှိသည်။ စိတ်သောကတစ်ခုခုကြုံသောအခါ စိတ်ကြောင့်ဖြစ်သော ဝါယောဓာတ်(စိတ္တဇဝါယော)သည် ရုတ်တရက် အရှိန်အဟုန်ပြင်းစွာဆောင့်တိုးသောကြောင့် သင်ဓုန်းဓားနှင့် တိကနဲဖြတ်သကဲ့သို့ဖြတ်သောလေကို လေသင်ဓုန်းဟုခေါ်ခြင်းဖြစ်သည်။

အနောက်တိုင်းဆေးပညာတွင်လည်း နှလုံးခုန်ကြိမ်ကို ဦးနှောက်မှထိန်းချုပ်လျက်ရှိသည်ဟု ဆိုသော်လည်း ဦးနှောက်အတွင်း သွေးကြောပေါက်၍ သတိလစ်မေ့မြောနေသူအချို့မှာ နှလုံးက ပုံမှန်အလုပ်လုပ်လျက်ရှိသည်ကို ထူးဆန်းစွာတွေ့ရသည်။ စိတ်သောကအပူလုံးရိုက်၍ နှလုံးရပ်သေဆုံးသွားသူမှာကား ဦးနှောက်ပါသေဆုံးသွားသည်ကို တွေ့ရသဖြင့် လူ့အသက်ရှင်ရေးအတွက် ဦးနှောက်ထက် နှလုံးကပို၍ အရေးကြီးသည်ဟု ဆိုရမလိုဖြစ်နေပေသည်။
အလုပ်တာဝန်များပြားသော အရာရှိကြီးတစ်ဦး၏ ဒူးနာရောဂါကိုကုပေးသည့်အခါ သူ့မှာအလုပ်ထဲမှ စိတ်သောကဖိစီးမှု Stress များကြောင့် ဒူးနာရောဂါကို မကုသနိုင်။ ဆေးခန်းသွားဖို့အချိန်မပေးနိုင်။ ဆေးကိုလည်း မှန်မှန်မလိမ်းနိုင်ရာမှ ပို၍ဆိုးသော ဒူးဆစ်ရောင်နာဖြစ်လာရသည်ကို တွေ့ရှိရပါသည်။
အလုပ်တာဝန်ဖိစီးသူ ဥပဒေပညာရှင်တစ်ဦးမှာလည်း ရှေ့ရင်လတ်နှင့်လက်ပြင်အောင့်ခြင်း၊ ခေါင်းငုံ့လျှင် မူးဝေခြင်းများကြောင့် နှလုံးရောဂါထင်ပြီး အထွေထွေရောဂါအထူးကုသမားတော်ကြီးနှင့် ပြသစစ်ဆေးသောအခါမှ နှလုံးရောဂါမဟုတ်ဘဲ ဇက်၊ လည်ပင်းရိုးဆစ်များ ကျီးပေါင်းတက်သည့် ရောဂါဖြစ်နေသည်ကို စစ်ဆေးတွေ့ရှိရပါသည်။ နှလုံးရောဂါစစ်စစ်နှင့် နှလုံးရောဂါနှင့်ဆင်တူသော ရောဂါများကို ဆရာဝန်ကြီးများကိုယ်တိုင်စစ်ဆေးခြင်းအမျိုးမျိုးပြုလုပ်ပြီးမှသာ ရောဂါ ကောက်ချက်ချနိုင်သည်ကို တွေ့ရသည်။

နှလုံးရောဂါအစစ်များမှာ မွေးရာပါနှလုံးရောဂါနှင့် မွေးရာပါမဟုတ်သော အသက်ကြီးလာမှဖြစ်သည့် နှလုံးရောဂါဟူ၍ နှစ်မျိုးရှိသည်။ ထိုနှစ်မျိုးတွင် ဒုတိယအမျိုးအစားသည် မိမိ၏အနေအထိုင် အစားအသောက်၊ အပြုအမူ ချို့ယွင်းချက်တစ်ခုခုကြောင့် ရောဂါတစ်ခုဝင်လာပြီး နောက်ဆက်တွဲ အဖြစ် နှလုံးသို့ရောဂါရောက်ရှိကာ အသက်ရှူမဝခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ မောပန်းလွယ်ခြင်း၊ အလုပ်မလုပ်နိုင်ခြင်း၊ အပင်ပန်းမခံနိုင်ခြင်း၊ ညအိပ်မပျော်ခြင်း စသောရောဂါလက္ခဏာများ ပေါ်လာတော့သည်။ စိတ်ဖိစီးမှုသည်လည်း အနေအထိုင်နှင့်အပြုအမူ ချို့ယွင်းချက်ကဲ့သို့ပင် မိမိအပေါ်မူတည်သည်။ စိတ်ပင်ပန်းရမည့်အလုပ်၊ သောကပွားရမည့်အလုပ်များကို အစကပင် မရှောင်ရှားနိုင်ခဲ့သည်မှာ မိမိ၏အပြစ်ပင်ဖြစ်သည်။

အလုပ်တာဝန်များကြောင့် စားချိန်မမှန်၊ အိပ်ချိန်မမှန် သောကပွားရသူများသည် အသက်ငယ်စဉ်က ဒဏ်ခံနိုင်သော်လည်း အသက်လေးဆယ်ကျော်လာသောအခါ ဒဏ်မခံနိုင်ဖြစ်လာသည်ကိုတွေ့ရသည်။ လေးဆယ်ကျော်မှဘဝစသည်ဆိုခြင်းမှာ ဒုက္ခနှင့်သောကများကို မထမ်းပိုးနိုင်တော့သဖြင့် ရောဂါတစ်ခုခု ဝင်လာသော ဘဝ၏အစိတ်အပိုင်းကို ရောက်ရှိလာခြင်းဖြစ်မည်ထင်သည်။ အနောက်တိုင်းဆေးပညာတွင်လည်း ခန္ဓာကိုယ်မှ ဆဲလ်ကလာပ်စည်းများသည် အသက်လေးဆယ်ကျော်လာလျှင် ဖြစ်သည်ထက်ပျက်သည်က ပိုများလာသည်ဟုဆိုသည်။
စိတ်ပညာ၏အခြေခံသဘောတရားများတွင် သိစိတ်နှင့်မသိစိတ်ဟူ၍ အခြေခံစိတ်နှစ်မျိုးရှိသည်။ ဗုဒ္ဓဘာသာတွင်ကား စိတ်တစ်ခုယုတ်ကိုးဆယ်ဟုဆိုသဖြင့် စိတ်အမျိုးပေါင်း (၈၉)မျိုးရှိသည်ဟုဆိုသည်။

အခြေခံစိတ်နှစ်မျိုးမှ သိစိတ်သည် တာဝန်ထမ်းဆောင်လိုသော်လည်း အခြားတစ်ဖက်မှ မသိစိတ်သည် ထိုတာဝန်များကို မထမ်းဆောင်ချင်တော့။ ဝန်ထုပ်ဝန်ပိုးများကို ပစ်ချလိုစိတ်ဖြစ်ပေါ်နေသည်။ ထိုစိတ်နှစ်မျိုး၏လွန်ဆွဲဆန့်ကျင်မှုကို ခံစားနေရသောလူသားသည် နှလုံးရောဂါဖြစ်လာရသည်။
တိုင်းရင်းဆေးပညာတွင် စိတ္တဇဝါယောဟူ၍ရှိသည်။ ဝါယောဓာတ်သည် နှလုံးမှသွေးများကို ခန္ဓာကိုယ်အနှံ့အပြားသို့ရောက်ရှိအောင် တွန်းပေးနေသောဓါတ်ဖြစ်သည်။ စိတ်လှုပ်ရှားမှုကြောင့် ဝါယောဓါတ်လွန်ကဲခြင်း၊ စိတ်ဓာတ်ကျခြင်းကြောင့် ဝါယောဓါတ်ယုတ်လျော့ ခြင်းတို့ဖြစ်သောအခါ နှလုံးခုန်ကြိမ်များမှာလည်း စည်းဝါးမမှန် မြန်သည့်အခါမြန်၊ နှေးသည့်အခါနှေးနှင့် နှလုံးရောဂါဖြစ်လာတော့သည်။ ထိုသူသည် နှလုံးရောဂါကိုကုမည်ဆိုလျှင် စိတ်ကို အလျဉ်တည်ငြိမ်အောင် ကုသရမည်ဖြစ်သည်။ စိုးရိမ်သောက၊ ဗျာပါဒများကို လျှော့ချနိုင်မှသာ နှလုံးရောဂါသက်သာမည် ဖြစ်သည်။

‘ရောဂါမှန်သမျှ အစာမကြေခြင်းမှစသည် . . .’ ဟုဆိုသော ဆေးပညာစကားရှိသလို ‘ရောဂါမှန်သမျှကြောက်စိတ်မှစသည် ‘ ဟု လက်တွေ့ဆေးကုသနေသည့် ဆရာကြီးများကပြောသည့် စကားလည်းရှိသည်။ စိတ်ရောဂါမှန်သမျှတွင် ကြောက်စိတ်သည် နှလုံးကို ချက်ခြင်းဒုက္ခပေးနိုင်သော စိတ်ရောဂါဖြစ်သည်။
ဒေသနာနယဆေးပညာခေါ် ဗုဒ္ဓအဘိဓမ္မာကို အခြေခံသည့် မြန်မာ့ရိုးရာတိုင်းရင်းဆေးပညာ စစ်စစ်တွင် ရောဂါရောက်ကြောင်း (ရောဂါဖြစ်ရခြင်း၏အခြေခံ)မှာ ကံ၊ စိတ်၊ ဥတု၊ အာဟာရ . . .ဟု ဆိုခြင်းကြောင့် စိတ်သည် ဒုတိယထိပ်ဆုံးနေရာမှပါဝင်နေသည်ကို တွေ့ရပေသည်။ ဥတုနှင့် အာဟာရမှာ နောက်ကလိုက်သည်ကိုတွေ့ရသည်။
နှလုံးရောဂါသည် လက်သီးပုန်းရောဂါဖြစ်သည်ဟု နှလုံးအထူးကုဆရာဝန်ကြီးတစ်ဦးကဆိုသည်။ ယနေ့နံနက်ပင်တွေ့လိုက်သေးသည် ညနေတွင် ဆုံးရှာပြီဟူသောရောဂါမှာ နှလုံးရောဂါပင်ဖြစ်သည်။

လောဘ၊ဒေါသ၊ မောဟ အခြေခံသည့်စိတ်များနှင့်တည်ဆောက်ထားသည့်လူများသည် ရာထူး၊ ဂုဏ်ရှိန်၊ ဥစ္စာများအတွက် နေ့စဉ်နှင့်အမျှနှလုံးကို ထိခိုက်လျက်ရှိသည်ကို သတိပြုဆင်ခြင်ကြဖို့လိုပေသည်။ စိတ်ဖိစီးမှုများသာ နှလုံးရောဂါ၏ အခြေခံအကြောင်းတရားဖြစ်သည်ကို သတိပြုဆင်ခြင်နိုင်ရန် အကြံပြုတင်ပြလိုက်ရပါသည်။ ။

Credit to ကြည်လွင်မြင့် (မုဒြာ)

Post Author: Ko Sai